သတင်း

ဇလုံတောင်ခြေတွင် အပန်းဖြေစခန်းလုပ်ကိုင်နေသည့် ကုမ္ပဏီနှင့် တိုင်းအစိုးရကို ဒေသခံများဆန္ဒပြ

ဘုရားဖူးခရီးသည်များ လာရောက်မှုများပြားသည့် ဗန်းမောက်မြို့ရှိ ဇလုံတောင်ခြေတွင် ကားဝင်းနှင့် အပန်းဖြေစခန်း လုပ်ကိုင်ခွင့်ပြုလုပ်သည့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို အလိုမရှိကြောင်း ဒေသခံများက ယနေ့နံနက်တွင် ဗန်းမောက်မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူတို့သည် ခမိုးကားဝင်းကုမ္ပဏီ ထွက်သွားရေး ဒို့အရေး၊ ခရိုနီစီးပွားရေး အလိုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ခမိုးကားဝင်းစီမံကိန်း ဖျက်သိမ်းပေး၊ ဒေသခံပြည်သူ အခွင့်အရေးရရှိရေး ဒို့အရေး၊ တာရိန်းကုမ္ပဏီနှင့် အပေါင်းအပါဝန်ကြီးများ အလိုမရှိ အစရှိသည့်ဗီနိုင်းများ ကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ဇလုံတောင်လမ်းဖွံ့ဖြိုးလာဖို့အတွက် ကျွန်မတို့မိဘတွေ၊ ရပ်ရွာကပြည်သူတွေက ထမင်းထုပ်တွေကိုယ်စီနဲ့ ချုံနွယ်တွေရှင်း လုပ်ခဲ့ရတယ်၊ ခုဖွံ့ဖြိုးလာရော ဒီကုမ္ပဏီကြီး ဝင်လာတယ်၊ တရားဝင်ဖြစ်သွားတယ်၊ သွေးချွေးတွေနဲ့ကြိုးစားခဲ့တဲ့ ဒေသခံတွေဟာ ဘာအကျိုးခံစားခွင့်ရှိမှာလဲ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဗန်းမောက်မြို့နယ် နောင်မဲ့လုံကျေးရွာ မှ မစိုးမြတ်သူဇာက ပြောသည်။

အဆိုပါကုမ္ပဏီသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်းက စတင်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က လာရောက်ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

“ဒေသဖွံ့ဖြိုးရေးတော့ ဘာမှလုပ်မပေးဘူး၊ ကားတစ်စီးရပ်နားရင် ၆၀၀၀ ကောက်တယ်၊ ဆိုင်ခန်းခတွေလည်း တောင်းတယ်၊ အချို့က မပေးနိုင်ကြဘူး၊ ကျွန်မတို့ အဲဒီလိုပေးလိုက်လို့ ဒီကုမ္ပဏီက တံတားတွေ ဆောက်ပေးမလား၊ ကားလမ်းတွေ ဖောက်ပေးမလား၊ ဒေသဖွံ့ဖြိုးရေး ဘာလုပ်ပေးလဲ မေးချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအစိုးရသည် အဆိုပါ ခမိုးကားဝင်းကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို တိုက်ရိုက်လုပ်ပိုင်ခွင့် ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ အဆိုပါ ဗန်းမောက်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေက “တင်ဒါမခေါ်ဘဲ တိုက်ရိုက်လုပ်ပိုင်ခွင့် ပေးလိုက်တယ်ဆိုတာ ဟုတ်ပါတယ်၊ တိုင်းအစိုးရက လုပ်ပိုင်ခွင့် ပေးလိုက်တာပါ၊ ဘာလို့ပေးလိုက်တာလဲဆိုတော့ ယခင်နှစ်ခရီးသွားရာသီမှာ ဧည့်သည်တွေ များလာတဲ့အတွက် အစိုးရက ပိုပြီးအဆင်ပြေအောင်လို့ စီစဉ်လိုက်တာပါ” ဟု ရှင်းပြသည်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နှင့် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို အလိုမရှိကြောင်း ဒေသခံများက ယနေ့နံနက်တွင် ဗန်းမောက်မြို့အတွင်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

မွန်ပြည်နယ်မှ ကျိုက်ထီးရိုး ဆံတော်ရှင်ကဲ့သို့ သဘာဝနှင့် တောတောင်ရေမြေ သာယာ လှပမှုများ ဆင်တူနေသော ဇလုံတောင်တော်မှာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မှ (၁၅)မိုင်၊ (၂)ဖာလုံ ခန့်အကွာ သစ်တောအလယ်တွင် တည်ရှိကာ နှစ်စဉ်ဆောင်းရာသီနှင့် နွေရာသီကာလ၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ လာရောက်ဖူးမြော်ကြသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT)မှ ဘဏ္ဍာရေးမှူး ကိုချစ်ပိုက ခရီးသွားဧည့်သည်များသည် ယခင်က CBT မှ စီစဉ်ထားသည့် မြေနေရာတွင် အခမဲ့ ယာဉ်ရပ်နားရပြီး ရန်ပုံငွေအဖြစ် ၁၀၀၀ကျပ်သာ ပေးဆောင်ရကြောင်း၊ ကုမ္ပဏီရောက်ရှိလာပြီးသည့်နောက်တွင် CBT ၏ အခမဲ့ယာဉ်ရပ်နားစခန်းသို့ ဧည့်သည်များ မလာရောက်တော့ကြောင်း ရှင်းပြသည်။

“CBTဟာ အစိုးရကဖွဲ့ပေးတဲ့ အဖွဲ့ပါ၊ သူတို့ပထမတုန်းက ဦးစီးပေးခဲ့တယ်။ ခုတော့ သူတို့ဖော်ဆောင်တဲ့လုပ်ငန်းကို သူတို့ပစ်ထားပါတယ်၊ ကျွန်တော်တို့ဆီ ကားတွေလည်း မရပ်နားတော့ပါဘူး၊ ဝန်ထမ်းတွေ လခပေးဖို့ကို ခက်ခဲနေပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိသည့် တိုင်းအစိုးရကို အရေးယူပေးရန် ဇလုံတောင်တက်ကားအသင်းမှ နိုင်ငံတော်သမ္မတထံ တိုင်ကြားထားကြောင်း ၎င်းတို့ထံမှ သိရသည်။

Show More

Related Articles

Back to top button