
အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင်း ဆွေးနွေးနေမှုများကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ဒေသခံတို့က ယနေ့ နံနက်ပိုင်းတွင် မြို့အတွင်း လှည့်လည် ချီတက်ခဲ့ကြသည်။
ကျောက်ဆည်မြို့ ဆင်ပြိုင်ကွင်းမှ စတင်သော ဆန္ဒဖော်ထုတ်မှုတွင် ရာပေါင်းများစွာသော ဒေသခံများ ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ကတည်းကပင် ဒေသခံတို့ လမ်းပေါ်ထွက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ကျောက်ဆည်မြို့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုသံမဏိက ပြောသည်။
“ကျွန်တော်တို့က မူအရသာ ဖွဲ့စည်းပုံပြင်ဖို့ ဆိုပြီး ခေါင်းစဉ်တပ်ထားတာ၊ တကယ်က လုပ်ချင်တာက ဖွဲ့စည်းပုံ အလုံးစုံ ဖျက်သိမ်းရေး လုပ်ချင်တာပါ။ ဘာလို့ဆိုတော့ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ တစ်ယောက်မှမပါဘဲ ရေးထားတဲ့ ဖွဲ့စည်းပုံကြီးမို့လို့ပါ” ဟု ကိုသံမဏိက ဆိုသည်။
ဆန္ဒပြသည့်နေရာသို့ ရောက်လာကြသူ များထံမှ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံကြောင်း လက်မှတ် ကောက်ခံရာ လက်မှတ် ၅၈၀ ရရှိကြောင်း သူက ဆက် ပြောသည်။
ဆန္ဒပြသူတို့သည် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြည်သူအားလုံး ဝန်းရံစို့၊ ဒီမိုကရေစီစံနှုန်းညီရေး အခြေခံဥပဒေ ပြင်ဆင်ပေး၊ နိုင်ငံအနာဂတ်ကောင်းမွန်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး အစရှိသည့် ဗီနိုင်းများ ကိုင်ဆောင်ခဲ့ကြသည်။
ဆန္ဒပြသည့် အစီအစဉ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အထက်မြန်မာပြည် ဥက္ကဋ္ဌ ကိုသန့်ဇင်၊ ကဗျာဆရာ ထွဏ်သွေးအိမ် တို့လည်း ပါဝင် ဟောပြောခဲ့ကြသည်။
အလားတူ ထောက်ခံပွဲများကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုမြို့နယ်တို့တွင်လည်း ယနေ့ ပြုလုပ်ခဲ့ကြသည်။
အခြေခံဥပဒေပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်၏ ပြီးခဲ့သည့် ရက်များအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ကြရာ အရပ်သားအမတ်များ၊ တပ်မတော်က စေလွှတ်သည့် စစ်အရာရှိများ အများအပြား ဝင်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲမတိုင်ခင် ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အတည်ပြုဖွဲ့စည်းရာ အာဏာရပါတီမှ အမတ်များက နေရာအများစု ရယူခဲ့သည်။
လွှတ်တော်ဆွေးနွေးပွဲများအတွင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီမှ အမတ်တချို့၊ တပ်တော်သားကိုယ်စားလှယ် အများအပြားက ထိုကော်မတီနှင့် ပတ်သက်ပြီး အကြီးအကျယ် ကန့်ကွက် ဆွေးနွေးသည်ကို တွေ့ရသည်။
ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်များထဲတွင် ရွေးကောက်ပွဲများမှ တက်လာသူက ၇၅ ရာခိုင်နှုန်း ရှိပြီး တပ်မတော်က စေလွှတ်သည့် ကိုယ်စားလှယ်မှာ ၂၅ ရာခိုင်နှုန်း ရှိသည်။
အာဏာသိမ်းတပ်မတော်အစိုးရ စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေပါ ပုဒ်မတစ်ခုကို မည်သည့် အချက်ကိုမဆို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှု လိုအပ်သည်။
ပြင်ဆင်မည့် အစီအစဉ်ကို လွှတ်တော်ထဲမှ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလျှင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည့်အဆင့် ကျန်နေသေးသည်။
ထိုအဆင့်တွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်က ထောက်ခံပါက ပြင်ဆင်မှု အောင်မြင်ပြီ ဖြစ်သည်။
ညနေ ၄:၀၀ နာရီ မှတ်ချက်
===========
“အခြေခံဥပဒေပါ မည်သည့် အချက်ကိုမဆို” ဟူသည့် စကားစုကို “အခြေခံဥပဒေပါ ပုဒ်မတစ်ခုကို” ဟု ပြင်ဆင်ထားပါသည်