
မြန်မာ့အရေးစောင့်ကြည့်အကဲခတ်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မမမျိုးသည် လန်ဒန်တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်မြို့တွင် သူတည်ထောင်ထားသော မြန်မာ့နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာရေးဆိုင်ရာသိပ္ပံကို အာရှ၏ ထိပ်တန်းကျောင်းများတွင် ပါဝင်လာရေးအထိ ရည်ရွယ်ထားသူဖြစ်သည်။
မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးသင်တန်းများ ပေးခဲ့သော ဒေါ်ခင်မမမျိုးသည် လတ်တလောတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း၊ မဲဆွယ်ခြင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီတွင်ပါဝင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်လျက်ရှိသည်။
သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးခင်က တွေ့ဆုံစဉ် ဒေါ်ခင်မမမျိုးက အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးတွင် လူထုပါဝင်မှု၊ တပ်မတော်က ဝန်ကြီးဌာန ၃ ခုကို အမြဲတမ်း ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။
မေး – ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို အခုတလော မဲဆွယ်ပွဲတွေမှာ သိပ်မကြားရတော့တာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ – အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ငြိမ်းချမ်းရေးတို့ ဆိုတာက ရေရှည်သွားရမယ့်ဖြစ်စဉ်ပေါ့။ ပါတီများရဲ့ မဲဆွယ်စည်းရုံးမှုတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ Structure ကြီးတွေပေါ်မှာ အခြေတည်တာထက် “လိုအပ်ချက်”ပေါ် အခြေတည်ပြီးတော့ မဲဆွယ်စည်းရုံးကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူထုရဲ့ လတ်တလောအဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာတယ်လို့ မြင်ပါတယ်။
မေး – လူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်လာပြီး လူထုရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို ပါတီတွေက မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။
ဖြေ – တချို့ပါတီတွေက စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို နံပါတ်တစ်ပြောပြီးတော့မှ နိုင်ငံရေးအယူအဆကို နောက်မှပြောမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ပိုပြီးတော့ လွှမ်းမိုးလာတယ်လို့ ထင်ပါတယ်။ လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်အပိုင်းကို ဂရုမစိုက်တာတော့ မဟုတ်ဘူးပေါ့။
မေး – မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ပြောတယ်၊ မဲစာရင်းကြည့်သူ ၃၀ရာခိုင်နှုန်းပဲ ရှိတယ်တဲ့။ လူထုရဲ့ နိုင်ငံရေး အပေါ်စိတ်ဝင်စားမှု အခြေအနေကို ဘယ်လိုထင်ပါသလဲ။
ဖြေ – ကျွန်မတို့ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ကြပါတယ်။ လက်ရှိအခြေအနေအရတော့ တချို့ကလည်း စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ပျောက်ဆုံးနေတယ်။ လူထုက ရှေ့ထွက်လိုက်၊ ဦးဆောင်လိုက်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေ ပေါ်လာလိုက်၊ ပြီးတော့ အဲဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေကို စစ်အာဏာရှင်တွေက ပြန်ပြီးတော့ ချေမှုန်းလိုက်ပေါ့။ အဲဒီအပေါ်မှာ လူထုက ပြန်ပြီးတော့ လိုက်ကြည့်နေရတဲ့အနေအထားပေါ့၊ ဥပမာ ၁၉၈၈မှာ တတိုင်းပြည်လုံး တက်တက်ကြွကြွနဲ့ ပါကြတယ်၊ မဲပေးတဲ့အခါကျတော့လည်း တက်တက်ကြွကြွနဲ့ မဲပေးကြတယ်၊ အနိုင်ရတဲ့ပါတီကလည်း အစိုးရမဖြစ်ပြန်ဘူး၊ စစ်အာဏာရှင်တွေက အာဏာမလွှဲခဲ့ဘူး။ လူထုက အရင်လှုပ်ရှားတယ်။ ပြီးရင် နိုင်ငံရေးဦးဆောင်သူတွေ ပေါ်လာတယ်၊ လူထုထဲကပဲ ထွက်လာတယ်၊ အဲဒီနိုင်ငံရေးသမားတွေကို အစိုးရက ချေမှုန်းတယ်။ လူထုက အဲဒီနိုင်ငံရေးသမားတွေ ပြန်ပြီးတော့ လွတ်မြောက်ရေးအတွက် လုပ်ကြရတယ်၊ ထွက်လာပြီဆိုရင် အရမ်းပျော်ကြ တယ်၊ (ထောင်ထဲ) ပြန်ဝင်သွားကြရပြီဆိုရင် အရမ်း စိုးရိမ်ကြတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း ဒီအာဏာရှင်စနစ်ကြီးကို ပျောက်ဆုံးသွားအောင်လုပ်နိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူးပေါ့လေ။ အာဏာရှင်တွေရဲ့ အမြစ်တွယ်မှုကလည်း အရမ်းကိုများနေပြီးတော့ နိုင်ငံရေးသမားတွေအချင်းချင်း မညီညွတ်တာတွေ၊ တစ်ယောက်တစ်သံထွက်ကြတာတွေ၊ နိုင်ငံရေးလမ်းစဉ်တွေကို တစ်နေ့တစ်မျိုး ပြောကြတာတွေလည်း ပါတာပေါ့လေ။ အဲဒီလို လည်နေတဲ့အပိုင်းတွေမှာ ပန်းတိုင် ပျောက်နေကြတယ်။ လူထုကို နိုင်ငံရေးလမ်းစဉ်တစ်ခု တွဲခေါ်ပြီးတော့ ချပြမသွားနိုင်ဘူး။ ဒီတော့ လူထုက မျှော်လင့်ချက်နည်း လာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်မတို့ နိုင်ငံရေးသမားတွေက ပြန်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို ငါတို့လုပ်နိုင်တယ်ဆိုတဲ့ လူထုရဲ့ ယုံကြည်မှုပေါ့။ ငါတို့ပဲလုပ်ရမှာတော့ မဟုတ်ဘူးပေါ့။ အားလုံးအတူတကွ တွဲလုပ်ရမယ်ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီလမ်းစဉ်ကို ချပြနိုင်မယ်ဆိုရင်လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုက ပြန်ပြီးတော့ မြင့်တက်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမားတော်တော်များများက အတိတ်တုန်းကဖြစ်စဉ်တွေကို ပြောကြတယ်။ ဒီဖြစ်စဉ်တွေက လူထုကလည်း သိပြီးသားပါ၊ ပါဝင်ပတ်သက်ပြီးသား။ နိုင်ငံရေးသမားထက် လူထုက ပိုပြီးတော့တောင် ထိခိုက်ခံစားခဲ့ရသေးတယ်။ ဥပမာ နိုင်ငံရေးသမားက ငြိမ်းချမ်းရေးကိစ္စကို ပြောနေတဲ့အချိန်မှာ လူထုက သေနတ်သံအောက်မှာ ဖြတ်သန်းနေရတာ။ ငြိမ်းချမ်းရေးလိုအပ်ပါတယ်လို့ လူထုကိုပြောရုံနဲ့ မပြီးဘူး။ ဘယ်နိုင်ငံမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘယ်လိုဖြစ်သင့်တယ်၊ အဲဒီဘာဖြစ်သင့်တယ်ဆိုတဲ့နေရာကို ခုရောက်နေတဲ့နေရာကနေ ဘယ်လိုသွားမှာလဲ ဆိုတဲ့ လမ်းစဉ်ကို နိုင်ငံရေးသမားတော်တော်များများက ချပြဖို့အတွက် အားနည်းတာကို တွေ့ရပါတယ်။
မေး – အတိုက်အခံက ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သက်ရောက်မှု ရှိနိုင်မလား။
ဖြေ – အစိုးရဖွဲ့နိုင်ခြင်းနဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းက ကျွန်မအမြင်မှာတော့ ဆက်စပ်မှု မရှိဘူးရှင့်။ အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ခု ဖွဲ့ပြီဆိုရင် ဝန်ကြီးဌာန သုံးမျိုးသုံးစားကို ဖွဲ့စည်းရပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ ဝန်ဆောင်မှုဝန်ကြီးဌာနတွေပါ။ အဲဒီလို သုံးမျိုးသုံးစားရှိတဲ့အထဲမှာ (၂ဝဝ၈ အခြေခံဥပဒေအရ) အစိုးရအဖွဲ့တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အာဏာသည် ဝန်ဆောင်မှုဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေသည် အဲဒီအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုဘောင်ထဲမှာ လုံးလုံးမရှိပါဘူး။
မေး – အာဏာရှိတဲ့ဝန်ကြီးဌာနတွေအကြောင်း ရှင်းပြပေးပါဦး။
ဖြေ – ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့ ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အရေးအကြီးဆုံး အဓိကဝန်ကြီးဌာနတွေပေါ့။ ဒါတွေကို လုံးဝစီမံခန့်ခွဲပိုင်ခွင့် အစိုးရအဖွဲ့ကို မပေးထားဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကလည်း ပြန်ပြီးတော့ကြည့်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ဒါသည် လည်း အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုထဲမှာ မပါသေးဘူး။ နောက်တစ်ခုက အစိုးရတစ်ရပ်ဖွဲ့နိုင်ခြင်းသည် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း (အုပ်) စီးနိုင်မလား။ မဖြစ်နိုင်ဘူး။ စီးနိုင်ခဲ့ရင်တောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို ကျန်တဲ့ ၂၅ ရာခိုင်နှုန်း က တစ်စုံတစ်ရာ မဲမပေးဘဲနဲ့ ပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
မေး – အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်နိုင်မလား။
ဖြေ – အခြေခံဥပဒေကို လွှတ်တော်တွင်းနိုင်ငံရေးနဲ့ပဲ ပြင်ဖို့ကြိုးစားတယ် ဆိုတဲ့ လမ်းကြောင်းက မှားတာ မဟုတ်ရင်တောင်မှ တော်တော်လေးကို သံသရာရှည်မှာပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွင်းနိုင်ငံရေးထဲမှာ ၇၅ ရာခိုင်နှုန်းအထက်က လက်ခံအောင် လုပ်ပေးရဦးမယ်၊ ပြီးတော့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ထောက်ခံရမယ်ဆိုပြီး ဒုတိယအဆင့် ဖြတ်သန်းရဦးမယ်။ လွှတ်တော်က အရင်ရအောင်ပြင်မယ်၊ စမယ်၊ ပြီးရင် လူထုရဲ့အားကို ယူရပါဦးမယ်။ ။