
ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ကို ကြုံနေရသည့် မြန်မာနိုင်ငံ၏ မြို့ပြဒေသများ၌ လာမည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု သုံးဆမြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဒီဇင်ဘာ ၂ တွင် သတင်းထုတ်ပြန်သည်။
စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချ အာဏာသိမ်းအပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျုံ့ဝင်မှုများ ပေါ်ပေါက်နေချိန်တွင် ကမ္ဘာ့ကပ်ရောဂါအန္တရာယ်ကိုပါ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်၍ ထိုသို့ အခြေအနေဆိုးနိုင်ကြောင်း UNDP က ခန့်မှန်းသည်။
၂၀၁၇ က မြို့ပြတွင် ဆင်းရဲနွမ်းပါးသူ ၁၁ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၂ တွင် ၃၇ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်လာနိုင်ကြောင်း UNDP ၏ လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီအတိုင်းအတာနဲ့ ဆင်းရဲမှုအတွင်း ကျရောက်သွားတာက လူလတ်တန်းစားအလွှာ ပျောက်ကွယ်သွားတာလို့ အဓိပ္ပာယ်ကောက်ယူနိုင်ပြီး အကျပ်အတည်းက လျင်လျင်မြန်မြန်နာလန်ထနိုင်ဖို့ လက္ခဏာဆိုးတစ်ခုဖြစ်ပါတယ်” ဟု UNDP ၏ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Kanni Wignaraja က ထုတ်ပြန်ချက်တွင် ပြောထားသည်။
UNDP ၏ ညွှန်းကိန်းတွင် တစ်ရက်ဝင်ငွေ ၁၅၉၀ ကျပ်သာရှိသူကို ဆင်းရဲမှုမျဉ်းအောက်တွင်ရှိသည်ဟု သတ်မှတ်သည်။
မူလကပင် အဆင်းရဲဆုံးပြည်နယ်စာရင်းဝင်သည့် ချင်းနှင့် ရခိုင်ပြည်နယ်၏ နွမ်းပါးမှုမှာ ဆက်လက်မြင့်တက်လာနိုင်သလို ရန်ကုန်၊ မန္တလေးကဲ့သို့သော စီးပွားရေးမြို့တော်များရှိ လူထုမှာလည်း ပိုမိုဆင်းရဲလာနိုင်သည်ဟု UNDP က ခန့်မှန်းထားသည်။
ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာခြင်းသည် ဝင်ငွေနည်းပါးသွားခြင်းသာမက အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့တွင်လည်း သိသိသာသာထိခိုက်နိုင်သည့်ပြင် မျိုးဆက်သစ်တို့၏ လူ့စွမ်းအားအရင်းအမြစ်များကို ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ထိုထုတ်ပြန်ချက်က ဆိုသည်။
မြို့ပြဒေသများ၌ အဓိကတည်ရှိသည့် အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ထိခိုက်မှုကြီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထိုသို့ ဝင်ငွေလျော့လာသဖြင့် အိမ်ထောင်စုများတွင် စုဆောင်းငွေများကို ထုတ်သုံးနေရကြောင်း၊ သွားလာရေးအတွက် အသုံးပြုသည့်ဆိုင်ကယ်များကိုပင် ရောင်းချနေရကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
UNDP ၏ ထိုအစီရင်ခံစာမှာ စစ်အာဏာသိမ်းပြီးနောက် မေနှင့် ဇွန်တွင် လူပေါင်း ၁,၂၀၀ ထံ ကောက်ယူထားသည့် ပြည်သူ့အခြေခံလိုအပ်ချက်စစ်တမ်းကို အခြေခံထားခြင်းဖြစ်သည်။

၂၀၀၅ တွင် မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်နီးပါး ဆင်းရဲတွင်းနက်ခဲ့ရာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရသည်။
သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်နီးပါး ပြန်လည်ဆင်းရဲမွဲတေတော့မည်ဟု UNDP ၏ စစ်တမ်းက ပြဆိုသည်။
ထိုသို့အခြေအနေများ ကြုံတွေ့ရချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန်စားသုံးမှု လျှော့ရန်၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် တိုးမြှင့်စားသုံးရန် နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တိုက်တွန်းပြောဆိုထားသည်။
အာဏာသိမ်းမှု ၁၀ လကြာလာပြီဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ တိုးပွားလာနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)