သတင်း

မူးယစ်သတင်းမှားပေးသူကို အရေးယူရန် သမ္မတထံ တိုင်ကြား

ပဲခူးမြို့တွင် နေထိုင်သူ ဦးဇော်မင်းက ၎င်း၏အိမ်သို့ နေပြည်တော်မူးယစ်တပ်ဖွဲ့ ရုတ်တရက်ရောက်လာပြီး ရဲအင်အားအများအပြားဖြင့် စစ်ဆေးရှာဖွေသွားသည့် ဖြစ်ရပ်အတွက် မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေသဖြင့် မဟုတ်မမှန် သတင်းပေးတိုင်တန်းသူကို အရေးယူပေးရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံ့ခေါင်းဆောင်များထံ စာပို့ တိုင်ကြားလိုက်သည်ဟု သိရသည်။

မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းက မဇင်းရပ်ကွက်၊ ဒိုဘီတန်းလမ်းရှိ ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ဝင်ရောက်ရှာဖွေစဉ် မိသားစုဝင်များ သေနတ်ဖြင့် အထောက်ခံရသည်ဟု ဆိုသည်။

“သူတို့က လက်နက်တွေနဲ့ ထောက်ထားတာ။ ခင်ဗျားတို့ လက်နက်တွေနဲ့ ထောက်စရာ မရှိဘူးလို့။ ကျွန်တော်ပြောလို့ လက်နက်နဲ့လည်း မထောက်ရော (သားကို) ဟေ့ကောင် လမ်းထိပ်ကို သွားပြောပြလိုက်၊ လက်ဖက်ရည်ဆိုင်ကိုလို့။ ကလေးက အော်ပြီး ပြေးတာပေါ့၊  သားတို့အိမ်မှာ မူးယစ်ဆေးဝါးမလုပ်ဘဲနဲ့ ရဲတွေ ဝိုင်းထားတယ်ဆိုပြီး။ သူတို့က နင် ဘာလို့အော်တာလဲ ဆိုပြီးတော့ လက်ထိတ်ခတ်ပြီး တားထားလိုက်တယ်။ ကျွန်တော့်သားကို လမ်းလယ်မှာ လက်ထိတ်ခတ်ထားတာ” ဟု ဦးဇော်မင်းက ပြောသည်။

နေအိမ်တွင် ဥပဒေနှင့် ငြိစွန်းသော မည်သည့်ပစ္စည်းမျှ ရှာမတွေ့သော်လည်း တောင်းပန်စကားပြောကြားခြင်းမရှိကြောင်း၊ ရဲမှူးများ လာရောက်စစ်ဆေးသည့်အတွက် ဂုဏ်ယူရမည်ဟုသာ ပြောသွားကြောင်း သိရသည်။

ထိုသို့ ရှာဖွေရေးလုပ်ကိုင်စဉ် လက်ထိတ်ခတ်သည့် ဖြစ်ရပ်မှာ အငြင်းပွားစရာဖြစ်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“တာဝန်ထမ်းဆောင်တဲ့သူတွေ အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်ဆိုရင်တော့လည်း လုပ်တော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ လူလယ်ကောင်မှာ လုပ်တာမျိုးကျတော့ မကောင်းဘူးပေါ့” ဟု ဦးယုလွင်အောင်က မှတ်ချက်ပြုသည်။  

မူးယစ်တိုင်ကြားရေးဌာန

ရဲတပ်ဖွဲ့ဝင်တို့ ရောက်သွားသည့် အိမ်များတွင် မဟာမြိုင်ရပ်ကွက် ဦးဖိုးကျော်၏ နေအိမ်လည်း ပါဝင်သည်။

ရှာဖွေခံရမှုအတွက် ကျေနပ်မှုမရှိဟု ၎င်းက ဆိုသည်။

“ကျွန်တော့်အိမ်လည်း အဲဒီလိုပဲ။ ဘာမှ မသိဘဲနဲ့ ဗြုန်းဒိုင်းကြီး ရောက်လာပြီးတော့ ဗြုန်းဒိုင်းကြီး ဒီလိုလုပ်ခံရတာ။ ဒီလိုတိုင်း ဖုန်းနဲ့ တိုင်တိုင်း၊ စာနဲ့ တိုင်တိုင်းသာ ဝင်စစ်မယ်ဆို ရပ်ကွက်မှာရှိတဲ့ သိက္ခာပိုင်းဆိုင်ရာတွေ အများကြီး စကားပြောတယ်လေ” ဟု ၎င်းက ပြောသည်။

မမှန်သတင်းပေးသူ မည်သို့အရေးယူခံရမည်ကို သိလိုသည်ဟု ၎င်းက ဆိုသည်။

ထိုနေ့က ပဲခူးတွင် အခြားနေအိမ်တချို့လည်း မူးယစ်ဆေးရှာဖွေခံခဲ့ရသည်ဟု ဆိုသည်။

နေပြည်တော်ရှိ မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်သမ္မတရုံး၊ မူးယစ်ဆေးဝါးအထူးသတင်း တိုင်ကြားရေးဌာနသို့ ဆက်သွယ်သတင်းပေးသူများနှင့် ပတ်သက်ပြီး အထူးလျှို့ဝှက်ထားရသည်ဟု ပြောသည်။ သတင်းပေးသူရှိလျှင် ရဲတပ်ဖွဲ့က တာဝန်အရ သွားရောက်စစ်ဆေးရမည်ဟု ၎င်းက ဆိုသည်။

