သတင်း

နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ချခံထားရသည့် ဒေါက်တာအေးမောင်တို့၏ အထူးအယူခံတင်သွင်း

နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အမှု အထူးအယူခံကို လက်ခံသင့်၊ မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ယနေ့ (ဒီဇင်ဘာ ၁၀) တွင် တရားသူကကြီး ၂ ဦးက ကြားနာခဲ့သည်။

ပြစ်ဒဏ်ချခံရပြီး ၁၀ လခန့်အတွင်း အဆင့်ဆင့်တင်သွင်းခဲ့သည့် အယူခံများ ကြားနာခွင့်မရဘဲ ပယ်ချခံရပြီးနောက် ၎င်းတို့၏ရှေ့နေများက အထူးအယူခံတစ်ရပ်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စက်တင်ဘာလအတွင်း ထပ်မံတင်သွင်းခြင်းအပေါ် ယနေ့ ကြားနာနေခြင်း ဖြစ်သည်။

တရားသူကြီးနှစ်ပါးထိုင်တရားခွင်က တင်ပြထားသည့် အကြောင်းအရာများအနက် အားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ကြားနာရန်သင့်မသင့် ဆုံးဖြတ်မည်ဖြစ်ပြီး လက်ခံမည်ဆိုပါက ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီး ကိုးဦးစလုံးပါဝင်သည့် တရားခွင်၌ လျှောက်လဲချက်ပေးရမည်ဟု ဒေါက်တာအေးမောင်တို့၏ ရှေ့နေများက ရှင်းပြသည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်က ဒေါက်တာအေးမောင်နဲ့ တွေ့ခဲ့ပါတယ်၊ အထူးအယူခံ လက်ခံကြားနာခွင့်ရမယ်လို့ သူ မျှော်လင့်ထားပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်နုက ပြောသည်။

၎င်းတို့ကို ၂၀၁၈ ဇန်နဝါရီလအတွင်း ရသေ့တောင်မြို့၌ ကျင်းပသည့် ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားတွင် ဗမာများက ရခိုင်လူမျိုးများကို တန်းတူအခွင့်အရေး မပေးကြောင်း စသည့် ဟောပြောမှုများ ပြုလုပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖမ်းဆီး တရားစွဲခြင်းဖြစ်သည်။

ယင်းနောက် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးက ဒေါက်တာအေးမောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်နှစ် ၂၀၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂နှစ် တစ်ပေါင်းတည်းကျခံရန် မတ်လ ၁၉ ရက်က အမိန့်ချမှတ်ထားသည်။

ထိုသို့ပြစ်ဒဏ်ချခံရပြီးနောက် ပြည်နယ်နှင့် ပြည်ထောင်စု တရားလွှတ်တော်တို့သို့ အယူခံအဆင့်ဆင့်တက်ရာတွင် ကြားနာခွင့်ပင်မပြုသည့် အကျဉ်းနည်းဖြင့်သာ ပလပ်ခံခဲ့ရ၍ ယခုကဲ့သို့ အထူးအယူခံ ထပ်မံလျှောက်ထားရခြင်းဖြစ်ကြောင်း ဒေါက်တာအေးမောင်တို့၏ ရှေ့နေများက ရှင်းပြသည်။

၎င်းတို့ တင်သွင်းခဲ့သည့် အထူးအယူခံတွင် စစ်မက်ပြိုင်ဆိုင်မှုနှင့် နိုင်ငံတော်ပုန်ကန်မှု ပြုလုပ်ခဲ့ခြင်းရှိမရှိ၊ ဟောပြောချက်များကို အသံသွင်းထားသည်ဆိုသော မိုဘိုင်းဖုန်း သက်သေခံအဖြစ် တရားခွင်သို့ရောက်မလာဘဲ စီဒီချပ်တွင်ပါဝင်သည့် စကားများဖြင့် စီရင်ချက်ချခြင်းသည် လျော်ကန်မှုရှိမရှိ၊ တစ်ချိန်တည်း၊ တစ်နေရာတည်း ဆောင်ရွက်မှုကို ပုဒ်မနှစ်ခုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းသည် သင့်မြတ်မှုရှိမရှိ စသည့်အကြောင်း ၃ရပ်ကို ဆုံးဖြတ်ပေးရန် ပါဝင်သည်။

ယနေ့တရားခွင်အတွင်း ရှေ့နေများက ၎င်းတို့၏ အမှုသည်များမှာ မထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ခံထားရကြောင်း တင်ပြလျှောက်လဲမှုများ ပြုလုပ်ခဲ့ကြသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့မှာ ဟောပြောပွဲ၏ ခေါင်းစဉ်ဖြင့် လိုက်လျောညီထွေ ဆောင်ရွက်ကြခြင်းသာဖြစ်ပြီး စစ်မက်ဖက်ပြိုင်ခြင်းမရှိသကဲ့သို့ အစိုးရကို ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုလည်း မမြောက်ကြောင်း ၎င်းတို့၏ ရှေ့နေများက တင်ပြခဲ့ကြသည်။

ထို့အတူ ဟောပြောချိန်၌ ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခြင်းမရှိသေးသည့် တိုက်ပွဲများကို ထည့်သွင်းစဉ်းစား၍ စစ်တွေခရိုင်တရားရုံးက စီရင်ချက်ချခဲ့ခြင်းမှာ တရားမျှတမှုမရှိသည့်အကြောင်းကိုလည်း ဒေါက်တာအေးမောင်တို့၏ရှေ့နေများက လျှောက်လဲခဲ့ကြသည်။

ယင်းအပြင် အဆိုပါရှေ့နေများက နှစ်ပေါင်း ၇၀နီးပါးကြာ ပြည်တွင်းစစ်ပေါ်ပေါက်ခဲ့သည့် သင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ဟောပြောပွဲသို့ လာရောက်သည့် ပရိသတ်နားလည်အောင် ဒေါက်တာအေးမောင်တို့က ပြောဆိုခဲ့ခြင်းသာဖြစ်သည်ကို ထည့်သွင်းစဉ်းစားပေးပါရန် တရားသူကြီးနှစ်ဦးထံ ပန်ကြားသည်။

“နိုင်ငံရေးသမားတစ်ယောက် နိုင်ငံရေးစကားပြောတာ ဒီလိုရဲရဲတောက်ပြောရမှာပါပဲ” ဟု ဒေါက်တာအေးမောင်၏ရှေ့နေ ဦးခင်နုက ထုချေသည်။

ထို့အတူ စာရေးဆရာဝေဟင်အောင်၏ရှေ့နေ ဒေါ်အေးနုစိန်ကလည်း “စာရေးဆရာတစ်ယောက်၏ အခမ်းအနားခေါင်းစဉ်နှင့် လျော်ညီစွာဟောပြောမှုများသည် နိုင်ငံတော်ပုန်ကန်မှုမြောက်မမြောက် စဉ်းစားပေးရန်” တရားခွင်၌ ပြောသည်။

ယနေ့တရားခွင်အတွင်း တရားလိုနှင့် အစိုးရရှေ့နေများဘက်မှ လျှောက်ထားမှုတစ်စုံတစ်ရာ မရှိခဲ့သလို အထူးအယူခံ လက်ခံကြားနာရန်သင့်မသင့် မည်သည့်နေ့ရက်တွင် ဆုံးဖြတ်မည်ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အတည်မပြုသေးပေ။

Show More

Related Articles

Back to top button