
မြန်မာတပ့်မတော်နှင့် ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်ဆိုကာ လက်နက်ကိုင် ပုန်ကန်နေသော AA တို့ စစ်ပွဲများ ဖြစ်ပွားလာရာတွင် အာဏာပိုင်များထံ သတင်းပေးသည်ဟု မသင်္ကာဖွယ်ရှိသူများကို ရခိုင်အမျိုးသားသစ္စာဖောက်ဆိုသော တံဆိပ်ကပ်ကာ မည်သူကမှန်းမသိ သတ်ဖြတ်လာခြင်းများ ရခိုင့်မြေပြင်တွင် မြင်တွေ့လာရသည်မှာ ပြီးခဲ့သည့်နှစ်ကတည်းက ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ စက်တာဘာ ၁၅ ရက်နေ့က စစ်တွေမြို့ရှိ ဝင်္ကပါကွင်းတွင် မိသားစုနှင့်အတူ ပွဲဈေးတန်းကို သွားရင်း စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) အဖွဲ့ဝင် တပ်ကြပ်ဝင်းထိုက် (ခ)ဖိုးလုံးကို ပစ္စတိုဖြင့် နားထင်ကို တေ့ပစ်သတ်သွားမှုတွင် အခုထိ တရားခံကို ရှာဖွေဖော်ထုတ်နိုင်မှု မရှိသေးပေ။
မသင်္ကာမှုနှင့် ဖမ်းဆီးထားသော လူငယ်လေးဦးအားဖမ်းဆီးကာ အမှုဖွင့်စစ်ဆေးလျက်သာရှိပြီး အမှုမှန်ကို မဖော်ထုတ်နိုင်သေးပေ။
၂၀၁၈ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှ ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုပါတီဝင် ဦးခင်သန်းမောင်ကို နေအိမ်တွင် ရုပ်မြင်သံကြား ကြည့်နေရင်း သေနတ်ဖြင့် အနီးကပ် ပစ်သတ်သွားမှု ဖြစ်ပွားခဲ့သည်။ အဆိုပါအမှုအတွက်လည်း လူသတ်သမားကို ဖမ်းဆီးရမိခြင်း မရှိသေးသလို မည်သည့်အဖွဲ့ကဖြစ်ကြောင်းလည်း တိတိပပ သိထားမှု မရှိနိုင်သေးပေ။
ထူးခြားချက်များတော့ ရှိသည်။ အဆိုပါ အသတ်ခံရသူနှစ်ဦးအား လုပ်ကြံခြင်း မပြုလုပ်မီကတည်းကပင် ၎င်းတို့ပုံနှင့်တကွ ‘အမျိုးသားသစ္စာဖောက်ကို ရှင်းရမည်’ ၊ ‘ဗမာတပ်ကို သတင်းပို့သူများကို အရှင်မထားနဲ့’ ဆိုသည့်ပို့စ်များ facebook ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တင်ခဲ့ဖူးသည်များ ရှိသည်။ ယင်းကဲ့သို့တင်သူများကို ကြည့်လျှင် ‘အာရီယာန်မျိုးချစ်’ စသော အမည်များကို တွေ့ရခြင်းဖြစ်၍ တစ်စုံတစ်ယောက် တစ်ဖွဲ့ဖွဲ့ကို အတိအကျ စွပ်စွဲရန် မလွယ်ပေ။
သို့သော် အဆိုပါစွပ်စွဲခံရသူများ သေဆုံးပြီးသည့်တိုင်လည်း ယင်းကဲ့သို့ facebook သုံးစွဲသူများက ဝမ်းသာအားရဖြင့် ‘အမျိုးသားသစ္စာဖောက်များ သေသင့်တာကြာပြီ’ ဆိုသော မှတ်ချက်များစွာဖြင့် ဝမ်းသာအားရ မှတ်ချက်ပေးနေကြသည်ကိုလည်း တွေ့ရပြန်သည်။ ထိုသို့ တွေ့ရဖန်များလာသောအခါ လူတစ်ဦးတစ်ယောက်ကို သတ်ရန်အတွက် အမျိုးသားသစ္စာဖောက်ဆိုသော တံဆိပ်ကပ်လိုက်လျှင်ပင် လူသတ်၍ရပြီလောဆိုသော မေးခွန်းများဖြစ်လာသည်။
