နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသော ဦးဝီရသူကို ရဲတပ်ဖွဲ့က ယနေ့ ဇွန်လ ၄ ရက်နေ့ထိ ရုံးတော်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် ဦးဝီရသူအား အနောက်ပိုင်းခရိုင်တရားရုံးက တရားခံပြေးအဖြစ် ယနေ့ ကြေညာလိုက်ပြီဖြစ်သည်။
၎င်းကို မူလအမှုဖွင့်ထားသည့် ရာဇသတ်ကြီးမှုအမှတ် ၄၇/၂၀၁၉ ကို ရာဇဝတ်အထွေထွေမှုအမှတ် ၃၉/၂၀၁၉ အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။
ယနေ့ရုံးချိန်းတွင် ရဲက ဦးဝီရသူကို ဖမ်းဆီး၍ အနောက်ပိုင်းခရိုင်တရားရုံးသို့ ခေါ်ဆောင်လာရမည်ဖြစ်သော်လည်း ရဲက ဖမ်းဆီးရမိခြင်း မရှိသဖြင့် တရားရုံးက ရာဇဝတ်အထွေထွေအမှုအဖြစ် ပြောင်းလဲဖွင့်ကာ ဖမ်းဆီးရာတွင် တာဝန်ရှိသူ မန္တလေးမြို့၊ အမှတ် ၇ ရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်ဝေလင်း၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့အရပ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းထွေး တို့ကို စစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဆရာတော် ဦးဝီရသူကို လူဝတ်လဲပြီး ဖမ်းဆီးနိုင်ရန် မဟာအောင်မြေ မြို့နယ်ရှိ မစိုးရိမ်ကျောင်းသစ်သို့ မြို့နယ်သံဃနာယကများနှင့်အတူ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ စခန်းမှူးများဖြင့် သွားရောက်ရှာဖွေခဲ့ပြီး ဦးဝီရသူကို မတွေ့ရှိခဲ့၍သာ မဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ရှိရင် တစ်ခါတည်း ဖမ်းဆီးမှာပါ။ ရန်ကုန်မှာရော မန္တလေးမှာရော ဖြန့်ပြီးတော့ လိုက်လံစုံစမ်း ရှာဖွေနေတာပါ။ ဝရမ်းထပ်ပေးထားတယ်။ ဒီကြားထဲမှာ တွေ့ရင် ရှာဦးမှာပဲ။ တွေ့ရင် ကျွန်တော်တို့က ဖမ်းမှာပဲ။ တရားရုံးကို ကျွန်တော်တို့က အပ်ရမှာ။ ကျွန်တော်တို့ကို ဝရမ်းထပ်ပေးထားတယ်။ ၁၁ ရက်နေ့ထိ။ အဲ့နေ့မှာ ရုံးချိန်းရှိတယ်” ဟု ပြောသည်။
ရာဇဝတ်အထွေထွေမှုဆိုသည်မှာ ရာပြေး၊ တရားခံပြေးအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး၊ တရားရုံးက ထိုသို့ တရားဝင်သတ်မှတ်လိုက်ပါက ဦးဝီရသူကို တွေ့ရှိသည့် တာဝန်သိ ပြည်သူများအနေဖြင့် ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းသို့ အပ်နှံနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ရှင်းပြသည်။
ဦးဝီရသူမှာ လူသေဆုံးမှုများဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းတွင် ပါဝင်မှုကြောင့် ဘာသာသာသနာညှိုးနွမ်းစေမှုပုဒ်မ အပါအဝင် ပုဒ်မပေါင်းများစွာဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရဖူးသူ ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာဖြင့် ထောင်မှ လွတ်ပြီးနောက် အမုန်းတရားဟောပြောမှုများ ပြုလုပ်မှုကြောင့် နာမည်ဆိုးဖြင့် ထပ်မံကျော်ကြားလာသော ဦးဝီရသူသည် လက်ရှိအစိုးရအဖွဲ့ကို အားလုံးသူခိုးတွေပဲဟု မကြာသေးမီက မြိတ်မြို့ဟောပြောပွဲတစ်ခုတွင် စွပ်စွဲပုတ်ခတ် ပြောဆိုခဲ့သည်။ လွန်ခဲ့သည့်လ ရန်ကုန်မြို့ဟောပြောပွဲတစ်ခုတွင်လည်း လွှတ်တော်တွင်းရှိ တပ်မတော်ကိုယ်စားလှယ်များကို မြန်မာပြည်သူလူထုက ဘုရားကဲ့သို့ ကိုးကွယ်သင့်ဟု ပြောဆိုမှုများကြောင့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထူ၏ ဝေဖန်မှုကို ခံနေရသည်။
ဇွန်လ ၃ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဦးဝီရသူကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ထပ်မံဆင့်ခေါ်ပြီး ဆုံးမဩဝါဒပေးမည်၊ ထိုကိစ္စသည် နိုင်ငံတော်ကြည်ညိုပျက်စေမှုဖြင့် ၎င်းအား တရားစွဲထားသည့် အခြေအနေနှင့် သီးခြားကိစ္စဖြစ်ကြောင်း၊ ဆင့်ခေါ်ပြီး ဆုံးမဩဝါဒပေးမှုကို လိုက်နာခြင်းမရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပါရှိသည်။
အစိုးရကို ပြင်းပြင်းထန်ထန် ပြောဆိုမှုများနှင့် ပတ်သက်ပြီး ဦးဝီရသူကို အရေးယူရန် အမှုတည်ဆောက်လျက်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနကလည်း တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းမင်းက ဦးဝီရသူ၏ မေလ ၅ ရက် ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံရှေ့ ဟောပြောချက်များမှာ အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားပြောဆိုသည့်အပြင် ဆဲဆိုခြင်းဖြစ်သည်ဟု စွပ်စွဲကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ခရိုင်တရားရုံးကို မေ ၂၈ တွင် ဦးတိုက်လျှောက်ထားခဲ့သည်။
ယင်းဦးတိုက်လျှောက်ထားမှုအတွက် တရားရုံးတော်က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးတော်ရှေ့မှောက်သို့ တင်သွင်းရမည်ဟု သတ်မှတ်ထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိ၍ တရားရုံးတော်က တရားခံပြေးအဖြစ် သတ်မှတ်ကာ ဖမ်းဝရမ်းအသစ်ထပ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။