
ရန်ကုန် – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မတ်လ ၉ ရက်နေ့က တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်လက်နက်ပစ္စည်းအမြောက်အမြားနှင့် သုံ့ပန်း ၁၁ ဦး ဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်မတော် AA က ယမန်နေ့က သတင်းထုတ်ပြန်သည်။
ပလက်ဝမြို့နယ် ပီချောင်းဒေသ ပြန်ဆိုရွာနားတွင် မတ်လ ၅ ရက်နေ့ကတည်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၉ ရက်နေ့တိုက်ပွဲတွင် တပ်မတော် ဗျူဟာကုန်းကို ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် Backhoe မြေတူးကား ၁၆ စီး၊ Toyota ကား တစ်စီး၊ ကျောက်တင်ကား တစ်စီး နှင့် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု AA က ဖော်ပြသည်။
ယင်းနေ့ နေ့လယ် ၁ နာရီမှ စတင်သည့် အဆိုပါတိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၂ စီးကို အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဖမ်းဆီးရမိသည့် တပ်သားများကို စစ်ဆေးမေးမြန်းနေပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားကြောင်း AA အဖွဲ့၏ ပြောခွင့်ရ ခိုင်သုက ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်က သီးခြားအတည်ပြုချက် ရရှိရန် Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ယနေ့ နေ့လယ်အထိ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

မတ်လ ၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်နေစဉ် AA အဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဆောက်လုပ်ရေးလုပ်သားများကို လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် အဆိုပါ လုပ်ဆောင်ချက်များကြောင့် စစ်ဆင်ရေးများကို ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့် မြောက်ဦးမြို့နယ်များတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA အဖွဲ့၏ ထုတ်ပြန်ချက်အရ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။