သတင်း

မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆမြင့်တက်နိုင်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း 

စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးသည် လက်ရှိဘဏ္ဍာနှစ်၌ပင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဖြစ်ကာ ဆင်းရဲနွမ်းပါးသူဦးရေမှာလည်း နှစ်ဆမြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ (ဇူလိုင် ၂၆) ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဆိုခြင်းကြောင့် ကိုဗစ်ကပ်ရောဂါမတိုင်မီနှင့် အာဏာမသိမ်းမီက စီးပွားရေးပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျင်မြန်စွာမြင့်တက်လာနေသော ကိုဗစ်တတိယလှိုင်းကူးစက်ပြန့်ပွားမှုကြောင့် ယခင်ကပင် အားနည်းနေခဲ့သည့် မြန်မာ့စီးပွားရေးမှာ ဆိုးဆိုးရွားရွားဖြစ်လာကာ အလုပ်အကိုင် တစ်သန်းခန့်ဆုံးရှုံးနိုင်ပြီး လာမည့်နှစ်ဆန်းပိုင်း ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆမြင့်တက်နိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးခြင်းနည်းတူ ကျန်းမာရေးနှင့် အစားအစာ ဖူလုံမှုမရှိခြင်းတည်းဟူသော ဘေးအန္တရာယ်များ စုပေါင်းထိုးနှက်နိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mariam Sherman က ဆိုသည်။ 

“ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူတွေဟာ လူနေမှုဘဝ သက်သာချောင်ချိရေးအတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ပြီး ကိုဗစ်တတိယလှိုင်းကို တုံ့ပြန်ဆောင်ရွက်နိုင်မည့် ပြည်သူ့ကျန်းမာရေးစနစ် ခိုင်ခိုင်မာမာ မရှိခြင်းက လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ချက်ချင်းလက်ငင်း ခြိမ်းခြောက်လျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

မြန်မာကျပ်ငွေတန်ဖိုး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း လက်ရှိ ၆ ရာခိုင်နှုန်းအထိ ရှိနေရာမှ နောက်ခြောက်လတွင် သိသိသာသာမြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်မှုပြတ်တောက်မှုကြောင့် လောင်စာဆီအပါအဝင် သွင်းကုန်ပစ္စည်းများ ဈေးကြီးလာပြီး လောင်စာဆီဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကာ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေရရှိရန် ခက်ခဲလာသည်ဟုလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။ 

ထို့ပြင် ပို့ကုန်သွင်းကုန်ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူထက် အာဏာသိမ်းပြီးငါးလအတွင်း ပြည်ပပို့ကုန်ပမာဏ ၁၈ ရာခိုင်နှုန်းနှင့် သွင်းကုန်ပမာဏ ၂၆ ရာခိုင်နှုန်းအထိ ပိုမိုလျော့နည်းခဲ့သည်ဟု အစီရင်ခံစာခံက ဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က စစ်တမ်းကောက်ယူခဲ့ရာ အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းကာလထက် အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာသည်ဟု ကုမ္ပဏီလေးပုံသုံးပုံက ဆိုကြောင်း၊ ကုမ္ပဏီများအနေဖြင့် ယုံကြည်မျှော်လင့်ချက် အလွန်အားနည်းနေပြီး စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်ပူပန်လျက်ရှိကြသည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ (FDI) ကတိကဝတ်များ ကျဆင်းသွားသွားသဖြင့် အရင်းအနှီးပမာဏ ကျဆင်းသွားသည့်နည်းတူ ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အရေးပါသော ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာချိတ်ဆက်သုံးစွဲနိုင်မှုကို ထိခိုက်စေနိုင်သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။ 

“စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် အလွန်အမင်းအားနည်းနေဆဲဖြစ်ပြီး ကိုဗစ်ကူးစက်ပြန့်နှံမှု တိုးပွားလာသည့်အတွက် စီးပွားရေး ဆက်လက်ကျုံ့သွားနိုင်တယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် Kim Alam Edwards က ပြောသည်။ 

စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံခြားတိုင်းပြည်များက မြန်မာနိုင်ငံကို ထောက်ပံ့နေသော ဖွံ.ဖြိုးရေးဆိုင်ရာ အကူအညီများဆိုင်းငံ့ခြင်းနှင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းများဖြစ်ပေါ်နေသည်။

အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ထွက်ခွာလျက်ရှိသည့်နည်းတူ စက်ရုံအလုပ်ရုံများနှင့် စားသောက်ကုန်လုပ်ငန်း ပိတ်သိမ်းမှုများလည်း ရှိခဲ့သည်။

အာဏာသိမ်းမှုကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို ချေးရန်ရှိသော ဒေါ်လာသန်းပေါင်းများစွာကိုလည်း ဆိုင်းငံ့ထားသည်။

Show More

Related Articles

Back to top button