
ရန်ကုန် – မြန်မာနိုင်ငံရှိကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) သည် ၂ဝ၁၆ ခုနှစ်ကုန်အ ထိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဒေါ်လာ ၅၁ သန်း လိုအပ်လျက် ရှိသည်။
ဝန်ထမ်းအင်အား ၂၅ဝ အထိ မြန်မာနိုင်ငံတွင် ခန့်ထားပြီးသော WFP က ၂ဝ၁၅ ခုနှစ် အတွင်း လူဦးရေ ၁ ဒသမ ၂ သန်းကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခဲ့ရာတွင် သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည် ငါးသိန်းခန့်အတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုလည်း ပါဝင်သည်။
Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက WFP ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dom Scalpelliကို သွားရောက်တွေ့ဆုံပြီး လိုအပ်ငွေကြေး ပမာဏကြောင့် ဖြစ်နိုင်ဖွယ်အကျိုးဆက်၊ မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေရဆဲအကြောင်းများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှု ပပျောက်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းမှု စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
ရန်ပုံငွေ မလုံလောက်မှုအပေါ် ဘယ်လောက်အထိ စိုးရိမ်မိသလဲ။ ဒါဟာ ရေရှည်အခက်အခဲ တစ်ခုရဲ့ အစိတ်အပိုင်း တစ်ရပ်လား။
စိတ်မကောင်းစရာတစ်ခုက ကျွန်တော်တို့လုပ်ငန်းဟာ ပုံမှန်အားဖြင့် ရန်ပုံငွေလုံလောက်မှု မရှိပါဘူး။ မီးသတ်ဌာနတစ်ခု မီးသတ်ကားတွေဝယ်ဖို့ ဒါမှမဟုတ် အဲဒီကားတွေကို ဆီထည့်ဖို့ ငွေ ပုံမှန် လိုနေသလိုပါပဲ။ ဥပမာဆိုရရင် မီးလောင်ပြီဆိုတော့မှ မြို့ထဲကို အပြေးအလွှားသွား၊ ငွေရှာရသလို ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာလည်းရေကြီးပြီဆိုရင်၊ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လူတွေ ထွက်ပြေးရပြီဆိုရင် ဖြစ်ပုံက ခုနကလိုပါပဲ။ အရေးပေါ်အခြေအနေတစ်ခု ဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာ နောက်ထပ် ရန်ပုံငွေတွေ လိုက်ရှာရပါတော့တယ်။ ဒါဟာ မဖြေရှင်းနိုင်သေးတဲ့ အခက်အခဲပါ။ ဒါပေမဲ့ ဒါက လက်ရှိသွားနေတဲ့ စနစ်ပါပဲ။
ရန်ပုံငွေမရှိတဲ့အတွက် လူသားချင်းစာနာတဲ့ အကူအညီပေးတဲ့ လုပ်ငန်းအပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်ပါသလဲ။
စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ဧပြီလအထိတော့ ရိက္ခာ လုံလောက်ပါတယ်။ အဲဒီ နောက်ပိုင်းဆိုရင်တော့ အခက်အခဲ ရှိလာပါပြီ။ ကျွန်တော်တို့က ပုံမှန်အလှူရှင်တွေ၊ နောက်တိုးအလှူရှင်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေတာကြောင့် ဧပြီလမတိုင်မီ နောက်ထပ် လှူဒါန်းထည့်ဝင်တာတွေ ရလာနိုင်မယ်လို့ အရမ်းကို မျှော်လင့်ထားတာပါ။
ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခါမျိုးမှာ ကျွန်တော်တို့က လူ့အသက်ကယ်တဲ့ လုပ်ငန်းတွေကို ဦးစားပေးရပါတယ်။ ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေ၊ အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် တို့က နေရပ်စွန့်ခွာထွက်ပြေးလာရသူတွေ (အထူးသဖြင့် အဲဒီပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့သူတွေ)၊ ရေကြီးမှုနဲ့ မြေပြိုမှု ကြုံတွေ့ခံစားခဲ့ရသူတွေကို အစာအာဟာရ ထောက်ပံ့ပေးပါတယ်။
ဒုတိယဦးစားပေးအနေနဲ့ကတော့ စားနပ်ရိက္ခာလုံလောက်မှု မရှိတဲ့ ဒေသတွေက စာသင်ကျောင်းတွေမှာ အာဟာရပြည်စုံတဲ့ မုန့်တွေကို မူကြို၊ သူငယ်တန်းကလေးပေါင်း၂၃ဝ,ဝဝဝ ခန့်ကို ကျွေးမွေးတဲ့ နေ့စဉ် ကျောင်းမှာလုပ်တဲ့ အစီအစဉ်မျိုးကတော့ မိဘတွေ ကိုယ့်သား၊ သမီးတွေကို ကျောင်းပို့အောင် ဆွဲဆောင်တဲ့အရာ ဖြစ်ပါတယ်။
အခြားသော ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေဖြစ်တဲ့ ဆည်၊ ငါးကန်၊ လမ်း၊ တံတားအစရှိတဲ့ လူမှုအခြေခံအဆောက်အအုံတွေ ပြန်လည်ထူထောင်ပေးတာကလည်းဒီသဘောပါပဲ။ ဒါဟာ အနာဂတ်မှာ လာမယ့် ထင်မထားတဲ့ ဘေးဒုက္ခတွေကို ကာကွယ်ရာမှာ ဒါမှမဟုတ် လျှော့ချရာမှာနဲ့ ဒုက္ခကြုံရင်လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ပေးရာမှာ အထောက်အကူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ ပိုလျှံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ဒေသအများအပြား အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အစားအစာ မလုံလောက်တာကြောင့် လူကြီးလူငယ်တွေမှာ အာဟာရ မပြည့်ဝတာကို တွေ့နေရပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။
ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ အာဟာရချို့တဲ့စွာ စားရတဲ့ သူအချို့ကို အနည်းနဲ့ အများဆိုသလို တွေ့ရပါတယ်။ ဒါဟာလည်း အသိပညာဗဟုသုတနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အာဟာရရှိတဲ့ အစာကို စားသုံးနိုင်တဲ့အနေအထားမှာ ရှိရင်တောင်မှ လူတွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ အမြဲစားချင်မှ စားပါလိမ့်မယ်။ စားချင်မှတောင် စားမှာပါ၊ အဲဒါကို ရောင်းပစ်ပြီး ပိုပြီးဈေးသက်သာတာတွေကို ပြန်ဝယ်စားတာမျိုးလည်း ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ဆန်စပါးထုတ်လုပ်မှု ပိုလျှံတယ်ဆိုတာ မှန်ပါတယ်။ မြန်မာတွေအတွက်ကတော့ ဆန်ရှိခြင်းဟာ စားနပ်ရိက္ခာရှိခြင်းပါပဲ။ ဒါပေမယ့် ဒီမှာ စားသုံးနေတဲ့ ပုံစံအရတော့ ဆန်ကို စားရုံသက်သက်မျှနဲ့ အာဟာရရှိသွားတာတော့ မဟုတ်ပါဘူး။
ဆန်ညိုကို စားတဲ့သူ တော်တော်နည်းပါတယ်။ ဆန်တွေကို ဖြူနိုင်သမျှဖြူအောင် ဖွတ်ထားတဲ့ ဆန်တွေကို စားကြတော့ အဲဒီဆန်မှာပါတဲ့ အာဟာရတွေ အများကြီး ဆုံးရှုံးကုန်ပါတယ်။ ချင်းပြည်နယ်မှာလည်း မြို့တစ်မြို့ကနေ နောက်တစ်မြို့ကို သွားမယ်ဆိုရင် ကားကောင်းမယ်ဆိုရင်တောင်မှ သုံးနာရီလောက် ကြာပါတယ်။ ဒီတော့ အစားအစာတွေကို ဝယ်လို့ရတယ် ဆိုပေမယ့် ဈေးကြီးတယ်။ အဲဒီဒေသမှာ ရေကြီးတုန်းက ကြုံခဲ့ရဖူးတယ်၊ ဆန်တစ်အိတ်ကို အရင်က အခြားနေရာတွေထက် ဈေးကြီးပြီး ကျပ်သုံးသောင်းကျော်လောက် ရှိရာကနေ ကျပ်တစ်သိန်းကျော် ဖြစ်သွားတယ်။ သွားရေးလာရေး ခက်ခဲတာကလည်း ပြဿနာတစ်ခုပါ။
