သတင်း

“ဘူးလက်” လှဆွေကို ရှာမတွေ့သဖြင့် ရဲက ဝရမ်းပြန်အပ်

နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေသည် ယခုထိ ရှောင်တိမ်းနေဆဲဖြစ်သဖြင့် ရဲတပ်ဖွဲ့က အနောက်ပိုင်းခရိုင်တရားရုံးထံ ယနေ့ ဝရမ်းပြန်အပ်လိုက်သည်။

လက်ရှိအစိုးရအဖွဲ့ အကြီးအကဲများရုံးထိုင်သည့် နေရာများအပေါ် အမေရိကန်က “ဗုံးကြဲ” စေချင်ပြီး အစိုးရအဖွဲ့ဝင်များ “အကုန်လုံးသေပါစေ၊ အေးရော” ဟု ရန်ကုန်မြို့လယ် ဩဂုတ်လ ဟောပြောပွဲတစ်ခုတွင် ထည့်ပြောခဲ့သည့် အသက် ၅၉ နှစ်အရွယ် “ဘူးလက်” ဦးလှဆွေသည် အစိုးရ၏အမှုဖွင့်ခြင်းကို ခံရပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိရပေ။

ဦးလှဆွေ နေထိုင်သည့် ရန်ကုန်၊ နေပြည်တော်နှင့် ဂန့်ဂေါမြို့ သုံးနေရာစလုံးတွင် ၎င်းကို ရှာမတွေ့သဖြင့် ဝရမ်းပြန်အပ်ကြောင်း ဖမ်းဝရမ်းထုတ်သည့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ ဂန့်ဂေါမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးလှမောင်က ယနေ့ တင်ပြသည်။

ဦးလှဆွေကို ဖမ်းမမိသေးသည့်အတွက် အခြားသော တရားလိုသက်သေများကိုသာ နောက်ရုံးချိန်းများတွင် စစ်ဆေးသွားမည်ဟု အဆိုပါတရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

“ဝရမ်း အတည်မဖြစ်ကြောင်း ပေါ်လွင်အောင် စစ်ဆေးနေတဲ့ အဆင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ဆေးမည့်သူများမှာ ဦးလှဆွေနေထိုင်သည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန် မြောက်ဒဂုံမြို့သစ်တို့၏ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်ဟု ဦးမင်းသန့်က ပြောသည်။

ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်ရှိ ဦးလှဆွေ၏ ဒုတိယဇနီးနေထိုင်ရာ နေအိမ်နှင့် ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်၊ ပြည်ထောင်စုလမ်း၊ ၄၅ ရပ်ကွက်ရှိ ဦးလှဆွေ၏ ပထမဇနီး နေအိမ်များသို့ ရဲက ဝရမ်းဖြင့် ဝင်ရောက် ဖမ်းဆီးရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒုရဲမှူး လှမောင်က ရုံးတော်သို့ တင်ပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ထို့အပြင် ဦးလှဆွေ၏ အဆိုပါနေ့က ပြောဆိုချက်များတွင် အစ္စလာမ်ဘာသာကို ထိခိုက်စေသည်ဟုဆိုကာ အမှုဖွင့်ဖို့ ကျောက်တံတားမြို့နယ်တရားရုံးတွင် တိုင်ကြားခံထားရသေးသည်။

ဇူလိုင်လဆန်းပိုင်းကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်များကို ချိုးဖောက်သည်ဟုဆိုကာ ဦးရွှေမန်း၏ယာဉ်မောင်းက ဦးလှဆွေအပေါ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။

Show More

Related Articles

Back to top button