သတင်း

တောင်ဒဂုံရှိ တားဆီးခံ အစ္စလာမ်ဝတ်ပြုဆောင်များ ပြန်ဖွင့်ခွင့်ရမရ မသေချာသေး

ယမန်နေ့ညပိုင်းက လူတစ်စု၏ လာရောက်တားဆီးခံခဲ့ရသည့် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ အစ္စလာမ်များ၏ ဥပုသ်ဝတ်ပြုဆောင် ၃ ခုတွင် ပြန်လည်ဝတ်ပြုဆုတောင်းခွင့် ရမရ မသေချာ မရေရာဘဲ ရှိနေသည်။

ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားသည့် တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်၊ ၁၀၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင် (၃) ခုတွင် ဝတ်ပြုဆုတောင်းမှုများကို ဆက်လက်ပြုလုပ်ရန် နှင့် လာရောက်နှောင့်ယှက်သူများအား တားဆီးရန် လုံခြုံရေးပေးမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးက ယနေ့နေ့လယ်ပိုင်းက နှုတ်ဖြင့် ကတိကဝတ်ပေးခဲ့ကြောင်း ဝတ်ပြုဆောင်တာဝန်ခံများနှင့် အစ္စလာမ်သာသနာရေးအဖွဲ့အစည်းများက ပြောသည်။

သို့သော် ယနေ့ည ၉ နာရီအထိ ယင်းနေရာသုံးခုစလုံးတွင် ဝတ်ပြုဆုတောင်းသည့်သူများ မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် Myanmar Now သတင်းထောက်က ပြောသည်။

၁၀၆ရပ်ကွက်ရှိ လူနေအိမ်တွင် ဖွင့်ထားသည့် ဝတ်ပြုဆောင်ရှေ့တွင် အစ္စလာမ်ဘာသာဝင်အမျိုးသား ၅၀ ခန့် စောင့်ဆိုင်းနေကြပြီး “လုံခြုံရေးပေးတာနဲ့ ဝတ်ပြုမယ်” ဟု ၁၀၆ရပ်ကွက်ရှိ ဝတ်ပြုဆောင်တာဝန်ခံ ဦးမြင့်စိုးက ပြောသည်။

အစ္စလာမ်ဘာသာဝင်များ၏ ရမ္မဇာန်ဥပုသ်လ ဉပုသ်ထွက်ချိန် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် နေရာများသို့ မျိုးချစ်ဟု အမည်ခံထားသူ လူအင်အား ၁၀၀ ကျော်က မေ ၁၅ ညပိုင်းတွင် လာရောက်ကာ တားဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့တွင် အမျိုးသမီး ၁၀ ဦးခန့်လည်း ပါဝင်ပြီး ကား ၁၀ စီး၊ ဆိုင်ကယ်အများအပြားဖြင့် လှုပ်ရှားခဲ့ကြပြီး အချို့မှာ ဓားများ ယူဆောင်လာကြသည်။

ရန်ကုန်တိုင်းအစိုးရဝန်ကြီးချုပ်ကို အသရေဖျက်မှုဖြင့် ထောင်ကျဖူးသည့် မိုက်ကယ်ကျော်မြင့် အပါအဝင် မျိုးချစ်ဆိုသူများက ဖိအားပေးခဲ့ပြီးနောက် ဝတ်မပြုပါဆိုသော ခံဝန်ကတိကို ဝတ်ပြုနေသူများက ကတိခံဝန်ချက် ထိုးပေးခဲ့ရသည်။ ယင်းနောက် ရုတ်တရက် ရောက်လာသည့် လူအုပ်စုသည် လူစုခွဲကာ ပြန်သွားခဲ့ကြသည်။

အဆိုပါ အဖြစ်အပျက်ကို ယနေ့တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်သာသနာအဖွဲ့အစည်း ၅ ဖွဲ့ကလည်း စုံစမ်းစစ်ဆေးပေးရန် နေပြည်တော်ရှိ အစိုးရအရာရှိများထံ စာရေးသား တိုင်ကြားထားကြောင်း အစ္စလာမ်သာသနာရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝဏ္ဏရွှေက ပြောသည်။

ယင်းမတည်မငြိမ်မှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ဝတ်ပြုဆုတောင်းပွဲများကို လိုက်လံနှောင့်ယှက်ခဲ့သူများအား အရေးယူထားခြင်း ရှိမရှိ မေးမြန်းရာ ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုဖွင့် အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက Myanmar Now ကို ပြောကြားထားသည်။

Show More

Related Articles

Back to top button