မြေနဲ့ အခြားရင်းမြစ်တွေ အသုံးပြုနိုင်မှု နည်းပါးတာသို့မဟုတ် မျှမျှတတ မဖြစ်တာ၊ စိုက်ပျိုးရေး ရေခံမြေခံ မကောင်းမွန်တာ၊ တစ်ခုခုဖြစ်ရင် နာလန်ထူနှေးတာတွေကြောင့် မြေယာမဲ့တွေ၊ လက်လုပ်လက်စားတွေနဲ့ တိုင်းရင်းသားတွေလိုမျိုး အစကတည်းက တစ်ပန်းရှုံးပြီးသား သူတွေအတွက် အစားအစာ မလုံလောက်မှုဟာ ကြုံနေကျ ပြဿနာတစ်ရပ်ပါ။ လယ်သမားအများစုမှာ စိုက်ပျိုးနိုင်တဲ့ မြေ နည်းနည်းပဲ ရှိပါတယ်။ ဒီအခြေအနေကြောင့် သူတို့အနေနဲ့ မိသားစုအတွက် လိုအပ်မယ့် အစားအစာ၊ ဟင်းသီးဟင်းရွက်တွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ မရပါဘူး။
စိုက်ပျိုးရေးလုပ်ငန်းကလည်း ရှိသင့်သလောက် မကောင်းမွန်ပါဘူး။ အပူပိုင်းဒေသတွေမှာ ဆိုရင် မြေကြီးတွေက သဲဆန်ပြီး မိုးရွာသွန်းမှုက နည်းပါတယ်။ တောင်တန်းဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်နိုင်တဲ့ မြေက အနည်းအကျဉ်းပဲရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ကာလတစ်ခုတစ်ခုကလည်း အင်မတန် တိုတာကြောင့် မြေဆီသြဇာ အသစ်ပြန်ဖြစ်ဖို့ မလွယ်ဘူး။
တိုင်းရင်းသားဒေသတွေမှာ လွတ်လွတ်လပ်လပ်/သို့မဟုတ် စိတ်ချလက်ချ သွားလာနိုင်ခြင်း မရှိတာကြောင့် မြေယာနဲ့ အသက်မွေးလုပ်နိုင်မယ့် အခြေအနေကောင်းတွေ ပိုပြီး လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှု အများဆုံး ဖြစ်နေတာ ဘယ်နေရာတွေလဲ၊ ဘာကြောင့် ဖြစ်ရတာလဲ။
အဓိကဖြစ်နေတဲ့ နေရာတွေကတော့ နယ်စပ်ဒေသတွေ၊ အပူပိုင်းဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဝေးလံခေါင်ဖျားပြီး သီးခြားလို ဖြစ်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း မရှိ သလို စိုက်ပျိုးမြေလည်း နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့မရတာ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိတာနဲ့ မြေယာရှားပါးမှုတို့ ဖြစ်နေပါတယ်။ အပူပိုင်းဒေသမှာတော့ မြေဆီသြဇာ ညံ့ဖျင်းမှုနဲ့ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝမှုဟာ ဘယ်လောက်ထိ ဆိုးနေသလဲ။
အရှေ့တီမောနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ပြီးရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရ ချို့တဲ့မှု တတိယအများဆုံးနိုင်ငံ ဖြစ်နေတယ်။ အမှန်ဆို ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်၊ ဒီရင်းမြစ်တွေကို ပညာရေး၊ လူနေမှုဘဝတွေအတွက် အသုံးချနိုင်ဖို့နဲ့ အာဟာရ ပိုမို ပြည့်ပြည့်ဝဝရှိအောင် စားတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာတော့ ပိုကောင်းမွန်တဲ့ အာဟာရစားသုံးမှု မြှင့်တင်အောင် ရှိရင်းစွဲ ယဉ်ကျေးမှုဓလေ့တွေကိုလည်း ပြောင်းလဲရပါလိမ့်မယ်။
