သတင်း

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် ဟောပြောမှုတို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် လွတ်မြောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများထံ တောင်းဆိုရန် အင်တာနက်မှတဆင့် လက်မှတ်များ ကောက်ခံလျက်ရှိသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့တွင် ၂၀၁၈ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ ကြိမ်မြောက်အထိမ်းအမှတ် အခမ်းအနားတွင် ၎င်းတို့နှစ်ဦး၏ ဟောပြောချက်များသည် ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

၂၀၁၉ မတ်လတွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် လှုံ့ဆော်မှု ၅၀၅ (ခ) တို့ဖြင့် ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် အကျဉ်းကျနေသည်မှာ ယခုအခါ ၁ နှစ်ခွဲကျော် ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတို့ကို ဦးတည်သွားနေသည့်အချိန်တွင် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထောင်ချလိုက်ခြင်းသည် တိုင်းရင်းသားများကြား နားလည်မှုနှင့် ယုံကြည်မှု၊ အမျိုးသားရင်ကြားစေ့ရေးတို့ကို ထိခိုက်စေသဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု လက်မှတ်များ ကောက်ခံနေသူတစ်ဦးဖြစ်သည့် ဦးခိုင်မြတ်ကျော်က ပြောသည်။ 

လက်မှတ်များကို အင်တာနက်မှတစ်ဆင့် ကောက်ခံနေပြီး လက်ရှိတွင် အလွှာစုံမှ လက်မှတ် ၅၀ ခန့် ကောက်ခံရရှိထားပြီးဖြစ်ကြောင်း၊ လက်မှတ် ၁၀၀ ခန့် ရရှိလျှင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပေးပို့တင်ပြမည်ဟု စစ်တွေအခြေစိုက် နိရဥ္စရာသတင်းဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် ဦးခိုင်မြတ်ကျော်က ဆိုသည်။

“ဒေါက်တာအေးမောင်တို့က ရခိုင်ပြည်နယ်ထဲမှာလည်း လူချစ်လူခင်များတယ်။ ရခိုင်ပြည်နယ်ထဲမှာလည်း နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ကို ဖမ်းထားတဲ့အတွက် ရခိုင်သားအများစုထဲမှာ မကျေနပ်မှုတွေ ရှိတယ်။ မကျေနပ်မှုတွေကို လျှော့ချဖို့ဆိုရင် ဒီလူတွေကို လွှတ်ပေးဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ ANP ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် ဒေါက်တာအေးမောင်သည် ပါတီမှ ခွဲထွက်ကာ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ တွင် တရားဝင်တည်ထောင်ခဲ့သည်။

၂၀၁၉ တွင် ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၀ မေလတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်း ထပ်မံ ပယ်ဖျက်ခံခဲ့ရသည်။ 

“လွှတ်ပေးတာ မလွှတ်ပေးတာက သူတို့ အပိုင်း။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အမြင်ကို တင်ပြရမယ်။ ဘာလို့လဲဆိုတော့ ရခိုင်တစ်မျိုးသားလုံးက ဒီကိစ္စနဲ့ပတ်သက်လို့ မကျေလည်မှုတွေ အများကြီးရှိတယ်။ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းအပေါ်မှာ လုံးဝယုံကြည်မှု ပျက်သွားတယ်” ဟု ဦးခိုင်မြတ်ကျော်က ပြောသည်။

ဒေါက်တာအေးမောင် အကျဉ်းကျခံနေရသော်လည်း ၎င်းတည်ထောင်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ အနိုင်ရခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖြစ်တည်လာမည့် အစိုးရသစ်လက်ထက်တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်ကို လွှတ်ပေးနိုင်ခြေရှိမရှိ မှတ်ချက်မပေးနိုင်ကြောင်း လက်ရှိအာဏာရပါတီလည်းဖြစ် ရွေးကောက်ပွဲလည်း ထပ်မံအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ဆိုသည်။

“တက်လာမယ့်အစိုးရက ဘယ်လို ဆောင်ရွက်မလဲဆိုတာတော့ ကျွန်တော်တို့က မှတ်ချက်ပေးလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ ဆင်ခြင်တုံတရားအရပဲ ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်းရင်းသားအချင်းချင်းကြားတွင် သဘောထားကွဲလွဲ၍ ရသော်လည်း ပြည်ထောင်စုမှ ခွဲထွက်ရန် အယူအဆမျိုးကို မဟောပြောသင့်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်ရန်၊ သီးခြားနိုင်ငံထူထောင်ရန် အယူအဆမျိုးကို လောလောဆယ် ခွင့်ပြုမည်မဟုတ်ဟု အာဏာရ NLD ပါတီ၏ ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒေါက်တာအေးမောင်၏ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေ ဦးကျော်ညွန့်မောင်ကမူ ၎င်းတို့သည် ထိုကဲ့သို့ အယူအဆထက် တိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးရရှိရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ 

“ရခိုင်သားတွေ တန်းတူညီမျှအခွင့်အရေးတွေ ရရှိဖို့ကိစ္စတွေ၊ တိုင်းရင်းသားတွေ မကျေမနပ်ဖြစ်နေကြတယ်၊ ဘာကြောင့် မကျေနပ်ဖြစ်နေလဲ၊ တိုင်းရင်းသားတွေဟာ ကျွန်လို ဖြစ်နေတယ်လို့ စိတ်ကခံစားရနေရရင် ဗမာတွေအနေနဲ့ စဉ်းစားသင့်တယ်၊ အဲဒါကြောင့် မျှမျှတတ ဖြစ်စေချင်တယ်… အဓိက အဲဒါတွေကို ပြောတာ။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့၊ အဓိကတော့ ဖက်ဒရယ်အပိုင်းကို ပြောတာပါ” ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ရခိုင်နိုင်ငံရေးတွင် ဩဇာရှိသူ ဒေါက်တာအေးမောင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ဘက် ကူးပြောင်းသွားသူများ ရှိနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ဆိုသည်။

“ဒေါက်တာအေးမောင်တို့ အဖမ်းခံရတာ အပါအဝင် ကျန်တဲ့လွှတ်တော်နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်ပျက်စရာဖြစ်နေတဲ့ အခြေခံအပေါ်မှာတော့ AA ဘက်ကို ရောက်သွားတာတော့ များနိုင်ပါတယ်။ ဒါပေမဲ့ ဒေါက်တာအေးမောင် တစ်ယောက်တည်းကြောင့်လို့တော့ ပြောလို့မရပါဘူး” ဟု ဦးမောင်မောင်စိုးက ပြောသည်။

Show More

Related Articles

Back to top button