“အမျိုးသားသစ္စာဖောက်” ဆိုတာဘာလဲ
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် AA အဖွဲ့က ဘူးသီးတောင်မြို့နယ် နွားရုံတောင်စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်နှင့် ဒေသခံနှစ်ဦးတို့ထံ ကျည်တစ်တောင့်နှင့် စာတစ်စောင် ပို့လိုက်သည်။ နောက်ထပ် မကြာမီမှာလည်း မြောက်ဦးမြို့နယ် တိမ်ညို စခန်းမှူးတို့ကိုလည်း ကျည်တစ်တောင့်နှင့် စာတစ်စောင်စီ ပို့ခဲ့သည်။ ထိုစာတွင်လည်း ၎င်းတို့၏ ရက္ခိတလမ်းစဉ်ကို နှောင့်ယှက်ခြင်း မပြုရန်၊ နှောင့်ယှက်ခြင်းပြုလျှင် “အရေးယူမည်” စသော စာသားများ ပါနေခဲ့သည်။
သို့ဖြစ်ရာ AA ကလည်း ၎င်းတို့၏ ‘ရက္ခိတလမ်းစဉ်’ အတွက် အနှောင့်အယှက်ပြုသူများကို သတိပေးစာ ထုတ်ပြန်ထားချိန်၊ လူတချို့ကလည်း အွန်လိုင်းပေါ်တွင် အမျိုးသားသစ္စာဖောက်အဖြစ် တံဆိပ်ကပ်လိုက် အသတ်ခံလိုက်ဖြစ်လာကြရာ ဆက်စပ်နေပုံကို မေးစရာဖြစ်လာသည်။ တချို့ကလည်း မိမိတို့၏ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများအတွက် တချို့ပုဂ္ဂိုလ်များကို ရှင်းထုတ်ရာတွင် အမျိုးသားသစ္စာဖောက်ဆိုသောစကားကို စတင်သုံးစွဲကာ ပုံမှားရိုက်လာခြင်းလား စသော အယူအဆများ ရှိလာကြသည်။
“ပြည်သူ့တွေအနေနဲ့ တရားဥပဒေစိုးမိုးမှု မရှိတာကို စိုးရိမ်နေတာပါ။ ကျနော့် အမြင်ကတော့ ဒီနေ့နိုင်ငံရေးအရ အခြေအနေ ဖြစ်ပျက်နေတဲ့အပေါ်မှာ တောမီးလောင် တောကောင် လက်ခမောင်းခတ် ဆိုသလိုပေါ့ သူတို့က (AA က) က ထုတ်ထားတဲ့ စာဆိုတာကလည်း သူတို့က ထုတ်ပြန်ထားတာတော့ မှန်ပါ တယ်။ သို့သော်လည်း မြေပုံက ကြာအင်းတောင် အမှုမှာကျတော့ ကျည်ဆန်ကိုလည်း ရတယ်၊ ဒီလိုရတော့ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဆန်ဆိုတာကို လိုက်ရင် လိုက်လို့ရနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ ဒါကို ဒီနေ့ထက်ထိ အစိုးရဘက်ကလည်း လိုက်လံစုံစမ်းတာ မရှိသေးတဲ့အတွက် AA ဘက်က ဘယ်လောက်ပဲ စာထုတ်စေကာမူ သူတို့လုပ်တယ်လို့လည်း တပ်အပ်ပြောဖို့ ခက်ပါတယ်” ဟု မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်စိန်က ပြောသည်။

