ဆောင်းပါး

စမတ်ဖုန်းကြောင့် မြန်မာ့နိုင်ငံရေးတွင် ဆိုရှယ်မီဒီယာအသုံးများလာ

ရန်ကုန် – မြန်မာ့သမိုင်းဝင် နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့တွင် မဲပေးသူတို့၏ မင်စွန်းထင်းနေသော လက်သန်းပုံများမှာ Facebook စာမျက်နှာပေါ်တွင် ပလူပျံလျက်ရှိသည်။  မဲပေးပြီးကြောင်း အမှတ်အသား “ခရမ်းရောင် လက်သန်းများ” သည် ညတွင်းချင်းပင် ဒီမိုကရေစီဂုဏ်သိက္ခာရင်ထိုးတစ်ခု ဖြစ်လာတော့သည်။

ဤဖြစ်ရပ်သည် နိုင်ငံတွင်း လျင်မြန်စွာ မြင့်တက်ပြောင်းလဲလာသော အင်တာနက်ဆက်သွယ်ရေး၊  အာဏာရှင်များကိုယ်တိုင်ဖော်ဆောင်သော ပြုပြင်ပြောင်းလဲရေးတို့  ပူးပေါင်းမိပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။

ပေါ်ပေါက်လာသော အွန်လိုင်းအခင်းအကျင်းသစ်တွင် နေရာယူလာကြသူတို့မှာ ရေပန်းစားလာသော ဆိုရှယ်မီဒီယာ ခေါ် အင်တာနက်လူမှုကွန်ရက်ကို သြဇာအာဏာ ချဲ့ထွင်ရန် အသုံးပြုလာသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ ဖြစ်သည်။

မဲဆွယ်စည်းရုံးရာတွင် အိမ်တိုင်ရာရောက် ဟောပြောသည့်နည်းကို သုံးသကဲ့သို့  ဆိုရှယ်မီဒီယာ၊ စာပို့ဆက်သွယ်သည့် အက်ပ်များ (Apps) တို့မှတစ်ဆင့် မဲဆန္ဒရှင်တို့ထံ ချဉ်းကပ်သည့်နည်းကိုလည်း သုံးကြသည်။

အင်တာနက်လူမှုကွန်ရက် အမျိုးအစား အများအပြား ရှိသော်လည်း မြန်မာနိုင်ငံတွင် Facebookကို အသုံးအများဆုံး ဖြစ်နေသည်။ ရွေးကောက်ပွဲတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြတ်အသတ်နိုင်သွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ဆိုရှယ်မီဒီယာကို ပိုမို၍ ထိထိရောက်ရောက် အသုံးပြုခဲ့သည်။

 “ကျွန်တော့်ဆီကလူတွေရယ်၊ ကျွန်တော့်မဲဆန္ဒနယ်ကလူတွေရယ်ကို ဒီဆိုရှယ်မီဒီယာကပဲ ဆယ်သွယ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ Facebook စာမျက်နှာပေါ်မှာပဲ သူတို့တွေက အကြံပေးကြတယ်၊ မေးလာတာတွေကိုလည်း အဲဒီမှာပဲ ဖြေတယ်”  ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခြင်းခံရသော NLD မှ ဘလော်ဂါ နေဘုန်းလတ်က ဆိုပါသည်။

 “ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဒါကို ‘အသံတိတ်တော်လှန်ရေး’ လို့ နာမည်တပ်တယ်။ ကျွန်တော်တို့ဆီမှာ လက်နက်ကိုင်အုပ်စု မရှိပေမဲ့ ဒါက နိုင်ငံရေးသဘောအရ ကိုက်ညီတဲ့ တော်လှန်ရေးပါပဲ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း နေဘုန်းလတ်က ဆက်ပြောသည်။

မဲဆန္ဒရှင်အများအပြားသည်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ Facebook သို့ ရောက်ကြသည်။ ပရိသတ် တစ်သန်းထက်မနည်း ရှိနေသည့် ထိုစာမျက်နှာမှ ပို့စ်များကို ရွေးကောက်ပွဲမတိုင်ခင်က မကြာခဏပင် ထောင်သောင်းချီ၍ ပြန်လည် ဖြန့်ဝေကြသည်။  

ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်နွှယ်နေသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားဝင်  Facebook စာမျက်နှာတွင်လည်း ပရိသတ် လေးသိန်းနီးပါး ရှိပြီဖြစ်သည်။

နည်းပညာများနှင့်ပတ်သက်၍ အားပေးအထောက်အကူပြုနေသော ရန်ကုန်အခြေစိုက်  ‘ဖန်တီးရာ’အဖွဲ့မှ ပရိုဂရမ်မန်နေဂျာ ဦးမိုက်ကယ်က “ဆိုရှယ်မီဒီယာအသုံးပြုတဲ့ထဲမှာ NLD က  ပြည်ခိုင်ဖြိုးထက် ပိုပြီးသာတယ်။ တမင်လုပ်တာ မဟုတ်ပေမဲ့ ပြည်ခိုင်ဖြိုးက လူမှုကွန်ရက်ကို အသုံးမှားခဲ့တယ်” ဟု ဆိုသည်။

ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို ဦးသိန်းစိန်၏ Facebook တွင် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများအကြောင်း ရိုက်ပြထားသော ရုပ်သံဖိုင်တစ်ခုကို တင်ထားသည်။ ထိုရုပ်သံ၏ ဆွဲစပ်ပုံဖော်နည်းကို ကြည့်ပါက အာရပ်နိုင်ငံများ ဒီမိုကရေစီလှုပ်ရှားမှု၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်မှုများနှင့် ပရမ်းပတာဖြစ်ခြင်းများ ပေါ်ပေါက်သော်လည်း ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံသည် ထိုသို့သော အဖြစ်အပျက်များကို ကာကွယ်နိုင်ခဲ့သည်ဟု ဆိုလိုကြောင်း လူအများက ကောက်ချက်ချပါသည်။

ထိုပို့စ်မှာအများ၏သရော်လှောင်ပြောင်မှုကို ခံရပြီး ပြည်ခိုင်ဖြိုးပါတီခေတ်ကို လက်လှမ်းမမီပုံကို ပြသနေသည်ဟုလည်း ဆိုကြသည်။

အွန်လိုင်း မဲဆန္ဒရှင်ပညာပေးမှု

လက်ရှိ မြန်မာနိုင်ငံ၏ဆယ်သွယ်ရေးအခြေအနေသည် လွန်ခဲ့သည် ၅နှစ်နှင့် ယှဉ်လျှင် ကမ္ဘာခြားသကဲ့သို့ပင်။ ထိုစဉ်က ဆင်းကတ်တန်ဖိုးမှာ အလွန်တရာပင် ဈေးခေါင်ခိုက်ကာ ဆိုရှယ်မီဒီယာသုံးဖို့ မဆိုနှင့် ဖုန်းကိုပင် လူအနည်းစုသာလျှင် ကိုင်နိုင်သည့် အချိန်ဖြစ်သည်။ စစ်အစိုးရ ချုပ်ကိုင်ထားသော ဆက်သွယ်ရေးကဏ္ဍသည်လည်း နိုင်ငံတကာပိတ်ဆို့မှုများ၏ အောက်တွင် တိုးတက်မလာခဲ့။ ဖုန်းသုံးနိုင်သူအရေအတွက်သည် ၂ဝ၁၂တွင် လူဦးရေ၏ ၇ ရာခိုင်နှုန်းသာ ရှိရာမှ  ၂ဝ၁၄ တွင် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။  

လူမှုကွန်ရက်သုံးသူ အရေအတွက်လည်း အလျင်အမြန် မြင့်တက်လာခဲ့သည်။ ၂ဝ၁၄ မတ်လမှ ၂ဝ၁၅ မတ်လအထိ Facebook သုံးသူ ၂ဝ၄ ရာခိုင်နှုန်း မြင့်တက်လာကာ အရေအတွက် ၆ သန်း၊ ၇ သန်း နီးပါးပင် ရှိပြီဟု Facebook အချက်အလက်များက ဆိုသည်။

