အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်က မြေသိမ်းထား၍ဟုဆိုကာ ပြင်ဦးလွင်တွင် ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စုအတွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ်များလာရောက် သတ်မှတ်ကာ ၁၇၃ ဧက ကို ခြံစည်းရိုးခတ်ပြီးသိမ်းဆည်းခြင်းကို မကျေနပ်သည့်အတွက် တောင်သူအင်အား ၁၅၀ခန့်က ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်သူတို့က ‘ဒီမြေဟာဘယ်သူ့မြေလဲ’ ‘ငါတို့မြေ’ ‘စစ်တပ်ပိုင်မြေ ဟုတ်သလား’ ‘မဟုတ်ဘူး’ ‘(၁၂၁)မြေ ဟုတ်သလား’  ‘မဟုတ်ဘူး’  ‘ပြည်သူကိုအနိုင်ကျင့်သော (၁၂၁) ခုထွက်သွား’ အစရှိသည့် ဗီနိုင်များကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြကြသည်။

“၁၂၁တပ်က ကျွန်မတို့ဓားမဦးချ လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေတွေကို အတင်းအဓမ္မလာသိမ်းပါတယ်၊ ခြံစည်းရိုးခတ်ပါတယ်၊ ဘယ်ကသိမ်းခိုင်းလို့ သိမ်းတာလဲမေးတော့ အထက်ကပဲဖြေပါတယ်၊ ဘာစာရွက်မှ မပြနိုင်ပါဘူး”ဟု ဆန္ဒပြရာတွင်ပါဝင်သူ မခင်မာအေးက ပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်း ဧရိယာအဖြစ် နယ်နိမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ဧပြီလ ၂၉ရက်နေ့နံနက်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှု ဖြစ်နေခြင်းဖြစ်သည်။

ဒေသခံများနှင့် တပ်မတော်တို့ မြေယာအငြင်းပွားမှုများမှာ မြန်မာနိုင်ငံ နေရာ အတော်များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ၂၀၁၈ သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၏ တပ်ပိုင်မြေတွင် ခံလူးကျေးရွာမှ ဒေသခံများ လူနေအိမ်များ ဆောက်လုပ်၍ ကျူးကျော် နေထိုင်သည် ဟုဆိုကာ ဒေသခံ ၂၂ဦးကို တပ်မတော်က တရားစွဲဆိုထားသည်။

ယင်းအပြင် မြိတ်မြို့တွင်လည်း တပ်ပိုင်မြေအဖြစ် ကြေညာခဲ့ပြီး ထိုနေရာမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့မှုကို နေအိမ် မဖယ်ပေးသည့် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုတို့ဖြင့် ကိုမျိုးသူနိုင်ကို တပ်မတော်က တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တိုင်ကြားခဲ့ရာမှ တပ်မတော်က ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ထပ်မံ တရားစွဲဆိုထားမှုလည်း ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button