သတင်း

AAနှင့်တိုက်ပွဲတွင် အတွဲလိုက်ဒုံးများ အသုံးပြုကြောင်း တပ်မတော်ပြောကြား

ရန်ကုန်၊ ဧပြီ ၂၉ – ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် တပ်မတော်မှ ပေါက်ကွဲအားပြင်းထန်သည့် အတွဲလိုက်ဒုံးများ အသုံးပြုခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က Myanmar Now သို့ ပြောကြားသည်။

ရသေ့တောင်မြို့နယ် ရေဆိုးချောင်းကျေးရွာအရှေ့ဘက်ရှိ လောရမတောင်တန်းများအနီးတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က တပ်စခန်းများ တည်ဆောက်ရန် ကြိုးစားနေသောကြောင့် တပ်မတော်မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း ပေါက်ကွဲအားပြင်းထန်သည့် Multiple Rocket Launcher System(MRLS) ဟု ခေါ်သည့် အတွဲလိုက်ဒုံးများကို အသုံးပြုခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

“ ကျွန်တော်တို့ သုံးတယ်လို့ ပြောလို့ရပါတယ်။ သုံးပါတယ်၊ MRLS သုံးတဲ့ဟာ ရှိပါတယ်။ သောကြာနေ့လား စနေနေ့လား တစ်ရက်ရက်တော့ သုံးပါတယ် ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ပစ်ခတ်သည့်နေရာမှာ ရပ်ရွာများနှင့် ဝေးပြီး ရန်သူ့စခန်းရှိသည့်နေရာကိုသာ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့အခြေစိုက် သနေင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ကို တည်ထောင်သူ ဦးနိုင်ဆွေဦးက ၁၂၂ မီလီမီတာရှိသည့် အဆိုပါလက်နက်တွင် ပြောင်း ၄၀ ပါဝင်းပြီး ဒုံးအစင်း ၄၀ ကို တစ်စင်းချင်းသော်လည်းကောင်း အတွဲလိုက်သော်လည်းကောင်း ပစ်ခတ်နိုင်ပြီး ဧရိယာကျယ်ပြန့်သည့် နေရာများကို တိုက်ခိုက်ရာတွင် အသုံးပြုလေ့ရှိကြောင်း ရှင်းပြသည်။

“ သုံးတယ်လို့တော့ ကြားဖူးတယ် ဘယ်မှာသုံးတယ်ဆိုတာမသိတော့ ဒါကိုပဲ ပထမဦးဆုံးလို့ ယူဆလို့ရတယ် ” ဟု ဦးနိုင်ဆွေဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အဆိုပါ လက်နက်စနစ်မျိုးအပြင် ၂၄၀ မီလီမီတာ MRLS များလည်း ရှိနေပြီး မည်သည့်စနစ်ကို အသုံးပြုသွားကြောင်း မသိရသေးဟု ၎င်းက ပြောသည်။

အဆိုပါ လောရမတောင်တန်းအနီး တိုက်ပွဲနှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းခေါ်ဆို၍ မရပေ။

အဆိုပါတိုက်ပွဲအတွင်း ခြေလျင်အကူပစ် လက်နက်ကြီး အမြောက်အမြားသုံးစွဲခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာမှ AA လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေသည်ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည်။

အဆိုပါ အတွဲလိုက်ဒုံးများမှာ ၁၂၀ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများထက် ယမ်းပေါက်ကွဲအား ပိုမိုပြင်းထန်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

တပ်မတော်က ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းပေးရန်နှင့် ဆက်လက်ပြီး တိုက်ခိုက်နေပါက လုပ်သင့်လုပ်ထိုက်သည်များကို ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့က ဧပြီ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့က မိတ္ထီလာတပ်နယ်တွင် ပြုလုပ်ခဲ့သော တပ်မတော်(ကြည်း)(လေ)၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုတွင် အဆိုပါ အတွဲလိုက်ဒုံးများဖြင့် ပစ်မှတ်များကို ပစ်ခတ်လေ့ကျင့်မှုများ ထည့်သွင်းပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Show More

Related Articles

Back to top button