
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်စတင်မည်ဆိုပါက လက်ရှိတွင် လူထုထောက်ခံမှုအမြင့်ဆုံး နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၎င်း၏ မဲဆန္ဒရှင် ပြည်သူလူထုအကြားတွင် စိတ်ဝမ်းကွဲလွဲမှုများ ရှိလာနိုင်သည်ဟု ဝေဖန်သူတချို့က သုံးသပ်နေကြသည်။
ယခုလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား မြစ်ဆုံအရေးနှင့်ပတ်သက်ပြီး “အမြင်ကျယ်ကျယ်ဖြင့် အဘက်ဘက်မှ စဉ်းစားရန်” တိုက်တွန်းပြောကြားသည့်အပေါ် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူအများအပြားက စီမံကိန်းပြန်စမည့် အရိပ်လက္ခဏာများလားဟု ယူဆလာကြသည်။
မြန်မာပြည်တွင် နိုင်ငံရေးပြဿနာများစွာ ရှိနေသည့်အနက် မြစ်ဆုံကိစ္စမှာ နိုင်ငံအတွက် အလွန်ကြီးမားသည့် ပြဿနာတစ်ခုဖြစ်သည်ဟု ထင်မြင်ကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခဟောင်း စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောသည်။
“ပြည်သူနဲ့ NLD စိတ်ဝမ်းကွဲစရာ အကြောင်းတစ်ခုက ဒီမြစ်ဆုံနဲ့လည်း အများကြီးဆိုင်တယ်လို့ ကျွန်တော်မြင်တယ်။ ပြည်သူဘက်က ကြည့်ရင်တော့ ဧရာဝတီဟာ ဒီတစ်ခုတည်းရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အသက်သွေးကြော နေရာ ဆိုပြီးတော့ လက်ခံထားတဲ့နေရာပေါ့။ အဲဒါကြီးကို သွားထိမယ်ဆိုရင် မကြိုက်ကြဘူး” ဟု ၎င်းက ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့လူထုတွေ့ဆုံပွဲတွင် မြစ်ဆုံစီမံကိန်းအနာဂတ်အကြောင်း ယတိပြတ်မပြောခဲ့သဖြင့် ပြန်စတင်လိုသည့် အရိပ်အယောင်များလားဟု ပြည်သူကြားတွင် ဆွေးနွေးဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
ပြည်သူအမြင်ကျယ်ပါ – ဒေါ်စု
ကန့်ကွက်မှုများကြောင့် ကာလအတန်ကြာ ရပ်နားထားခဲ့ရသည့် မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်၊ မဖော်မည်ကို ပြည်မြို့တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်မပြောကြားခဲ့ဘဲ စီမံကိန်းများကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားရန် ပြည်သူလူထုကို စောင်းပါးရိပ်ခြည် ပြောခဲ့သည်။
“အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့် ဆိုတာ ရှင်းပြမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဧရာဝတီမြစ်ဘေးတွင် တည်ရှိသည့် ပြည်မြို့သို့ ရောက်ရှိစဉ် ပြောသည်။
နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်များတွင် အစိုးရအပြောင်းအလဲကို အကြောင်းပြ၍ မကြာခဏ သဘောထားပြောင်းလဲရန် ခက်ခဲကြောင်း၊ ကမ္ဘာ၏ယုံကြည်မှုရရှိရန် စကားတည်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
“အရင်တုန်းက စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျွန်မတို့ကနေပြီးတော့၊ ကျွန်မတို့အစိုးရတက်ပြီ၊ ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီလိုလုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံ မဟုတ်ဘူး၊ အစိုးရတစ်ခုတက်ရင် တစ်မျိုး၊ ငါတို့ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ် ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာဖြစ်သွားရင် ကျွန်မတို့နိုင်ငံကို ထိခိုက်တတ်တယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ဆိုသည်။