ယင်းကဲ့သို့ သေသူကသေသွားပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးကလည်း ထိရောက်စွာ မဆောင်ရွက်နိုင်သည့်အပေါ်တွင် စိုးရိမ်စရာများကလည်း ရှိလာသည်။ တချို့ အကျိုးစီးပွားချင်း အားပြိုင်မှု၊ ပုဂ္ဂိုလ်ရေး မပြေလည်မှုများအတွက် ၎င်းတို့ထုတ်ပြန်ထားသည့်စာကို အခွင့်ကောင်းယူပြီး အသုံးချလာခြင်းလည်း ရှိလာနိုင်သည်ဟု ဦးလှအောင်စိန်က ဆိုသည်။
“ကျွန်တော်တို့ အများကြီး စိုးရိမ်တာလည်းရှိပါတယ်။ ကျွန်တော်တို့မှာက အရင် ရန်ငြိုးရန်စ ရှိတာတွေကို ဒီလိုအချိန်မှာ အခွင့်အရေးသမားက အခွင့်အရေးယူဖို့အတွက် ပုံစံမျိုးဖြစ်လာ နိုင်ပါတယ်။ ဒီတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တစ်ပြည်လုံးက တရားဥပဒေစိုးမိုးမှု လုံးဝမရှိဘူး။ တာဝန်ခံမှု၊ တာဝန်ယူမှုလည်းမရှိတော့ သေတဲ့သူက အဆုံးဖြစ်တာပေါ့” ဟု ၎င်းက ပြောသွားသည်။
ယင်းကဲ့သို့ လူသတ်တရားခံများကို ဖမ်းမမိခြင်း၊ အမှုမှန် မပေါ်ပေါက်ခြင်းများ ရှိနေသည့်ကြားထဲ အမျိုးသားသစ္စာဖောက်ရှာပုံတော် ကြွေးကြော်သံများကလည်း ငြိမ်သက်သွားခြင်း မရှိပေ။ များမကြာမီကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ၎င်း၏နေအိမ်တွင် ထိုင်နေရင်း ဆိုင်ကယ်နှင့်လာသော သေနတ်သမားတစ်ဦးက ပစ်ခတ်သွားခဲ့သည်။ ၎င်းကိုမလုပ်ကြံမီက လူမှုကွန်ရက်ပေါ်တွင် အမျိုးသားသစ္စာဖောက်အဖြစ် တံဆိပ်ကပ်ကာ ဝိုင်းဝန်းရှုတ်ချ တိုက်ခိုက်ကြသည်များလည်း ရှိခဲ့ပြန်သည်။
၎င်းနှင့်ရှေ့နောက်တွင်ပင် မင်းပြားမြို့နယ်အပိုင် တိုက်နယ်တစ်ခုဖြစ်သော ပန်းမြောင်းကျေးရွာမှ ဦးမောင်အေးသိန်းဆိုသူအား ဇန်နဝါရီ ၂၂ ရက်နေ့ ည ၉ နာရီ မိနစ်တွင် အမည်မသိ သေနတ်သမားတစ်ဦးက ပစ်သတ်သွားခဲ့သည်။ ၎င်းကိုလည်း သေနတ်သမားက ခြံစည်းရိုးနားထိ လာကာ အနီးကပ် လုပ်ကြံသွားခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း သေနတ်များ ရပ်ထဲရွာထဲတွင် ပေါပေါများများ ရှိလာခြင်းများပင်။ နောက်ပြီး အိမ်တိုင်ရာရောက်လာပြီး လုပ်ကြံခြင်း၊ လူ ရှိမရှိ အသေအချာ လေ့လာခြင်းများမှာ လုပ်ကြံသူတို့အတွက် လိုအပ်သည် ဆိုသော်လည်း အခြေအနေကို ကြည့်ပြီး တိတ်ဆိတ်စွာ လုပ်ကြံကြခြင်းမှာ အဆိုပါ ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်သည့်သူများဟု ယူဆရဖွယ်ရှိသည်။ သို့ဆိုလျှင် သစ္စာဖောက် တံဆပ်ကပ်လိုက်လျှင်ပင် လူသတ်ပွဲများကို စိတ်တိုင်းကျသတ်၍ရသည့် အလားသဏ္ဌာန် ဖြစ်လာသည်။
