
နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံလိုက်ရသည့် ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားဟု မသတ်မှတ်နိုင်ကြောင်း အာဏာရပါတီက ပြောဆိုလိုက်သော်လည်း လူ့အခွင့်အရေးအဖွဲ့တချို့ကမူ အဆိုပါမှတ်ချက်ကို ကန့်ကွက်လိုက်ကြသည်။
အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၏ RFA သတင်းဌာနသို့ ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုသို့ ကန့်ကွက်လိုက်ကြခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့က ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း Myanmar Now ကို မတ်လ ၂၂ ရက်နေ့က ပြောသည်။
တရားစွဲခံရသည့် ပုဒ်မ တစ်ခုတည်းကိုသာ ကြည့်၍ သတ်မှတ်ခြင်း မဟုတ်ကြောင်း FPPS မှ ဦးထွန်းကြည်က ဆိုသည်။
“နိုင်ငံရေးအကျဉ်းသားဟောင်း အဓိပ္ပာယ်ဖွင့်ဆိုချက် ခိုင်ခိုင်မာမာ လက်ထဲမှာ ကိုင်ထားပြီးသား။ တစ်ဦးတစ်ယောက်ကနေပြီး ထုတ်ပြန်ထားတာ မဟုတ်ဘူး။ အခု ဒေါက်တာမျိုးညွန့်ပြောတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးတွေ မစွပ်စွဲဘူး။ ပုဂ္ဂိုလ်ရေး ချစ်ခြင်း၊ မုန်းခြင်း ပုဂ္ဂိုလ်ရေးအာဃာတတွေ မပြောဘူး။ မူဘောင်ပဲ ပြောမှာ ဖြစ်တဲ့အတွက် သေချာတာကတော့ သူက နိုင်ငံရေးအကျဉ်းသားဖြစ်တယ်” ဟု ဦးထွန်းကြည်က ရှင်းပြသည်။
အကျဉ်းသားအရေး ဆောင်ရွက်နေသောအဖွဲ့များ၊ တသီးပုဂ္ဂလများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်တချို့၊ အခြားနိုင်ငံရေးပါတီများ၊ ဥပဒေပညာရှင်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည့် နိုင်ငံသားအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ရေး ဆွေးနွေးပွဲတွင် အတည်ပြုထားသည့် ဖွင့်ဆိုချက်အတိုင်း ဒေါက်တာအေးမောင်ကို နိုင်ကျဉ်းအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း AAPP နှင့် FPPS တို့က ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီတွင် နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက် အတည်မပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တို့တွင်မှ အဓိပ္ပာယ်ဖွင့်ဆိုချက် သတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ရခိုင်အမျိုးသားပါတီခေါင်းဆောင်ဖြစ်သူ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် မတ်လ ၁၉ ရက်နေ့က ထောင်အနှစ် ၂ဝ စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့၏ ရသေ့တောင်မြို့ ဟောပြောချက်များမှာ ပြည်ထောင်စုပြိုကွဲစေရန် ရည်ရွယ်သဖြင့် ဥပဒေနှင့် ငြိစွန်းသည်ဟု တရားရုံးက ဆိုသည်။
၎င်းတို့နှစ်ဦးလုံးကို နိုင်ကျဉ်းအဖြစ် သတ်မှတ်ကြောင်း၊ အခြားသော နိုင်ကျဉ်းများနည်းတူ ၎င်းတို့ကိုလည်း ကူညီနိုင်ကြောင်း AAPP မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“နိုင်ကျဉ်းတွေနဲ့ ပတ်သက်ပြီး နှစ်နဲ့ချီ ထောင်ကျနေသူတွေကို ၃ လတစ်ကြိမ် ငွေကြေးထောက်ပံ့ပါတယ်။ သူတို့ရဲ့ ရသင့်ရထိုက်တဲ့ အကျဉ်းသားအခွင့်အရေးအတွက် တိုက်တွန်းမှုတွေ လုပ်ဆောင်ပေးပါတယ်။ သူတို့ရဲ့ လွတ်မြောက်ရေးအတွက် တိုက်တွန်းမှုတွေ လုပ်ဆောင်ပေးပါတယ်” ဟု ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း နိုင်ငံတော်ကို ထောင်ထားခြားနားပြီး အချုပ်အခြာဖြုတ်ချရန် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအာဏာကို လုရန် ဆောင်ရွက်ခြင်းအတွက် နိုင်ငံရေးပုဒ်မ ၁၂၂ (၁) နှင့် တရားစွဲ အပြစ်ပေးခံရသူကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ရမည်ဟု ပြောသည်။
ဒေါက်တာအေးမောင်တို့နှစ်ဦးနှင့် ပတ်သက်ပြီး အာဏာရပါတီ၏ ပြောဆိုချက်မှာ ယခင်စစ်အစိုးရ၏ မူဝါဒနှင့် ဆင်တူနေသည်ဟု သူက ဝေဖန်လိုက်သည်။
“ဒါ စစ်အစိုးရရဲ့လေတွေ။ ကျော်တင့်ဆွေက ဒေါ်စုကြည်ဟာ ရာဇဝတ်သားပါလို့ပြောခဲ့တာ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောခဲ့တာ။ အဲဒီလို ကိုယ့်ကို မတော်မတရားလုပ်ခဲ့တဲ့ ကိစ္စမျိုးတွေကို အမှားတွေကို ကိုယ့်အလှည့်ကျ အမှားနဲ့ တုံ့ပြန်ရင် မှားမှာပေါ့။ (ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားလို့) မသတ်မှတ်ဘူးဆိုသူဟာ သူကိုယ်တိုင် စစ်အာဏာရှင်လက်ထက်မှာ ထောင်မကျဖူးသူသော်လည်းကောင်း၊ နိုင်ငံရေးမလုပ်ဖူးသူ သော်လည်းကောင်း နိုင်ငံရေးနားမလည်သူ ဖြစ်လိမ့်မယ်။ ဘယ်သူက ဘယ်သူ့ကို ပုန်ကန်မှ နိုင်ငံရေးပုဒ်မ၊ နိုင်ငံရေးအကျဉ်းသားရယ်လို့ မရှိဘူး။ ဥပဒေက နှစ်မျိုး မရှိဘူး” ဟု ဦးသိန်းသန်းဦးက ပြောသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကမူ နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျသူ ရှိသော်လည်း နိုင်ငံရေးအကျဉ်းသားဟူ၍ အတန်းခွဲ၍ သတ်မှတ်ထားခြင်းမျိုး မရှိသကဲ့သို့ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးဟူ၍လည်း မရှိကြောင်း ဆိုသည်။
“ဘယ်လိုလူမျိုးကို နိုင်ငံရေးအကျဉ်းသားလို့ ခေါ်မှာလဲ။ ပြည်သူ့ရင်ပြင်ရှေ့မှာ မြို့တော်ခန်းမရှေ့မှာ အစိုးရကို ဆဲလို့ နိုင်ငံရေးအကျဉ်းသားလို့ ခေါ်မှာလား။ အဲဒီလိုဆိုရင် လူတွေက ထွက်ဆဲကုန်ကြမှာပေါ့။ အဲဒီလိုလည်း ဖြစ်မှာ စိုးရသေးတယ်။ ဘယ်လိုဟာကို နိုင်ငံရေးအကျဉ်းသားလို့ အန်ကယ်တို့တော့ သတ်မှတ်ထားတာ မရှိသေးဘူး။ အဲဒါကြောင့် သတ်မှတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တင်ပြထားတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။ ။