သတင်း

ဝါးခယ်မ အချုပ်သား သေဆုံးမှုကို လူ့အခွင့်အရေးကော်မရှင် ကိုင်တွယ်

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသော အချုပ်သားတစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိသူတို့ကို စစ်ဆေးအရေးယူရန်  ပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်သည်။

မြစ်ကလေးကျေးရွာမှ ဦးကျော်အေး မူးယစ် ရမ်းကားနေသဖြင့် ဝါးခယ်မ ရဲစခန်းတွင် ထိန်းသိမ်းထားရာမှ ချုပ်နှောင်ခံရမှု တစ်ပတ်အကြာ မတ် ၂၇ ရက်နေ့တွင် ဦးခေါင်းဒဏ်ရာများနှင့် သေဆုံးသွားမှုကို ကော်မရှင်က သွားရောက် စစ်ဆေးပြီး သတင်းထုတ်ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်အကြောင်းကို အင်တာနက် လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြပြီး နောက်ပိုင်းတွင် ကော်မရှင်က ဧပြီ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးပြီး အမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသူ ၁၆ ဦးကို တွေ့ဆုံ မေးမြန်းခဲ့သည်ဟု ဆိုသည်။

အချုပ်သားများ၊  ရဲတပ်ဖွဲ့ဝင်များက ဦးကျော်အေးသည်   အရက် မသောက်ရသဖြင့် နေမထိ ထိုင်မသာ ဖြစ်ကာ  သံတိုင်များကို ခေါင်းနှင့်ဆောင့်ခြင်း၊ သံတိုင်များပေါ် ခိုတက်စဉ်ပြုတ်ကြခြင်းတို့ကြောင့် ဒဏ်ရာများရရှိကာ သေဆုံးသည်ဟု ထွက်ဆိုကြကြောင်း  ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။

သေဆုံးသည့် ဖြစ်စဉ်ကို ကာယကံရှင်၏ မိသားစုဝင်များထံ  အချိန်မီ မရှင်းပြနိုင်ခြင်း၊  ရဲလုပ်ငန်းစဉ်များကို ပြည့်စုံစွာ ဆောင်ရွက်မထားခြင်းတို့ကြောင့် ရဲစခန်းမှ တာဝန်ရှိသူတို့ကို အရေးယူသင့်သည်ဟု  အကြံပေးခြင်း ဖြစ်ကြောင်း ကော်မရှင်က မှတ်ချက်ပေးသည်။

ရဲအချုပ်တွင် ထိန်းသိမ်းခံရစဉ် ဒဏ်ရာရ သေဆုံးမှု အရေအတွက်မှာ ဧရာဝတီတိုင်းဒေသကြီးသည် အခြားဒေသများထက် ပိုများနေကြောင်း ကော်မရှင်က ပြောသည်။

ကော်မရှင်က ကိန်းဂဏန်း အချက်အလက် အတိအကျကို ထုတ်ဖော် ပြောကြားရန်မှာ ယခု သတင်းတင်ပြချိန်အထိ အဆင်သင့် မဖြစ်သေးပေ။

ဆက်စပ်သတင်းများ

ဒေးဒရဲမြို့နယ် ရဲစခန်းတွင် သေဆုံးမှု

လှိုင်သာယာမြို့နယ် သေဆုံးမှု

သန်လျင်မြို့နယ် သေဆုံးမှု

ပြည်ကြီးတံခွန်မြို့နယ် သေဆုံးမှု

Show More

Related Articles

Back to top button