သည်လိုမျိုးလုပ်ဆောင်ချက်များကို မည်သို့မည်ပုံ တားဆီးပြီး သတိထားသင့်သနည်း။ အစိုးရဘက်ကလည်း ထိရောက်သော သတိပေးချက်များကို လုပ်ဆောင်သည်ကို မတွေ့ရပေ။
ရန်ကုန်–စစ်တွေ ကားလမ်းတွင် နိုင်ငံသားမှတ်ပုံတင်ကို အကြိမ်ကြိမ်စစ်ဆေးသည့် အာဏာပိုင်များသည် ရခိုင်ပြည်နယ်သို့ လူသတ်လက်နက်များ ရောက်ရှိမသွားအောင်တော့ မတားဆီး မစိစစ်နိုင်ခဲ့ပေ။ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ အစိုးရနှင့် AA တို့ တိုက်ပွဲဖြစ်ပွားရာတွင် ကြားညပ်ခြင်းများကြောင့် တချို့မြို့နယ်မှ အုပ်ချုပ်ရေးမှူးများမှာလည်း အစုလိုက်အပြုံလိုက် နုတ်ထွက်မှုများလည်း ရှိလာသည်။ ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၃၈ ဦး နုတ်ထွက်သည်။ မြောက်ဦးမြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၀၀ တို့လည်း နုတ်ထွက်သည်။
ယင်းသို့ဖြစ်နေဆဲတွင်ပင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးဦးဘစောအား အမည်မသိသူများက မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ဓားဖြင့် ထိုးသတ်သွားခဲ့ပြန်သည်။ ဦးဦးဘစောကို မလုပ်ကြံမီရက်ပိုင်းကလည်း ‘အမျိုးသားသစ္စာဖောက်ကို ရှင်းရမည်’ ဆိုသော ပို့စ်များ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
AAက အရေးယူတာလား၊ ပုဂ္ဂိုလ်ရေးလား
ကျောက်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကမူ ရခိုင်ပြည်နယ်၏ အခြေအနေသည် ဥပဒေစိုးမိုးရေး ပျက်စီးနေသည့်အတွက် ကိုယ်ခံအား လျော့နည်း ကျဆင်းနေသည့် လူမမာနှင့်တူပြီး ထိုအခြေအနေကို အခွင့်ကောင်းယူကာ တချို့သော ပုဂ္ဂိုလ်ရန်ငြိုးရှိသူများက ၎င်းတို့ မကျေနပ်သူအပေါ် AAကပဲ လုပ်သယောင် ပုံမှားရိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။
“ဒီလိုဖြစ်သွားတဲ့အပေါ်မှာလည်း ထိထိရောက်ရောက် မလုပ်နိုင်တော့ နောက်ထပ်ဖြစ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုကို တွန်းအားပေးသလို ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
AAက သတိပေးစာ ထုတ်ပြန်ချက်များမှာလည်း ၎င်းတို့၏လမ်းစဉ်အတွက် ထုတ်ပြန်သည်ဆိုသော်လည်း အဆိုပါထုတ်ပြန်ချက်ကို အမှီပြုပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုများအတွက် ဖြေရှင်းရာတွင် တံဆိပ်ကပ်ပြီး သုံးလာကြသည်များလည်း ရှိလာနိုင်သည်။ ဥပမာအားဖြင့် ပန်းမြောင်းမှ ဦးမောင်အေးသိန်း အသတ်ခံရမှုတွင် ၎င်းအားမသတ်မီ AAက သတိပေးစာ ပေးထားပြီး ဖြစ်သည်ဟု တချို့က ဆိုကြသည်။ သို့သော် ထိုပေးစာမျိုး မပေးထားပါဟု AA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများတွင် ငြင်းဆိုထားသည်။
