
ရန်ကုန် – ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အဂတိလိုက်စားမှု တိုင်ကြားချက်များကို လက်ခံရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပထမဆုံးသော ရုံးခွဲအဖြစ် ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်း အမှတ် ၆၂ (က) ၌ ယနေ့ နံနက်တွင် ရုံးခွဲစတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်တိုင်းရုံးခွဲသို့ တိုင်စာပေးပို့မှုများကို လက်ခံစိစစ်ပြီး နေပြည်တော်ရုံးချုပ်မှ ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး ဆုံးဖြတ်မည် ဟု လတ်တလောတွင် ရန်ကုန်တိုင်းရုံးခွဲတွင် တာဝန်ထမ်းဆောင်မည့် ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က ပြောသည်။
ရန်ကုန်တိုင်းတွင် ရုံးခွဲမရှိသဖြင့် ယခင်က အဂတိလိုက်စားမှုများကို စစ်ဆေးရာတွင် ဝန်ကြီးဌာနများထံ ခွင့်တောင်းကာ စစ်ဆေးခဲ့ရပြီး ယခုအခါ ရန်ကုန်ရုံးခွဲတွင် စစ်ဆေးခန်းများပါ တည်ဆောက်ထား၍ ထိုရုံးခွဲတွင်ပင် စစ်ဆေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်ကော်မရှင်ရုံးခွဲသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သတင်းစကားများကို ဖလှယ်ရာ၊ အကြံပေးဆွေးနွေး တိုင်ပင်ရာ၊ လေ့ကျင့်သင်ကြားပေးသော နေရာ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရာနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာ နေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။
ဦးအောင်ကြည် ဦးဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်း တိုင်းဥပဒေအရာရှိချုပ် ဦးဟန်ထူးနှင့် တရားရေးအရာရှိ ငါးဦးကို အဂတိလိုက်စားမှုဖြင့် တရားစွဲခြင်း၊ အကောက်ခွန်အရာရှိ ၃၂ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်တရားစွဲခြင်း စသည်တို့ကြောင့် ကော်မရှင်အပေါ် အများပြည်သူ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။
ကော်မရှင်လက်ထက်တွင် အမြင့်ဆုံးသော အရေးယူမှုမှာ ပြီးခဲ့သည့်သီတင်းပတ်ကုန်အတွင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်အပါအဝင် လူသုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူအများအပြား၏ ကြိုဆိုမှုကိုရရှိခဲ့သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲများကို တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနှစ်အတွင်း မန္တလေးတိုင်းတွင် ဆက်လက်ဖွင့်လှစ်မည်ဟု ဦးအောင်ကြည်က ဆိုသည်။