
ရွှေဘိုထောင် ဆူပူမှုဖြစ်စဉ်တွင် ထောင်ဆူပူနေပုံကို အကျဉ်းသားတစ်ဦးက လက်ကိုင်ဖုန်းမှတစ်ဆင့် လူမှုကွန်ရက်ပေါ် တိုက်ရိုက်လွှင့်တင်ခဲ့သည့်ဖြစ်စဉ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စုံစမ်းရန် မရှိသေးကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက Myanmar Nowကို ပြောသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထိုဖြစ်ရပ်သည် နိုင်ငံတကာ သတင်းမီဒီယာများအထိ ပျံ့နှံ့ခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်း အရေးယူရန် ရှိမရှိ သိလိုကြောင်း ဆွေးနွေးသွားသည့်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
“အကျဉ်းသားများ အကျဉ်းထောင်ထဲတွင် တရားဝင် ကိုင်ဆောင်ဖို့ ကန့်သတ်ထားသော ပစ္စည်းများကို ကိုင်ဆောင်နေခြင်းဟာ အကျဉ်းထောင်၏ အုပ်ချုပ်စီမံမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရှုထောင့်မှ ကြည့်ရင်လည်း သံသယဖြစ်ဖွယ် တွေ့ရှိရပါတယ်။ ဒါကို မည်ကဲ့သို့ စုံစမ်းအရေးယူမလဲ သိလိုပါတယ်။ နိုင်ငံတော် သမ္မတရုံးကလည်း ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ မရိုးသားမှုများ သံသယဖြစ်ဖွယ်များ ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖတ်ရှုရပါတယ်” ဟု ဒေါ်နီနီမေမြင့်က ဆွေးနွေးခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းသည် ပြည်ထဲရေးဝန်ကြီးဌာနက အရင်ဆုံး အရေးယူဆောင်ရွက်ရမည် ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက မကိုင်တွယ်နိုင်မှသာလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စဉ်းစား သုံးသပ်မည်ဟု ကော်မရှင်ပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုးက ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့တင်သွင်းသည့် ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးရာ ဒေါ်နီနီမေမြင့်က အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေအရ အကျဉ်းသားများလက်ထဲသို့ လက်ကိုင်ဖုန်း၊ ဘောပင်၊ မိုက်ခရိုဖုန်း စသည့် ပစ္စည်းများ ရောက်ရှိရန် မလွယ်ကူသော်လည်း ရွှေဘိုအကျဉ်းထောင် ဆူပူမှု ဖြစ်စဉ်တွင် အကျဉ်းသားက လက်ကိုင်ဖုန်းဖြင့် facebook လူမှုကွန်ရက်တွင် ထောင်ဆူပူပုံကို တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်ခဲ့ကြောင်း ဆွေးနွေးသည်။
မေလ ၈ ရက်နေ့ညမှစ၍ ၂၄ နာရီကြာ ဖြစ်ပွားခဲ့သည့် ရွှေဘိုထောင်ဆူပူမှုဖြစ်စဉ်တွင် Facebook Live လွှင့်ခဲ့သည့် စမတ်ဖုန်းကို အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက အကျဉ်းသားများအား နားလည်မှုဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုထောင်မှူး ဦးဇော်ထွန်းက အတည်ပြုပြီး ယင်းဝန်ထမ်းကိုလည်း ထိန်းသိမ်းထားကြောင်း ပြောသည်။
“(ရောင်းတဲ့ဝန်ထမ်းက ဘယ်သူဆိုတာ) သိပြီးပါပြီ၊ ဖုန်းကိုလည်း သိမ်းဆည်းပြီးပါပြီ” ဟု ရွှေဘိုထောင်မှူး ဦးဇော်ထွန်းက ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက ထောင်ရှေ့ရောက် သတင်းထောက်များကို ပြောသည်။
ဖုန်းရောင်းသည့် ဝန်ထမ်းသည် တပ်သားအဆင့် ဖြစ်ပြီး ထောင်တွင်း ဖုန်းဈေးကွက် မည်ကဲ့သို့ ဖြစ်ပေါ်ခဲ့သည်ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် ထိုဖြစ်စဉ်တွင် တိုက်ရိုက်လွှင့်တင်သူအပါအဝင် သုံးဦးကို အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ ကျခံရနိုင်သည့် တားမြစ်ပစ္စည်းဆိုင်ရာ အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၂ ဖြင့် အမှုဖွင့်ထားကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို ကိုးကားပြီး 7Day နေ့စဉ်သတင်းစာက ရေးသားထားသည်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ပေးအပ်သည့် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား ၂၀,၀၀၀ ကျော် ပြန်လည်လွှတ်ပေးခဲ့ရာတွင် မျှတမှုမရှိဟု ဆိုကာ မေလ ၇ ရက်နေ့မှစ၍ ဘားအံ၊ ကလေး၊ မြစ်ကြီးနား၊ ပုသိမ်၊ ထားဝယ်၊ သာယာဝတီနှင့် ရွှေဘိုအကျဉ်းထောင်များ၌ အကျဉ်းသား ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့်အနက် ရွှေဘိုထောင်ဆူပူမှုတွင် ရဲ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဉ်းသား လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။