ဖမ်းမိ မူးယစ်ဆေးတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို သတင်းပေးသူက ရမည်၊ ရှာဖွေသိမ်းဆည်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များက ၂၀ ရာခိုင်နှုန်းရရှိမည်ဟု သမ္မတ ဦးဝင်းမြင့်က မူးယစ်တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားထားသည်။

ယမန်နှစ်က ပေါ်ပေါက်လာသော အထူးတိုင်ကြားရေးဌာနသို့ ဖုန်းဆက်၊ အီးမေးလ်ပို့၊ ဖက်စ်ပို့သည့်နည်းများဖြင့် တိုင်ကြားနိုင်သည်။

မမှန်သတင်းပေးသူကို ကိုင်တွယ်ခြင်း၊ ဖမ်းဆီးရမိမှုများအတွက် ဆုချခြင်းတို့နှင့် ပတ်သက်ပြီး နေပြည်တော်သို့ ဆက်သွယ်မေးမြန်းရာ ပြောခွင့်ရအရာရှိတစ်ဦးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတအိမ်တော်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် လာရောက်မေးမြန်းရန်သာ ဖြေကြားသည်။

မူးယစ်ရှာစဉ် ချဲစာရွက်မိ

ထို့နေ့နံနက်ပိုင်း ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပဲခူးမြို့နယ် ရဲစခန်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတို့ကို ဆက်သွယ်မေးမြန်းရာ ဖုန်းဖြင့် ဖြေကြားခြင်း မပြုနိုင်ဟု ဆိုကြသည်။

ထိုနေ့က ရပ်ကွက်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိခြင်း မရှိဟု မဇင်းရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က ပြောသည်။

“ကျွန်တော့် ရာအိမ်မှူးတွေဆီက သိရတာက ရဲအင်အား လေးငါးဆယ်လောက် ရှိတယ် ပြောတယ်။ မူးယစ်မမိတာ တစ်ခုပဲ” ဟု ဆိုသည်။  

ဦးဇော်မင်း၏ နေအိမ်သို့ နေပြည်တော်မူးယစ်တပ်ဖွဲ့က သွားရောက်စစ်ဆေးသည့် မှတ်တမ်းရုပ်သံတစ်ခုတွင် ရဲအရာရှိတို့က သူ့ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည်ဟု သတင်းပေးသူရှိ၍ လာရောက်စစ်ဆေးခြင်းဖြစ်ကြောင်း ပြောဆိုသည်ကို တွေ့ရသည်။

ဦးဇော်မင်းက ရဲတပ်ဖွဲ့ဝင်တို့ကို ရှာဖွေရေးလုပ်ငန်းများ ချက်ချင်းလုပ်ခွင့် မပြုပေ။

ရှာဖွေစဉ် သက်သေအနေဖြင့် လာရောက်ကြည့်ရှုစေလိုသည် ဆိုသောကြောင့် ဦးဇော်မင်း၏ အိမ်သို့ လိုက်သွားခဲ့ရသည်ဟု ရာအိမ်မှူး ဦးဝင်းကိုက ပြောသည်။

“သူကလည်း အဲ့ဒီအလုပ်တွေ လုပ်မစားဘဲနဲ့ ဆေးတွေဘာတွေ ပါပြီးတော့ လုပ်ကြံမှာကို ကြောက်တာပေါ့ဗျာ။ ကျွန်တော်လည်းလာရော ကိုဇော်မင်းက အရှာခံတယ်။ ဒါပေမဲ့လည်း သူလည်း ရှက်တာပေါ့ဗျာ။ ရပ်ကွက်ထဲမှာ ဘာမှလည်း မလုပ်ဘဲနဲ့ အဲဒီလိုမျိုး ဝင်ရှာတယ်ဆိုတော့ ပတ်ဝန်းကျင်နဲ့ နေတော့ သိက္ခာကျတာပေါ့” ဟု ရာအိမ်မှူးက ဆိုသည်။

ဦးဇော်မင်းသည် မုန့်ကားမောင်းသည့် အလုပ် လုပ်ကိုင်ကြောင်း၊ ပရဟိတလူနာတင်ကားမောင်းရာတွင်လည်း ကူညီလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။  

ရဲအရာရှိများ ထိုနေ့နံနက်က ပဲခူးတွင် ရှာဖွေရေးပြုလုပ်စဉ် နေအိမ်တစ်အိမ်တွင် ချဲထီလောင်းကစားမှုနှင့် သက်ဆိုင်သော စာရွက်တချို့တွေ့ခဲ့ကြောင်း၊ ထိုစာရွက်ပိုင်ရှင်ကို ခံဝန်ရေးထိုးစေခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button