သတင်း

NLDနှင့်ပြည်ခိုင်ဖြိုးတို့၏ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု မေ ၃၀ တွင် အမိန့်ချမည်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး တိုင်းလွှတ်တော် ကိုယ်စားလှယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ ကန့်ကွက်ခဲ့မှုကို ယခုလ ၃၀ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

မေလ ၂၄ ရက်နေ့တွင် ယင်းအမှုကို အပြီးသတ် လျှောက်လဲချက် တင်သွင်းပြီးဖြစ်၍ လာမည့် ကြာသပတေးနေ့ (မေ ၃၀) ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အတည်ပြုသည်။

ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးရုံးမှာ နိုင်ငံပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်း၊ ဘာသာရေးကို အခြေခံပြီး မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ အသုံးစရိတ်ကို တင်သွင်းရန် ပျက်ကွက်ခြင်း စသည့် အချက်များကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်း NLD လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက်အောင်၏ ရှေ့နေ  ဦးမောင်မောင်က ပြောဆိုသည်။

ပြည်ခိုင်ဖြိုးနှင့် NLDပါတီတို့ အကြား ရွေးကောက်ပွဲ အငြင်းပွားမှုကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးပါသည့် ခုံရုံးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးဘက်က ရှုံးနိမ့်ခဲ့ပါက တစ်လအတွင်း ကော်မရှင်သို့ ဆက်လက် အယူခံဝင်နိုင်သေးကြောင်း ၎င်းက ပြောသည်။ 

ကျွန်တော်တို့ဘက်ကပဲဖြစ်ဖြစ် သူတို့ဘက်ကပဲဖြစ်ဖြစ် ချလိုက်တဲ့ အမိန့်ကို ကိုယ်က မကြိုက်ဘူး မကျေနပ်ဘူးဆိုရင်တော့ ဥပဒေအရ ခွင့်ပြုထားတဲ့ ပုံစံအတိုင်း တက်ရတာပဲဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ပြိုင်ဘက် NLD အမတ်ကို ဆန္ဒမဲ ၁၅၉မဲ အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဦးနေမျိုးအောင်သည် လူဦးရေ သုံးထောင်အောက်သာ ရှိပြီး ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုများ နေထိုင်သည့် ထိုမြို့နယ်၏ မဲဆန္ဒနယ် () တွင် ခိုင်လုံမဲ ၅၁၅ မဲ ရရှိခဲ့ခြင်းဖြစ်သည်။

တရားရင်ဆိုင်နေရသော ဆိပ်ကမ်းမြို႔နယ် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုအမိန့်ချမည့် အကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ကြားရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို ယခုနှစ် ဇန်နဝါရီလက စတင်ပြီး နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ႔များတွင် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေအဖြစ် ၁၁ ဦးနှင့် တရားခံပြ သက်သေအဖြစ် ဦး ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေး ဒုတိယဝန်ကြီးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

 “ပြည်ခိုင်ဖြိုး အမတ်လောင်းနှင့် ရွေးကောက်ပွဲ ကာလ ငွေချေးလုပ်ငန်းဆောင်းပါး ကို ရွေးကောက်ပွဲကာလ အပြီးတွင် Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီး ထိုဆောင်းပါးရေးသားသူ သတင်းထောက်ကိုလည်း သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ ရွှေပြည်သာမြို့နယ်ဥက္ကဋ္ဌက ကုမ္ပဏီဒါရိုက်တာ တာဝန်ယူထားသည့် မေထွဋ်ငွေချေးလုပ်ငန်းက ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ချိတ်ဆက်ပြီး ဆိပ်ကမ်းမြို့နယ်တွင် ငွေချေးလုပ်ငန်းများ လုပ်ကိုင်ထားသည်ကို ထိုဆောင်းပါးတွင် ဖော်ပြထားသည်။

ထို့နောက် ဦးနေမျိုးအောင်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကာလက ဆိပ်ကမ်းမဲဆန္ဒနယ်မြေအတွင်း ငွေချေးငှားမှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈(က)ဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင်လည်း အမှုဖွင့်ခံထားရပြီး တရားရင်ဆိုင်နေရသည်။

အဆိုပါ ဥပဒေပုဒ်မ ၅၈ (က) တွင်ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်လည်း ကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လည်းကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းအမတ်ဟောင်း ဦးနေမျိုးအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး နောက်သုံးနှစ်အကြာ ၂၀၁၈ တွင် တိုင်းလွှတ်တော်ထဲ သို့ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button