ဇန်နဝါရီလတွင် မြစ်ကြီးနားရောက် တရုတ်သံအမတ်က ကချင်နိုင်ငံရေးသမားတချို့နှင့် တွေ့ဆုံပြီး စီမံကိန်းကို ပြည်သူလူထု ဆန့်ကျင်ခြင်းမပြုရေးအတွက် တိုက်တွန်းပေးရန် ပြောကြားခဲ့သည်ဟု သိရသည်။
မတ်လဆန်းတွင်လည်း ယူနန်ပြည်နယ်အာဏာပိုင်တို့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် တွေ့ဆုံစဉ် တရုတ်က မြစ်ဆုံရေကာတာကို မဖြစ်မနေတည်ဆောက်မည်ဟု ပြောဆိုခဲ့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ဤပြောဆိုမှုများအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဧရာဝတီမြစ်ကြီးစတင်ရာ မေခနှင့် မလိခ မြစ်ဆုံအနီးတွင် အကောင်အထည်ဖော်မည့် အငြင်းပွားဖွယ်စီမံကိန်းသည် တပ်မတော်အစိုးရလက်ထက်က ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်က ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ဤစီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားအများစုကို တရုတ်က ရမည်ဖြစ်ပြီး စီမံကိန်းကြောင့် မြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင်ရမည့် မြန်မာက အနည်းစုရမည် ဖြစ်သည်။
ယခင်အစိုးရလက်ထက်တွင် ဦးသိန်းစိန်က ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ဤစီမံကိန်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံစီမံကိန်းကို ပြည်သူအများ ကန့်ကွက်နေကြချိန်တွင် ၎င်းကိုယ်တိုင် စီမံကိန်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထောက်ခံကာ ဧရာဝတီမြစ်ကို ကယ်တင်ပေးကြပါရန် နိုင်ငံတကာသို့ပါ မေတ္တာရပ်ခံခဲ့သူဖြစ်သည်။
ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ၎င်းတို့ပါတီ အာဏာရပါက မြစ်ဆုံစာချုပ်ပါ အချက်များကို ပြည်သူအား ဦးဆုံးချပြမည်ဟု ကတိပေးခဲ့သူဖြစ်သည်။
သို့သော်လည်း NLD သည် အာဏာရခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်ချိန်အထိ စာချုပ်ပါ အချက်အလက်များကို ချပြခြင်း မရှိသေးသလို စီမံကိန်းနှင့် ပတ်သက်ပြီး သဘောထားတစ်ခု၊ မူဝါဒတစ်ရပ်ကို အတိအလင်းကြေညာခြင်းလည်း မရှိသေးပေ။
နိုင်ငံရေးအပေးအယူရှိနိုင်လား
အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ဦးရဲထွဋ် (စာရေးဆရာ ဝင်းထွဋ်ဇော်) က ဒေါ်အောင်ဆန်းစုကြည် ယခုလို လေသံပြောင်းသွားသည်မှာ ၎င်းနှင့် တပ်မတော်အကြား နိုင်ငံရေးအရ အပေးအယူရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“နိုင်ငံရေးမှာ အပေးအယူတွေတော့ ရှိနိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစာချုပ်ကို ချပြမယ်လို့ ပြောတယ်လေ။ သူတို့ရွေးကောက်ပွဲမတိုင်ခင်ကတည်းက။ သူတို့ အာဏာရရင် မြစ်ဆုံစာချုပ်ကို ချပြမယ်ပြောပြီး အဲဒါလုပ်မှ မလုပ်နိုင်ဘဲနဲ့” ဟု ၎င်းက ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ မြန်မာအစိမ်းရောင်ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်ကမူ မြစ်ဆုံစီမံကိန်းမှာ စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်များဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခေါင်းခံပေးဖို့ မလိုဟု ပြောသည်။
