သတင်း

ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၁၈ ရက်စွဲဖြင့် ယနေ့ ထုတ်ပြန်ကြေညာသည်။

“စီရင်ချက်ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်ရှင်က ကြေညာသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ နောင်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်းလည်း ထည့်သွင်းကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ) တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အလိုလျောက်ပယ်ဖျက်ပြီးဖြစ်သည်။ ထို့ပြင် ပုဒ်မ ၈၈ (က) အရ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်ထိုက်သည့် ပြစ်မှုဖြင့် စီရင်ခံရပြီး ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရသူသည် ထပ်မံ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပေ။

‌ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ်၊ ဧပြီတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၁၈ ဇန်နဝါရီ လလယ်ပိုင်း က ရသေ့တောင်မြို့တွင် ပြုလုပ်သော ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်တွင် စာရေးဆရာ ဝေဟင်အောင်နှင့်အတူ ဟောပြောချက်များသည် ဥပဒေနှင့် ငြိစွန်းသည်ဟု ဆိုကာ ထိန်းသိမ်းခံခဲ့ရသည်။

စစ်တွေခရိုင် တရားရုံးတွင် ၎င်းတို့ကို ရုံးချိန်းပေါင်း ၄၁ ကြိမ် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၉ ခုနှစ် မတ် ၁၉ တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

စစ်တွေခရိုင်တရားရုံးက ချမှတ်သည့် အမိန့်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံ ၃ ကြိမ် တက်ခဲ့သော်လည်း ၎င်းတို့၏ အယူခံမှုကို အထက်တရားရုံး အားလုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာအေးမောင်သည် ရခိုင်နိုင်ငံရေးသမားများအနက် ရခိုင်တိုင်းရင်းသားများ အထူးထောက်ခံအားပေးမှု ရရှိခဲ့သူတစ်ဦး ဖြစ်သည်။

Show More

Related Articles

Back to top button