
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မတ်လ ၉ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်သား ၄ ဦး နှင့်အတူ ဖမ်းမိခဲ့သည့် ဆောက်လုပ်ရေးလုပ်သား ၇ ဦးကို ပြန်လွှတ်ပေးရန် ပြင်ဆင်နေကြောင်း ရက္ခိုင့်တပ်မတော် AA ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပလက်ဝမြို့နယ် ပီချောင်းဒေသ ပြန်ဆိုရွာအနီးရှိ တပ်မတော်ဗျူဟာကုန်းတစ်ခုကို သိမ်းယူခဲ့ပြီးနောက် Backhoe မြေတူးကား ၁၆ စီး၊ Toyota ကား ၁ စီး၊ ကျောက်တင်ကား ၁ စီး၊ စစ်လက်နက်ပစ္စည်းအမြောက်အမြားနှင့် သုံ့ပန်း ၁၁ ဦး ဖမ်းမိကြောင်း မတ်လ ၁၁ ရက်နေ့တွင် AA မှထုတ်ပြန်ခဲ့သည်။
သုံ့ပန်းများထဲမှ ၇ ဦးသည် အရပ်သားများဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများအရ ဆောက်လုပ်ရေးလုပ်သားများဖြစ်ကြောင်း AA ပြောခွင့်ရ အရာရှိ ခိုင်သုခက အတည်ပြုသည်။
“ အရပ်သားတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ စီစဉ်နေပါတယ်။ ဘယ်လိုနည်းနဲ့ ပြန်လွှတ်မယ်ဆိုတာကို အောက်ခြေတပ်ဖွဲ့တွေက စီစဉ်ပါလိမ့်မယ် ” ဟု ၎င်းက ပြောသည်။
သို့သော် တပ်မတော်သား ၄ ဦးကို ဆက်လက် ထိန်းသိမ်းထားမည်ဟု AA အရာရှိကဆိုပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိဟုလည်း ဆိုသည်။
မတ်လ ၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်နေစဉ် AA အဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဆောက်လုပ်ရေးလုပ်သားများကို လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် အဆိုပါ လုပ်ဆောင်ချက်များကြောင့် စစ်ဆင်ရေးများကို ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးရုံး၏ထုတ်ပြန်ချက်ကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တိုက်ပွဲစဉ်များနှင့်ပတ်သက်ပြီး တပ်မတော်၏ သီးခြားအတည်ပြုချက်တော့ မရသေးပါ။
အတည်ပြုချက်ရရှိရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ထံ Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ နေ့လယ်အထိ အဆက်အသွယ်မရသေးပါ။
တိုက်ပွဲများသည် ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက် မျက်လှဲရွာနှင့် ဗုဒ္ဓေါရွာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြောင်းနှင့် တပ်မတော်ဘက်မှ ရဟတ်ယာဉ်များအသုံးပြုပြီး စက်သေနတ်များ၊ ရော့ကတ်လောင်ချာများနှင့် တိုက်ခိုက်မှုများ ရှိကြောင်း AA က ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သော မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များတွင် တပ်မတော်နှင့် ၎င်းတို့အကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။