သတင်း

ဒေါက်တာအေးမောင်ကို ထောင်နှစ်ရှည်ချမှု ရခိုင်ဒေသ ထင်ရှားသူတို့ ရှုတ်ချ

အာဏာပိုင်တို့က ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်၊ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို  နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စွဲချက်များဖြင့် ယနေ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ် လူမှုရေး၊ နိုင်ငံရေး နယ်ပယ်မှ ထင်ရှားသူတို့က  ရှုတ်ချလိုက်ကြသည်။

ချမှတ်လိုက်သောပြစ်ဒဏ်သည် ရခိုင်အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်နေသော ရခိုင်လူထုအား အကြောက်တရားစိတ် ဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း၊ အကျိုးဆက်အားဖြင့် ရခိုင်လူထု၏ အမျိုးသားရေးစိတ်ဓာတ်များသည် အစွန်းရောက်သည့်ဘက်သို့ပင် တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

“တော်တော်ကို ရက်စက်တဲ့၊ ရိုင်းစိုင်းတဲ့ အမိန့်ချမှတ်မှုပဲ။ လက်ရှိအစိုးရအပေါ်မှာ၊ ပြည်ထောင်စုအစိုးရအပေါ်မှာ စီမံခန့်ခွဲမှုညံ့ဖျင်းလို့၊ တာဝန်မဲ့လို့ ရခိုင်ပြည်သူများ၏ ရပိုင်ခွင့်ကို လုံး၀ တန်ဖိုးမထားလို့ ဒီလောက် ရခိုင်ပြည်မှာ အမျိုးသားတော်လှန်ရေး တစ်ရပ်လို ဖြစ်နေကြတယ်။ အစိုးရ အတွက်လည်း မကောင်းပါဘူး။ ရှက်ဖို့ကောင်းပါတယ်။ လုံးဝရှုတ်ချတယ်” ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ ကိုထွန်းကြည်ကလည်း ဒေါက်တာအေးမောင်သည် ရခိုင်လူထု၏ထောက်ခံမှုကို ရရှိထားသော ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း၊ လတ်တလောတွင် အစိုးရစစ်တပ်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံတို့ မကျေနပ်မှုများ မြင့်မားနေခြင်း စသည်တို့ကို ထည့်မတွက်ဘဲ နိုင်ငံရေးအရ နှိပ်ကွပ်ရန် ချမှတ်လိုက်သော အမိန့်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

“ဒေါက်တာအေးမောင်လိုလူကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော်ထိ ချမှတ်တယ်ဆိုတာ နှိပ်ကွပ်မှုတစ်ခုလို့ပဲ ကျွန်တော်မြင်တယ်။ နောက်ပိုင်း နိုင်ငံရေးသမားတွေ ရခိုင်မှာ သင်ခန်းစာ ပေးလိုက်တာလို့ သုံးသပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးလှမြင့်ကလည်း အလားတူ ယူဆသည်။

“ပြည်ထောင်စု အစိုးရအပေါ် ရခိုင်ပြည်သူလူထုက မြင်တဲ့အမြင်က လုံး၀ စောင်းသွားနိုင်ပါတယ်။ နောက်ပြီး ဒါက နောင်တည်ဆောက်မယ့် ပြည်ထောင်စုစနစ်ကိုလည်း အဟန့်အတား ဖြစ်စေမယ်လို့ ထင်တယ်” ဟု ဦးလှမြင့်က ပြောဆိုသည်။

၂၀၁၈ ဇန်နဝါရီလလယ်ပိုင်း  ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်တွင် ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့နှစ်ဦး သွားရောက် ဟောပြောရာ ထိုဟောပြောချက်များသည် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုကာ ထိန်းသိမ်းခံခဲ့ရခြင်း  ဖြစ်ပြီး  ရုံးချိန်းပေါင်း ၄၁ ကြိမ် ကြားနာပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရခိုင်တိုင်းရင်းသားများ ထောက်ခံအားပေးသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး စာရေးဆရာ ဝေဟင်အောင်သည်လည်း ဒေသတွင်း ထင်ရှားသူတစ်ဦးဖြစ်သည်။

၎င်းတို့နှစ်ဦး၏အမှု စီရင်ချက်ချသည့်ယနေ့တွင် အာဏာပိုင်တို့က ခရိုင်တရားရုံးနှင့် စစ်တွေမြို့ လုံခြုံရေးအခြေအနေကို တိုးမြှင့်ထားသည်။

Show More

Related Articles

Back to top button