အစားအစာလိုအပ်ချက် အများဆုံးနေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေး ၃၄ ရာခိုင်နှုန်းဟာ အာဟာရ ချို့တဲ့တာကြောင့် အရေအတွက်နဲ့ဆိုရင် ကလေးသုံးယောက်မှာ တစ်ယောက်က အရပ် တော်တော်လေး ပုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ နေရာမှာဆိုရင် အာဟာရချို့တဲ့ဒဏ် ကြုံတွေ့နေနေရသူ ၅ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (အယ်ဒီတာ့မှတ်ချက် – ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့် နေထိုင်သည်)
ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ဂျပန်မှာ အရပ်ပုတဲ့သူ တော်တော် များသေးတယ်။ အခု တိုကျိုကို သွားကြည့်လိုက်ပါ၊ အများစုက အရပ်အမောင်း ကောင်းနေကြပြီ၊ မျိုးဆက်တစ်ခုလောက်ပဲ ကြာခဲ့ပါတယ်၊ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။ အာဟာရပြည့်ဝမှုဆိုတာ အစားအစာ တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးကောင်းမွန်ရေး၊ သန့်ရှင်းရေးတို့နဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် တောင်အာရှမှာဆိုရင် သန့်ရှင်းရေးညံ့ဖျင်းလို့ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ မွေးကင်းစကလေး တစ်ဦးအတွက် ပထမဆုံး ရက် ၁,ဝဝဝ မှာ မိခင်နို့သက်သက် တိုက်ကျွေးခြင်းနဲ့ ခြောက်လပြည့်ပြီး နောက်မှာ ဖြည့်စွက်စာပါ ထည့်ကျွေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ကိစ္စကို နေရာတိုင်းမှာ လုပ်လို့ မရနိုင် ပြန်ပါဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုတွေက အမျိုးမျိုးဖြစ်နေလို့ပါ။
အာဟာရချို့တဲ့မှုဟာ ဘဝတစ်လျှောက်လုံးအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။
ဟုတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အစားအစာ လုံလောက်မှုမရှိတဲ့ နေရာဒေသတစ်ခု အာဟာရမပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးမယ်ဆိုရင် အဲဒီမွေးလာတဲ့ ကလေးဟာ စိတ်ပိုင်းဖြစ်ဖြစ် ရုပ်ပိုင်းဖြစ်ဖြစ် တစ်စုံတစ်ရာ ယုတ်လျော့ ချို့တဲ့မှု ရှိနိုင်ပါတယ်။
မွေးကင်းစကလေးဟာ ပထမဆုံး ရက် ၁,ဝဝဝ မှာ အာဟာရ လုံလုံလောက်လောက် မရရှိဘူးဆိုရင် ဦးနှောက်ဟာ ပုံမှန် မဖွံ့ဖြိုးနိုင်ပါဘူး။ ရှိသမျှလူတွေအားလုံး ဒီလိုမျိုးဖြစ်နေရင်လို့ တွေးကြည့်လိုက်လေ။ နိုင်ငံတစ်နိုင်ငံမှာ ကလေးငယ်တွေ အာဟာရချို့တဲ့မှု တစ်ခုတည်းကြောင့်ပဲ အဲဒီနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဆုံးရှုံးမှုဟာ ဂျီဒီပီရဲ့ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းလောက် အထိ ရှိနိုင်တာကို လေ့လာ တွေ့ရှိထားပါတယ်။ ဒီလိုအဖြစ်မျိုးကို ရပ်တန့်ပစ်နိုင်တယ်။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်နေရပြီဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို လုံလုံလောက် စားပြီး သန့်ရှင်းတဲ့ရေကို သောက်ဖို့ လိုပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာလည်း မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးမယ်၊ အဲဒီနောက်မှာလည်း အာဟာရရှိတဲ့ အစာကိုသာ ကျွေးမယ်ဆိုရင် ကလေးငယ်အနေနဲ့ အသက် နှစ်နှစ်လောက်အထိ ကျန်းမာစွာနဲ့ ကြီးထွားလာနိုင်ပါတယ်။