အမျိုးသမီးများ တည်ထောင်ထားသော ရန်ကုန်အခြေစိုက် နည်းပညာအဖွဲ့အသစ် Geek Girls ပါဝင်ကူညီသည့် အွန်လိုင်းပေါ်ရှိ “မဲပေးစို့” ကဲ့သို့သော လှုပ်ရှားမှုများသည် ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ မဲပေးသည့်နည်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို မဲဆန္ဒရှင်တို့  အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာ အထောက်အကူပြုခဲ့သည်။

သို့သော်လည်း တိုင်းရင်းသားနှင့် အခြားလူနည်းစုတို့၏ နိုင်ငံသားအခွင့်အရေး အပြည့်အစုံ မရမှုအပေါ် စိတ်ပျက်ခြင်း၊ မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် ကြန့်ကြာခြင်းတို့ကြောင့် မဲပေးသူဦးရေမှာ ယခင်ကထက် လျော့နည်းကာ ၆၉ ရာခိုင်နှုန်းသာ ရှိသည်။

မဲဆန္ဒရှင်တို့ကို ပညာပေးရန်အတွက် ဆိုရှယ်မီဒီယာက ကူညီသော်လည်း အင်တာနက် အကန့်အသတ်ရှိသည့် နယ်ဘက်တွင် သက်ရောက်မှု အကန့်အသတ်ရှိသည်ဟု ဖန်တီးရာအဖွဲ့မှ ဦးမိုက်ကယ်က ဆိုသည်။

“ဘယ်လို မဲပေးရမလဲ၊ ‘လွတ်လပ်ပြီး တရားမျှတ’တဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲ စတာတွေကို ပြောပြတဲ့ ကာတွန်းတွေ၊ ဗီဒီယိုတွေက ဆိုရှယ်မီဒီယာမှာ အများကြီး တွေ့ရပေမဲ့ တကယ်တော့ အင်တာနက်ရှိတဲ့အပေါ်မှာ မူတည်ပါတယ်” ဟု သူက ပြောသည်။

ဝေးလံခေါင်သီသောနယ်မြေများသည် မြို့ပြထက် ဆက်သွယ်ရေးခက်ခဲကာ ဘာသာစကားလည်း ကွာခြားပါသည်။

အင်တာနက်တွင်သာရှိသော်လည်း ပြင်ပကိုရိုက်ခတ်

ထိုသို့ကန့်သတ်ချက်များရှိသော်လည်း တိုင်းရင်းသားဒေသများမှ အင်တာနက်ကိုသုံးနိုင်သူတို့က  ဆိုရှယ်မီဒီယာသည် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးဝင်နိုင်ကြောင်း နားလည်ကာ ရွေးကောက်ပွဲတွင် အသုံးပြုလာကြသည်။

ကော်ပင်မခြောက်သေးသည့် ကြိုတင်မဲလက်မှတ် အထပ်ထပ်၏ ဓာတ်ပုံများက မဲရုံပိတ်၍ နာရီပိုင်းမကြာမီ  Facebook တွင် တက်လာပါသည်။ သပ်သပ်ရပ်ရပ် ထပ်ထားသော မဲလက်မှတ်များတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို  ရွေးချယ် မဲပေးသည့် မင်ခြစ်အမှတ်အသား အားလုံးနီးပါး ချွတ်စွတ်တူနေသည်။

ထိုကဲ့သို့ဆင်တူသောပို့စ်များလည်း နောက်ရက်များတွင် တက်လာသည်။ ပို့စ်တစ်ခုတွင် ထိုသို့ ပုံမှန်မဟုတ်သော၊ သံသယရှိစရာဖြစ်ဖွယ် မဲပေးခြင်းများသည် မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီးတို့တွင် ပေါ်ပေါက်နေသည်ဟုဆိုကာ အထင်ကရ နိုင်ငံတကာသတင်းဌာနများကို အသိပေး နှိုးဆော်ထားပါသည်။

“နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ စောင့်ကြည့်သူတွေ လိုအပ်ပါတယ်။  သန့်ရှင်းပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကူညီပါ” ဟု ထိုပို့စ်တွင် ရေးထားသည်။ စစ်အစိုးရလက်ထက်တွင် ထိုကဲ့သို့ ပုံမှန်မဟုတ်သော ဖြစ်စဉ်များကို လူပုံအလယ် ပြောဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ပါ။ စွပ်စွဲသူများ အဖမ်းခံရမည်ဖြစ်သည်။

“အခုတော့ လူတိုင်းမှာ စမတ်ဖုန်းတွေရှိတယ်။ လူတိုင်းက ဓာတ်ပုံရိုက်နိုင်တယ်။ လူတိုင်းက သက်သေတွေကို ယူနိုင်တဲ့ စွမ်းရည်ရှိနေပြီ။  ပြောရမယ်ဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ နီးစပ်အောင် ခေါ်လာတာပဲ” ဟု ဦးမိုက်ကယ်က ဆိုသည်။

 ရွေးကောက်ပွဲမတိုင်ခင်က လက်ရှိအစိုးရကို ထောက်ခံသော ရှေးရိုးစွဲအဖွဲ့များကလည်း ဒီမိုကရေစီဝါဒနှင့် ဆန့်ကျင်သော ၎င်းတို့၏ အယူအဆများကို Facebook တွင် ဖြန့်ခဲ့သည်။

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ အထင်ကရ ရဟန်းတစ်ပါးဖြစ်သူ ဦးဝီရသူသည် Facebook သုံးပြီး အမုန်းစကား ပြန့်ပွားစေရန် ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခံရသည်။

၂ဝ၁၄ တွင်   ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကို မွတ်စလင်အမျိုးသား နှစ်ဦးက မတရားပြုကျင့်သည်ဆိုသော ကောလာဟလကို ရေးသားဖော်ပြအပြီး မန္တလေးတွင် ပဋိပက္ခဖြစ်ကာ လူ နှစ်ဦး သေဆုံးခဲ့ရသည်ကို ထောက်ပြပြီး ထိုသို့ စွပ်စွဲကြခြင်းဖြစ်သည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဟု ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုထားသော်လည်း ဦးဝီရသူသည် ရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် သူ၏ Facebook ဓာတ်ပုံကို ဦးသိန်းစိန်ပုံသို့ ပြောင်းလိုက်သည်။ ပုံတွင် “သမ္မတကြီးနဲ့အတူ ရှိနေပါမယ်။ သမ္မတကြီးဟာ အားလုံးအတွက်ပါ” ဟူသော စာသားကို တွေ့ရသည်။

 အစွန်းရောက်ဝါဒီများလည်း ဆိုရှယ်မီဒီယာတွင် ဝင်ရောက်အမြတ်ထုတ်နိုင်သည့် အခြေအနေ ဖြစ်နေသော်လည်း အမှန်တကယ်တွင်မူ ထိုကဲ့သို့  ရလဒ် မထွက်ကြောင်း လွတ်လပ်စွာပြောရေးဆိုခွင့်ကို အားပေးသော နိုင်ငံတကာစာရေးဆရာများကွန်ရက် PEN American Centre ၏ အမှုဆောင်ဒါရိုက်တာ Suzanne Nossel က ဆိုသည်။

 “လူမှုကွန်ရက်သတ်သတ်ကြီးကပဲ ဘယ်သူ့ရဲ့နိုင်ငံရေးအရှိန်အဝါကိုမှ ပိုပြီး မကြီးစေနိုင်ပါဘူး။ အစွန်းရောက်အတွေးအခေါ်တွေ အွန်လိုင်းမှာ တက်လာပြီဆိုရင်  အလယ်အလတ် အသံတွေက ဒီလိုလူမျိုးခွဲခြားရေးဝါဒီတွေကို လက်မခံဘူးဆိုတာ ထပြောပေးဖို့ အင်မတန် အရေးကြီးပါတယ်” ဟု ဆိုသည်။

အမုန်းစကားများ တရားဝင် ပိတ်ပင်လိုက်ရေးကိုမူ သူက သဘောမတူပေ၊ အဘယ်ကြောင့်ဆိုသော် ထိုမှတဆင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုပါ  ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း သူက ထောက်ပြသည်။

