၎င်းတို့ပိုင်ဆိုင်သည့်မြေကို တပ်မတော်ဘက်က ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကန့်ကွက်နေကြသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ဒေသခံ၂ဦးအား လုံခြုံရေးရဲများအား တိုက်ခိုက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယနေ့နံနက်တွင် ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
အသက် ၂၉နှစ်အရွယ် မသီတာအေးနှင့် ၃၈နှစ်အရွယ် မရီစိုးတို့အား ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး စံပြနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း စခန်းတာဝန်ကျ ရဲအရာရှိက ပြောသည်။
“အဲ့ဒီအမျိုးသမီးနှစ်ဦးက တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းကို မြေစာခဲနဲ့ ပစ်ပေါက်တာပေါ့ဗျာ။ အဲ့ဒါကြောင့် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို သာမန်နာကျင်စေမှုပုဒ်မနဲ့ ပြင်စာရဲစခန်းမှာ အမှုဖွင့်ပြီးတော့ ထိန်းသိမ်းထားပါတယ်”ဟု ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီလွင်က ပြောကြားသည်။
၎င်းတို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ဧပြီလ ၂၉ရက်နေ့နံနက်က ခြံစည်းရိုးခတ်လိုက်၍ ကန့်ကွက်နေကြသည့် ဒေသခံများအနက်မှ ၂ဦးဖြစ်သည်။
အခင်းဖြစ်ရပ်တွင်ရှိနေသူ တောင်သူ ဒေါ်ဝိုင်းကတော့ ရဲများသည် မြေသိမ်းသည်ကို ကန့်ကွက်သူ ၂ဦးအား အင်အားသုံးဖမ်းဆီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဒေသခံတောင်သူများက အငြင်းပွားနေသော မြေနေရာဖြစ်သည့်အတွက် ခြံစည်းရိုးခတ်ခြင်းကို ရပ်တန့်ထားရန် ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသော်လည်း တပ်ဘက်က မလိုက်နာဘဲ ခြံစည်းရိုးခတ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းကြောင့် တားဆီးရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။
တပ်ဘက်ကမူ ယင်းမြေနေရာကို နို့စားနွားမွေးမြူရေး စီမံကိန်းအတွက် ခြံစည်းရိုးကာခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
“ဒါတွေက ယခင်ကတည်းကလည်း တပ်မတော်ရဲ့စီမံကိန်းမြေနေရာတွေပဲ၊ အားလုံးက နိုင်ငံရေး ကာကွယ်ရေး လိုအပ်ချက်အတွက် ထိန်းသိမ်းထားတဲ့မြေ ဖြစ်တယ်”ဟု ခြံစည်းရိုးခတ်ရာတွင် ပါဝင်လုပ်ဆောင်နေသည့် ဗိုလ်မှူးကြီးအောင်နိုင်ဌေးက ဧပြီ ၂၉ တွင်ပြောကြားထားသည်။
အငြင်းပွားနေသည့် အဆိုပါမြေနေရာကို ဝင်ခွင့်မပေးတော့ဘဲ လုံခြုံရေးအင်အားများ ပိုတိုးချထားကာ ခြံစည်းရိုးများ ဆက်လက်ခတ်လျက်ရှိသည်။