ရန်ကုန် – ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ဆေးရုံသို့ မတ်လ ၁၂ နေ့ညပိုင်းက လူနာသွားပို့သည့် လူကိုးဦးကို မြောက်ဦးရဲစခန်းက အများဆုံး ထောင်သုံးနှစ်အထိ ချနိုင်သော မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊(၂) ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ယနေ့တွင် Myanmar Now ကို ပြောသည်။
မင်းပြားမြို့နယ် ပန်းမြောင်ကျေးရွာအုပ်စု သပေါ့စာတဲစုနေ ကိုလှမောင်ဝင်းသည် အပြင်းဖျားနေသောကြောင့် အနီးအနားရွာမှ နာရေးကူညီသူ ၆ ဦးနှင့် ကားသမား ၃ ဦးတို့က ၎င်းကို မြောက်ဦးမြို့နယ် ဆေးရုံသို့ပို့ဆောင်ပေးရန်သွားရောက်စဉ် မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ကိုးဦးအနက် ခြောက်ဦးမှာ အနီးအနားရွာမှ ရွာသားများဖြစ်ပြီး ကားသမားသုံးဦးမှာ မြောက်ဦး မြို့ပေါ်မှဖြစ်သည်ဟု သိရသေးပြီး ကျန်အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
၎င်းတို့ ၉ ဦးကို တပ်မတော်တပ်ရင်းတစ်ခုက ဖမ်းဆီးသွားကြောင်း ချောင်းသစ်ရွာသားများက ပြောဆိုချက်အရ သိရှိရခြင်းဖြစ်ပြီး မည်သည့် တပ်ရင်းက ဖမ်းဆီးသွားသည်ကို အတည်ပြု၍မရကြောင်း ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ပြောသည်။
“ အခုသူတို့အားလုံးကို မြောက်ဦးရဲစခန်းမှာဖမ်းထားတယ်လို့သိရတယ်။ လူနာလည်းဆုံးသွားပြီ ” ဟု ဦးသိန်းရွှေမောင်က ပြောသည်။
သေဆုံးသွားသည့် လူနာသည် မြောက်ဦးမြို့နယ် ဆေးရုံသို့ရောက်ရှိနေပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့သေဆုံးကြောင်းနှင့် ဆေးရုံသို့ မည်သူ လာရောက် ပို့ဆောင်ထားကြောင်းကိုလည်း မသိရသေးဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။
သေဆုံးသူ ကိုလှမောင်ဝင်း၏အလောင်းအား မိသားစုဝင်များက ဆေးရုံတွင် သွားရောက်ခေါ်ယူပြီး ယနေ့ညနေတွင် မြောက်ဦးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူ ၉ ဦး၏ အမှုအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ရာ မြောက်ဦးမြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူး အောင်သူမျိုးက လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
ဖမ်းဆီးခံရသူများထဲမှ တစ်ဦးဖြစ်သည့် ကိုဇော်နိုင်ဌေး၏ ဖခင် ဦးမောင်ကျော်သာက ၎င်း၏သားဖြစ်သူမှာ လယ်ယာလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများနှင့်မှလည်း ဆက်သွယ်သူမဟုတ်ကြောင်း ပြောသည်။
“ ကျွန်တော့်သားကို အပြစ်မရှိဘဲဖမ်းတာကိုတော့ တအားစိတ်ဆိုးတာပဲ ” ဟု ၎င်းက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာလမှစ၍ ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဧရိယာနှင့် နီးသည့် ဒေသခံများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့်ဆက်သွယ်သည်ဟု ဆိုကာ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ (၂) ဖြင့် ဖမ်းဆီးခံရခြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။