လူမှုကွန်ရက် မလွတ်လပ်သေး

ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း နေရာအများစု NLD နိုင်သွားသည်ဟု တရားဝင်အတည်ပြုသည့်နေ့မှာ ရွေးကောက်ပွဲအပြီး ၅ရက်မြောက်သော နိုဝင်ဘာ ၁၃ ရက်နေ့ ဖြစ်သည်။  ထိုနေ့တွင် ပတ်ထရစ်ခွန်ဂျာလီက အင်းစိန်ထောင်တွင်  ရှိနေသည်။  

ကချင်တိုင်းရင်းသားအရေးလှုပ်ရှားသူတစ်ဦးဖြစ်သော ဦးခွန်ဂျာလီသည် အောက်တိုဘာလတွင် ဒီဂျစ်တယ်နည်းအရ ပြောင်းလဲထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံပေါ် ဖိနပ်ဖြင့် နင်းထားသည့်ပုံကို သူ၏ Facebook တွင် တင်မိခြင်းကြောင့် ဆက်သွယ်ရေးဥပဒေအရ အရေးယူခံရကာ အာမခံလည်း ငြင်းပယ်ခံရသည်။  

 ဒီမိုကရေစီပုံစံအသွင် ပြောင်းလာသော်လည်း ဆိုရှယ်မီဒီယာသုံးသူများကို ဒုက္ခပေးနိုင်သော ဥပဒေများရှိသေးကြောင်း တက်ကြွလှုပ်ရှားသူများက သတိပေးသည်။  

အွန်လိုင်းတွင် လွတ်လပ်စွာရေးသားခွင့်သည်လည်း ရာဇဝတ်ပြစ်မှုမြောက်သော အသရေဖျက်မှု စွဲချက်ကဲ့သို့သော အကန့်အသတ်များ ရှိနေသည်။  

 “ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ်ဥပဒေတို့ကိုသာ ပြင်ဆင်ရမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅နှစ်တာအတွင်းမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သေသေချာချာ မတိုင်ပင်ဘဲ ခွင့်ပြု၊ အတည်ပြုလိုက်တဲ့ ဥပဒေတွေ အများကြီးပါ” ဟု ဦးခွန်ဂျာလီ၏ဇနီးလည်းဖြစ်၊ အမျိုးသမီး၊ အမျိုးသားရေးရာညီမျှမှုကွန်ရက်၏  ဒါရိုက်တာဖြစ်သူ ဒေါ်မေစံပယ်ဖြူက ဆိုသည်။

 PEN American Centre မှ Suzanne Nossel ကလည်း မြန်မာပြည်မှ ရာဇဝတ်ပြစ်မှုမြောက်သော အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းသင့်သည်ဟု ဆိုသည်။

“လူတွေဟာ အစိုးရကို၊ တပ်မတော်ကို၊ တခြားအဖွဲ့အစည်းတွေနဲ့ လူတစ်ဦးတစ်ယောက်စီကို လွတ်လပ်စွာ သဘောမတူခွင့်၊ ဝေဖန်ခွင့်၊  နောက်ဆုံး ပြောရရင် သရော်ပိုင်ခွင့် ရှိသင့်ပါတယ်” ဟု သူက ပြောသည်။

NLD လွှတ်တော်အမတ်လောင်း ဘလော်ဂါနေဘုန်းလတ်ကမူ ဆိုရှယ်မီဒီယာသုံးသူများသည် ဤဥပဒေများ မပြင်မချင်း သတိထားနေသင့်သည်ဟု ဆိုသည်။

 “ကျွန်တော်တို့ ဒီဥပဒေတွေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြင်ဖို့ ကြိုးစားခဲ့ပါတယ်။  အဲဒီတုန်းက မအောင်မြင်ခဲ့ပေမယ့် ဒီလာမယ့်အစိုးရ သက်တမ်းမှာတော့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဘလော်ဂါနေဘုန်းလတ်က ပြောလိုက်သည်။     ။

Show More

Related Articles

Back to top button