သတင်း

ဘီယာစက်ရုံ မြေနေရာ အငြင်းပွားမှု ပုသိမ်ကြီးတွင် ပေါ်ပေါက်

တပ်မတော် သိမ်းထားသည့် လယ်မြေများ မူလပိုင်ရှင်ထံ ပြန်အပ်ရန် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာ တောင်သူများက ဧပြီ ၇ နံနက်ပိုင်းတွင် ရွာအတွင်း ချီတက် ဆန္ဒပြကြသည်။

လယ်သိမ်းခံရသူ တစ်ဦးဖြစ်သည့် ကိုဌေးအောင်က ၎င်းတို့မြေနေရာတွင် ဘီယာစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ရှိနေသည်ဟု ဆိုသည်။

ကျွန်တော်တို့ အနိုင်ကျင့်ခံနေရလို့ ဆန္ဒပြတယ်၊ နောက်ပိုင်း ကိုယ့်လယ် ပြန်မရဘူး ဆိုရင် ကုမ္ပဏီကို တရားစွဲတာတို့ဘာတို့ မရရတဲ့နည်းနဲ့ ဥပဒေဘောင်အတွင်းက နည်းပေါင်းစုံနဲ့ လုပ်သွားပါမယ်ဟု ၎င်းက ပြောသည်။

အသိမ်းခံရသည့် မြေအကျယ်အဝန်းမှာ ၈၆.၄ ဧက ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

၁၉၉၃ တွင်  တပ်မတော်က သိမ်းကာ ထိုမြေကို ၂၀၀၄ အထိ ပြန်အငှားချခဲ့ကြောင်း တောင်သူတို့က ဆိုသည်။

ရွာကိုလည်း ပြောင်းခိုင်းတယ်၊ လယ်တွေလည်း လာမလုပ်တော့နဲ့ ဆိုပြီး နှင်ပါတယ်၊ အဲဒါနဲ့  လယ်တွေပြန်ရဖို့ ဦးသိန်းစိန် (အစိုးရ) လက်ထက် ကတည်းက တောင်းလာလိုက်တာ အခုထိ ဘာမှ ထူးခြားမလာသေးဘူးဟု တောင်သူ ဦးစိန်မောင်က ပြောသည်။

ဆန္ဒပြသူတို့သည် “တောင်သူများပိုင် လယ်မြေများ ပြန်လည်စိုက်ပျိုးခွင့် ရရှိစေရေးတောင်သူများ၏ အခက်အခဲများ စာနာ ထောက်ထားရေး၊ “တောင်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းခွင့်ပြုရန်အစရှိသည့် စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။

၎င်းတို့၏ နစ်နာချက်ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော် စည်ပင်သာယာရေးအဖွဲ့မြေ ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု The Fifth Wave News အွန်လိုင်းတွင် ဖော်ပြထားသည်။

ဘီယာချက်စက်ရုံ ဆောက်လုပ်ရခြင်းသည် အဆိုပါ မြေနေရာအနီးတွင် စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တည်ရှိသည့် အတွက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် တပ်မတော်သားများ၊ ကိုယ်လက် အင်္ဂါ စွန့်လွှတ်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း အလုပ်အကိုင် ရရှိနိုင်ရန် အတွက် ဖြစ်ကြောင်း” အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည် ဟု သတင်းတွင် ဖော်ပြထားသည်။

 

 

Show More

Related Articles

Back to top button