အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျူးကျော်ရပ် မီးဘေးသင့်သူများ ရန်ကုန်ဝန်ကြီးချုပ်နှင့် တွေ့ရန် ကြိုးစား

ရန်ကုန်၊ လှိုင်သာယာမြို့နယ် ကျူးကျော်ရပ်ကွက်တစ်ခုမှ  မီးဘေးသင့် ပြည်သူ အများအပြား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ ရောက်နေပြီး ဝန်ကြီးချုပ်နှင့်တွေ့ခွင့် ရရန် ကြိုးပမ်းနေသည်ဟု ၎င်းတို့က ဧပြီ ၈ ရက်နေ့တွင် ပြောသည်။

မတ်လ ၉ ရက်နေ့က ပန်းလှိုင် ဂေါက်ကွင်းအနီး ညောင်ရွာ မီးလောင်မှု ဖြစ်ပြီး ထိုနေရာတွင် ပြန်လည်နေထိုင်ခွင့် ရရေးအတွက် မီးဘေးဒုက္ခသည် ၅ဝ ခန့်က  ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တွေ့ဆုံပြီးဖြစ်သော်လည်း တိကျသည့် ဖြေရှင်းပေးမှု မရခဲ့ဟု မီးဘေးသင့်သူတစ်ဦးဖြစ်သည့် မဝါဝါထွန်းက ပြောသည်။

“ဝန်ကြီး လာသွားတယ်။ လာနားထောင်ပြီး စိတ်မကောင်းဘူးပြောသွားတယ်။ အထက်ကို စာတင်ပေးမယ် ဆိုပြီ နိဂုံးချုပ်သွားတယ်။ တချို့ဆို ငတ်နေတဲ့ရက်တွေတောင် များနေပြီ။ တွေ့ခွင့်မရမချင်းတော့ ဒီမှာပဲ ထိုင်စောင့်နေမှာပဲ” ဟု  ၂၈ နှစ်အရွယ် မဝါဝါထွန်းက ပြောသည်။

ဓာတ်ဆီဆိုင်တစ်ဆိုင်မှ အစပြုသော မီးကြောင့် အိမ် ၁၀၀ ကျော် လောင်ကျွမ်းပျက်စီး၊  အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ   ၄၀၀ ကျော် ရှိပြီး ၎င်းတို့သည် အနီးရှိ   အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခဲ့ကြသည်။

နောက်ပိုင်းတွင် ပန်းလှိုင်ဆေးရုံအနီးရှိ အခြား ဘုန်းကြီးကျောင်းတစ်ကျောင်းဝန်းကျင်သို့ ရောက်သွားပြီး ယာယီတဲများ ထိုးကာ နေထိုင်နေကြသည်မှာ ရက်ပေါင်း ၂၀ ကျော်ပြီ ဖြစ်သည်။

မီးသင့်မြေဧရိယာအများစုမှာ စည်ပင်သာယာပိုင်ဖြစ်ကြောင်း၊ ယခုအခါ ထိုနေရာတွင် ကျူးကျော် နေထိုင်ခြင်း မပြုရန် တားမြစ်ကြောင်း သတိပေးဆိုင်းဘုတ်များကိုလည်း ထင်ထင်ရှားရှား တွေ့ရသည်။  

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မီးလေင်မြေတွင် ဝင်ရောက်နေထိုင်မည့်သူတချို့ကို တုတ်၊ ဓားကိုင် ဒေသခံတို့က ခြိမ်းခြောက်နှင်လွှတ်ကြသည်ဟု မီးဘေးသင့်သူတစ်ဦးဖြစ်သည့် မခိုင်လေးက ပြောသည်။

“ကျွန်မတို့တဲတွေကြောင့် ရွာမလှဘူး ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲ ကူစရာရှိရင်လည်း ကျွန်မတို့ ဝိုင်းကူတာပါပဲ။ မီးမလောင်ခင်တုန်းကလည်း ကျွန်မတို့ အုပ်ချုပ်ရေးမှူးဆီ အဲ့ဒီဓာတ်ဆီဆိုင်ကို (အရေးယူပေးဖို့) သွားတိုင်ကြတာပဲ၊ အရေးမှ မယူတာ” ဟု မခိုင်လေးက ဆိုသည်။

ကျူးကျော်အများစုမှာ ဧရာဝတီတိုင်းဒေသကြီးအပါအဝင်  အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြစ်သည်။

မီးဘေးသင့်သူအများစုသည် တခြားမြို့များ၊ နီးစပ်ရာ ဆွေမျိုးများထံ သွားရောက်နေထိုင်ကြသော်လည်း ခိုလှုံရန် နေရာ ခက်ခဲနေသူတို့တွင် စားဝတ်နေရေး ပြဿနာ ပိုမို ကြီးမားနေသည်။ 

မီးဘေးသင့်မိသားစုတိုင်း   ကနဦးထောက်ပံ့ငွေ ကျပ် ၁၈၀,၀၀၀ ကျပ် စီ ရရှိခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button