သတင်း

ပစ်သတ်ခံရသူ အရပ်သား ၇ ဦး အတွက် တပ်ကို သိန်း ၇ဝဝ လျော်ကြေးတောင်း

ဧပြီ ၅ ရက်နေ့က တပ်မတော်သား တပ်ပြေး နှစ်ဦးက  ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှ အရပ်သား ၇ ဦးအတွက် တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ နှုန်း လျော်ကြေး ရလိုကြောင်း မိသားစုဝင်များက ယနေ့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တောင်းဆိုလိုက်သည်။

တပ်မတော်မှ တပ်သား မြင့်ဝင်းနှင့် တပ်သား ငြိမ်းချမ်းတို့သည် အနန်းကွင်းကျေးရွာမှ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်ကြသည့် မိသားစုထံ ဧပြီ၅ရက် နံနက် ၃နာရီခန့် တွင်ရောက်ရှိလာကာ  ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ် ယူဆောင် ထွက်ပြေးသွားကြောင်း စွပ်စွဲခံထားရသည်။

သေဆုံးသူများ၏ ဖခင်နှင့် အဘိုးတော်စပ်သည့် ဦးသန်းရွှေက သူ၏ မိသားစုဝင်များနှင့် သေနတ်သမားများသည် မည်သည့်ရန်ငြိုးရန်စမျှမရှိကြောင်း၊ သတင်းများ ထွက်ပေါ်နေသလို ဆိုင်ကယ်ငှားရမ်းရန် ငြင်းဆန်ခြင်းကြောင့် သတ်ဖြတ်ခံရခြင်းလည်း မဟုတ်ဘဲ အကြောင်းမဲ့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

ကျွန်တော့်ကလေးတွေက စစ်မြေပြင်မှာသေသွားတာမဟုတ်ဘူး ဟု ၎င်းက ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ယင်းဖြစ်ခတ်မှုအတွင်း ဦးသန်းရွှေ၏ သားများဖြစ်သည့် ဦးစောနောင်၊ ဦးစိုးနောင်၊ ဦးမျိုးနောင်၊ ချွေးမ မိရှမ်း(ခ)နွယ်နီမြင့် နှင့် မြေးများဖြစ်သည့် အသက် ၁ နှစ်အရွယ် လို့ကားရား(ခ) ရွှန်းသဒ္ဒာမောင်၊ အသက်(၃)နှစ်အရွယ် ဝါချီဒါး(ခ)ဖြူစင်မော် နှင့် အသက် ၉ နှစ်အရွယ်ရှိ အနက်(ခ)ကောင်းခန့်ကိုတို့ သေဆုံးခဲ့ရသည်။ ယင်းအပြင် အမျိုးသမီးတစ်ဦးသည် ကျည်ဆန်ထိမှန်ခဲ့ပြီး မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည်။

သေဆုံးသူများ၏ မိသားစုဝင်များ၏တောင်းဆိုမှုကို မသိရှိသေးကြောင်းနှင့် အမှန်တကယ်တောင်းဆိုလာပါက အထက်ကို တင်ပြပေးသွားမည်ဖြစ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေမှ တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောသည်။

တပ်သား နှစ်ဦးကို  ဧပြီ ၅ ရက် နှင့် ၆ ရက် တို့်တွင် ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့အား လူသတ်မှု သံသယဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး အခြေစိုက် စစ်ဗျူဟာ တပ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း၊ တပ်မတော်  အက်ဥပဒေ ပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးသို့ လွှဲပြောင်း စီရင်စေမည်ဟု ၎င်းကပြောသည်။

 

Show More

Related Articles

Back to top button