သတင်း

မြစ်ဆုံအနီး တပ်စွဲထားသည့် စစ်တပ်စခန်းသုံးခု စွန့်ခွာသွား

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာသွားခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၁) တွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်ရှိ ဧရာဝတီမြစ်ဆုံအနီး တပ်စွဲထားသည့် စစ်သားများနှင့် ရဲများ စခန်းသုံးခုကို တစ်ပြိုက်နက် စွန့်ခွာသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ဆုံအထက်ပိုင်း အင်ဂျန်းယန်မြို့သို့ သွားရာလမ်းပေါ်ရှိ ဂွေထောင်ရွာအခြေစိုက်တပ်စခန်း၊ ဇွပ်မိုင်ယန်ရွာရှိ ၁၆ မိုင်တပ်စခန်းနှင့် မြို့ပေါ်၌ တပ်စွဲထားသည့် စစ်သားနှင့် ရဲများ ဆုတ်ခွာသွားခြင်း ဖြစ်သည်။

“သူတို့ (စစ်ကောင်စီ) တပ်စွဲထားတဲ့နေရာတွေက ဒီတိုင်း….ထားခဲ့တာ။ အကုန်မရှိတော့ဘူး။ ခွေးတွေပဲ ကျန်တော့တယ်။ ဘယ်လို အခြေအနေကြောင့်လဲတော့ မသိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ (နိုဝင်ဘာ ၂၂) ပြောသည်။

“ကျွန်မတို့တောင် အံ့သြနေတာ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ အကုန်လုံး ဆုတ်သွားကြတယ်ဆိုတော့ ဘာလဲ မသိဘူးပေါ့။ သေနတ်သံတစ်ချက်မှ မကြားဘူး”

လက်ရှိတွင် အင်ဂျန်းယန်မြို့နယ်အတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်သွားလမ်းပေါ်ရှိ တန်ဖရဲရွာအနီးမှ စစ်တပ်စခန်းတစ်ခုသာ ကျန်ရှိတော့သည်ဟုလည်း အထက်ပါ အမျိုးသမီးက ဆိုသည်။

မြစ်ဆုံအနီးမှ စစ်တပ်စခန်းများ ဆုတ်ခွာသွားခြင်းအပေါ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် “စစ်ဖြစ်တဲ့အခြေအနေ မရှိပါဘူး။ သူတို့ဘာသာသူတို့ ပြောင်းသွားတာဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ ဘာမှမရှိဘူး” ဟု ပြောသည်။

KIA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်သော အင်ဂျန်းယန်မြို့နယ်ရှိ စစ်ဘက်ဝန်ထမ်းများသာမက အရပ်ဘက်ဝန်ထမ်းများပါ စွန့်ခွာသွားခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“အင်ဂျန်းယန်မြို့နယ်ကတော့ သွေးမစွန်းဘဲ အပ်လိုက်ပါပြီ” ဟု ဒေါက်တာတူးခေါင်က ဆိုသည်။

ပြန်ဆုတ်သွားသည့် စစ်တပ်စခန်းသုံးခုမှာ အင်အားရာဂဏန်းဖြင့် ပုံမှန်တပ်စွဲလေ့ရှိသည့် စခန်းများဖြစ်ကာ KIA တပ်မဟာ ၁ နယ်မြေအတွင်းက အရေးပါသည့် တပ်စခန်းများဖြစ်သည်ဟု ဒေသအခြေစိုက် Kachin News Group က ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်းသာမက ရခိုင်နှင့် အခြားဒေသများတွင်ပါ နေ့စဉ် တိုက်ပွဲများ ရင်ဆိုင်နေရသည်။ ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် စတင်သည့် “၁၀၂၇” စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က စစ်စခန်းအမြောက်အမြားနှင့် မြို့တချို့ လက်လွတ်ဆုံးရှုံးထားသည်။

Show More

Related Articles

Back to top button