
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အရပ်သားများကို ပစ်ခတ်ဖမ်းဆီးမှုများနှင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အပါအဝင် အချက် ၄ ချက်ကို အစိုးရနှင့် တပ်မတော်က အမြန်ဆုံး ဖြေရှင်းပေးရန် သံဃာတော်များအပါအဝင် ရာနှင့်ချီသည့် ဒေသခံများက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါအချက် ၄ ချက်ကို ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ထံ မေ ၉ ရက်နေ့က စာပေးပို့ တောင်းဆိုထားပြီး မေ ၁၇ ရက်နေ့အထိ တုံ့ပြန်ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ယခုလို ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။
နေ့လယ် ၁ နာရီခန့်က စတင်သည့် အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ရွာကြီးတောင်ရပ်ကွက်ရှိ ဝင်္ကပါကွင်းမှစ၍ စစ်တွေမြို့တွင်း လှည့်လည်ခဲ့ပြီး စစ်တွေမြို့ခံများသာမက ရသေ့တောင်မြို့နယ်နှင့် အခြားမြို့နယ်အချို့မှ ဒေသခံများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် တောင်းဆိုချက်များပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်းမရှိသလို ကြွေးကြော်သံများလည်း မပါဝင်ပေ။
တပ်မတော်နှင့် ပတ်သက်သည်ဆိုသည့် အကြောင်းပြချက်ဖြင် ကြွေးကြော်သံ ၉ ချက်ထဲမှ အချက် ၃ ချက်ကို မြို့နယ်အာဏာပိုင်များက တားမြစ်ခဲ့သည့်အတွက် ကျန်သည့်ကြွေးကြော်များကိုလည်း မကြွေးကြော်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။

“ ဆန္ဒကို မဖော်ထုတ်ရရင် အဲဒီဆိုင်းဘုတ်တွေကိုင်လည်း အလကားပဲ ” ဟု ဆရာတော် ဦးစန္ဒာဝရက Myanmar Now ကို မိန့်သည်။
တားမြစ်ခံရသည့် ကြွေးကြော်သံ ၃ ချက်မှာ ‘ အပြစ်မဲ့ပြည်သူများ ညှဉ်းပန်းနှိပ်စက်ဖမ်းဆီးခြင်း ချက်ချင်းရပ် ’ ၊ ‘ သံသယဖြင့် မတရားဖမ်းဆီးခံရသူများ ချက်ချင်းလွှတ် ’ နှင့် ‘ မတရားသဖြင့် ပစ်ခတ်သတ်ဖြတ်သူ ဥပဒေအရ အရေးယူ ’ စသည့် အချက်များဖြစ်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ရခိုင်လူမျိုးများဦးဆောင်သော လက်နက်ကိုင်အဖွဲ့ထားရှိရန် တောင်းဆိုနေသော ရက္ခိုင့်တပ်တော် Arakan Army (AA) နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် ဧပြီလမှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
ထိုတိုက်ပွဲများတွင် AA သည် ရခိုင်ရွာများအတွင်း စိမ့်ဝင်ထိုးဖောက်ပြီး တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်လျက်ရှိသည်ဟု တပ်မတော်က ဆိုသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တပ်မတော်တပ်ရင်းများက ဝင်ရောက်စီးနင်းပြီး အရပ်သားများကို AA နှင့်ပတ်သက်ခြင်း ရှိမရှိ စစ်ကြောရေးများ ပြုလုပ်လျက်ရှိသည်။ ထိုဖြစ်စဉ်များတွင် အရပ်သားများ ထိခိုက်သေဆုံးနေခြင်းကို တားဆီးပေးရန် ယနေ့ စစ်တွေတွင် ဆန္ဒပြခဲ့သူများက လိုလားလျက်ရှိကြသည်။
စစ်တွေမြို့တွင်း လှည့်လည်ဆန္ဒဖော်ထုတ်ပြီးနောက် စုရပ်ဖြစ်သည့် ဝင်္ကပါကွင်းသို့ ပြန်လည်စုရုံးခဲ့ပြီး ဦးဆောင်ပုဂ္ဂိုလ်တချို့က နိုင်ငံတော်ကို တင်ပြထားသည့် အကြောင်းအရာ ၄ ချက်နှင့် ပယ်ချခံရသည့် ကြွေးကြော်သံများအကြောင်းကို ဟောပြောပြီး နေ့လယ် ၃ နာရီခွဲခန့်တွင် ဆန္ဒဖော်ထုတ်ပွဲကို အဆုံးသတ်လိုက်သည်။

ရခိုင်ပြည်နယ်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ ၃၇၀၀၀ ကျော် ရှိလာကြောင်း စစ်တွေအခြေစိုက် ရခိုင်စစ်ရှောင်များအရေး ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအစည်းအရုံး(REC) က မေ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ပြင်းထန်သည့်တိုက်ပွဲများသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား နှင့် မြောက်ဦးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများလည်း တိုးမြင့်လာသည်။
ဒီဇင်ဘာ ၂၁ ရက်က စတင်ခဲ့သည့် တပ်မတော်၏ ၄ လကျော်ကြာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုနှင့် ထပ်မံတိုးမြှင့်လိုက်သည့် သက်တမ်း ၂ လတွင်လည်း အရှေ့နှင့် အရှေ့မြောက်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ ခုသာ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ပါဝင်ခဲ့ခြင်း မရှိပေ။