“ဧရာဝတီကိုတော့ မပေးချင်ပါဘူး” ဟု ၎င်းက ပြောသည်။
အိပ်ပျော်နေတဲ့ မြစ်ဆုံကော်မရှင်
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပြီးနောက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်မည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ခဲ့ကြသည်။
ထို့နောက် သမ္မတဟောင်း ဦးထင်ကျော်က ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့အပြင် ပြည်ထောင်စုဝန်ကြီး ငါးဦး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးတို့အပါအဝင် စုစုပေါင်း ကော်မရှင်အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့သည်။
ထိုကော်မရှင်က အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို လေ့လာစိစစ်အကြံပြုချက်များကို အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်။ ထိုကော်မရှင်တွင် ဦးတီခွန်မြတ်က ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အတွင်းရေးမှူးအဖြစ် အသီးသီးတာဝန်ယူထားသည်။
ထိုနှစ်အောက်တိုဘာလအတွင်း CPI Yunnan International Power Investment ကုမ္ပဏီက ကော်မရှင်ကို နေပြည်တော်တွင် နှစ်ကြိမ် လာရောက်တွေ့ဆုံပြီး ဧရာဝတီမြစ် ရေအားလျှပ်စစ်စီမံကိန်းများအကြောင်း ရှင်းပြခဲ့သည်ဟု ကော်မရှင်က နောက်တစ်လတွင် သတင်းထုတ်ပြန်သည်။
၂၀၁၆ ခုနှစ် ကော်မရှင်စတင်ဖွဲ့စည်းချိန်က စတင်ပြီး နေပြည်တော်တွင် ကော်မရှင်အစည်းအဝေး များစွာပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာ နှစ်ကြိမ်တင်သွင်းခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
ကော်မရှင်ဖွဲ့စည်းပြီးမကြာမီ မြစ်ဆုံသို့ တစ်ကြိမ်သွားရောက်ခဲ့ရပြီး နောက်ဆုံးအစီရင်ခံစာကို ၂၀၁၇ နှစ်ကုန်ပိုင်းက တင်သွင်းခဲ့ပြီးနောက် ကော်မရှင်လှုပ်ရှားမှုများ ရပ်တန့်နေဟန်ရှိကြောင်း ၎င်းက ပြောသည်။
“ကျွန်မတို့ကို ခုချိန်ထိ အစည်းအဝေးလည်း ပြန်မခေါ်ဘူး။ ဘာမှထပ်ပြီးတော့ ညွှန်ကြားတာတို့ ဘာတို့လည်း မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
မြစ်ဆုံစီမံကိန်းလေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာထွက်ပေါ်လာမည်ကို စောင့်ကြည့်နေကြပြီး ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းစာချုပ်ကိစ္စများလည်း ပါဝင်ကြောင်း၊ ထိုအစီရင်ခံစာအပေါ်မူတည်ပြီး အစိုးရနှင့် လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက DVB သတင်းဌာနကို ယခုနှစ်ဆန်းပိုင်းက ပြောကြားခဲ့သည်။
ထိုအစီရင်ခံစာကို အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး လွှတ်တော်၏ သဘောထားဆုံးဖြတ်ချက်ကို ရယူကာ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။
ဒေါက်တာခင်မောင်ညိုက ထိုကော်မရှင်မှာ အစိုးရက ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်နေ၍ ၎င်း၏ သမာသမတ်ကျမှုအပေါ် ယုံကြည်ရန် ခက်ခဲသည်ဟု ဆိုသည်။
“နိုင်ငံရေးဆိုတာက ငှက်တစ်ကောင်ကို ကိုင်ထားတဲ့လူလိုပဲ။ ငှက်ကို အသေလိုချင်လား၊ အရှင်လိုချင်လား။ ခင်ဗျားသေချင်ရင်လည်း သေလို့ရတယ်။ ရှင်ချင်လည်း ရှင်လို့ရတယ်။ ကော်မရှင်အစီရင်ခံစာကို အဲဒီလိုပဲ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။