ဒါတင် မပြီးသေးပါဘူး။ ကလေးဟာ အရွယ်ရောက်ရင် ကျောင်းသွားရမှာမို့လို့ အာဟာရရဲ့ အရေးပါပုံကို သူတို့ နားလည်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ပညာသင်နေတဲ့အချိန် ပိုကြာလေ ကလေးမွေးတာလည်း ပိုပြီး နောက်ကျလေပါပဲ။ အသက်ငယ်ငယ်နဲ့ ကလေးမမွေးတော့ရင် မွေးလာတဲ့ကလေးက ပိုကျန်းမာဖို့ပဲရှိပါတယ်။ ဒါ့ပြင် သူကိုယ်တိုင်ကလည်း သားဆက်ခြားဖို့ အလားအလာ ပိုများပါတယ်။
ဒီပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ အစိုးရအနေနဲ့ရော ဘာတွေ လုပ်သင့်သလဲ။
အားဖြည့်ဆန် ထုတ်လုပ်ဖို့ ကျွန်တော်တို့က မြန်မာအစိုးရ၊ အခြားအဖွဲ့အစည်းတွေနဲ့ စတင် လုပ်ဆောင်နေပါတယ်။ ဒါကို ကြိုးစားလုပ်ဆောင်ပြီး ဈေးကွက်ထဲမှာ ရောင်းချနိုင်မယ်၊ ကျွန်တော်တို့ရဲ့ အာဟာရဖြည့်ဆည်းရေး အစီအစဉ်တွေအတွက် ဝယ်ယူသွားမှာပါ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လူတွေဟာ တစ်ဦးချင်း ဆန်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လူတစ်ဦး ဆန်စားသုံးမှုဟာ တစ်နှစ်ကို ကီလိုဂရမ် ၂ဝဝ ကျော်ပါတယ်။ တကယ်လို့ ဒီပမာဏအတိုင်း အာဟာရဖြည့် အစားအစာတစ်မျိုးမျိုးကို စားသုံးနိုင်မယ်ဆိုရင် အာဟာရချို့တဲ့မှု ပြဿနာကို အကောင်းဆုံး မဟုတ်တောင်မှ ရေရှည် ဖြေရှင်း ဆောင်ရွက်သွားနိုင်မှာပါ။
အာဟာရဖြည့်ဆန်တွေ လောလောဆယ် ပို့မပေးနိုင်သေးတဲ့ နေရာတွေအတွက် အဲဒီဒေသက လူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရနိုင်ရေး၊ အမျိုးအစားစုံလင်အောင် စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ပေါက်ရောက်မှု ရရှိနိုင်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုပါတယ်။ မြန်မာလို နိုင်ငံမျိုးအနေနဲ့ အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒီကိစ္စကို ဦးစားပေး သတ်မှတ်ဖို့ပါပဲ။
မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ပညာရေး၊ အနုပညာ၊ အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုမယ့်လူတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ အာဟာရပညာရှင် မပေါ်ထွန်းသေးပါဘူး။ လုပ်ချင်စိတ်နဲ့ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။
လုံးဝ ငတ်မွတ်မှုပပျောက်ရေး အစီအစဉ်ကို မြန်မာအစိုးရက ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှာ ချမှတ် ခဲ့ပါတယ်။ ဒါဟာပထမအဆင့်ပါ။ တစ်ကမ္ဘာလုံးမှာ ဆောင်ရွက်မယ့် ရှေ့ဆောင်အစီအစဉ်လည်း ဖြစ်ပါ တယ်။ ၂ဝ၂၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ လူကောင် သေးကွေးညှက်တဲ့ ကလေးငယ်တွေ လုံးဝမရှိတော့အောင် တိကျတဲ့တာဝန်တွေ ပေးထားတဲ့ အာဟာရပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ် မူကြမ်းတစ်ခု ချမှတ်ထားပါတယ်။