သို့ဆိုလျှင် AA အနေဖြင့်လည်း ၎င်းတို့၏လမ်းစဉ်ကို နှောင့်ယှက်သည်ဆိုရာတွင် ဘယ်ရွှေ့ဘယ်မျှထိကို ခွင့်ပြုသည်၊ ဘယ်ရွှေ့ဘယ်မျှထိကို ခွင့်မပြုဘူး ဆိုသော ရှောင်ရန် ဆောင်ရန်များကို ထည့်သွင်းဖော်ပြထားလျှင် တပ်နှင့်ဖြစ်စေ၊ အစိုးရနှင့်ဖြစ်စေ အလုပ်သဘောအရ ဆက်ဆံရသူများအတွက် ဆင်ခြင်လုပ်ကိုင်၍ရသည်ဟု ယူဆချက်များလည်း ရှိလာသည်။

ဦးဦးထွန်းဝင်းကမူ AAက ၎င်းတို့လမ်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု တံဆိပ်မကပ်မီ မည်သည့်လုပ်ဆောင်ချက်သည် ၎င်းတို့လမ်းစဉ်နှင့် သွေဖည်ကြောင်း ရှင်းရှင်းလင်းလင်း ကြိုတင် ထုတ်ပြန်ထားသင့်သည်ဟု ပြောသည်။ ထိုသို့ မရှင်းလင်းသည့်အခါမျိုးတွင် ပုဂ္ဂိုလ်ရေး မကျေနပ်သူများက AA ၏ လမ်းစဉ်ကို အခွင့်ကောင်းယူကာ လုပ်ကြံသတ်ဖြတ်မှာကို စိုးရိမ်သည်ဟု ပြောသည်။
“တိတိကျကျ တစ်ခုလောက် ထုတ်ပြန်ထားနိုင်ရင်တော့ တစ်ယောက်ယောက်က သေသွားရင် ဒီလူကတော့ သူတို့ရဲ့ သတ်မှတ်ချက်နှင့် လွဲချော်လို့ ဆောင်ရွက်တာမျိုးဆိုပြီးတော့ စဉ်းစားလို့ ရမှာပေါ့။ နောက်တစ်ခုက ဒီလို တိတိကျကျ မသိတဲ့အခါ သူတို့ပဲ လုပ်သလား၊ တခြားသူတို့ပဲ လုပ်သလားဆိုတာ မသိရဘူး။ ဒီလိုထုတ်ပြန်ထားနိုင်ရင်တော့ တစ်စုံတစ်ခု ဖြစ်သွားရင်တောင် ကျန်တဲ့သူတွေက သူက ဒီလိုကြောင့် ဒီလို ဖြစ်သွားတာ ငါတို့အတွက် စိုးရိမ်စရာမရှိပါဘူးဆိုပြီး စိတ်သက်သာရာ ရနိုင်ပါတယ်” ဟု ပြောသည်။
တလောကလည်း အဝေးပြေးယာဉ်များတွင် မြန်မာတပ်မတော်သားများကို မတင်ဆောင်ရန်အတွက် သတိပေးစာများကို AAက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အစိုးရတပ်များက ပဋိပက္ခဒေသများသို့ တပ်ဖွဲ့များကို ပို့ဆောင်ရာတွင် စစ်ကားများကိုသာမက အရပ်သားကားကိုပါ အသုံးပြုနေသောကြောင့် ယင်းသို့မလုပ်ရန် သတိပေးစာ ထုတ်ပြန်ခြင်း ဖြစ်သည်။ ကားသမားများ ကားပိုင်ရှင်များ အနေဖြင့်လည်း AA ၏သတိပေးစာကိုလည်း ထိတ်လန့်ရ၊ လက်ရှိအစိုးရတပ်ဖြစ်သော မြန်မာတပ်မတော်က အကူအညီတောင်းလာသည်ဖြစ်စေ၊ လမ်းကြုံလိုက်လာသည်ဖြစ်စေ လက်ရှိကို ပို၍ တွေးကြောက်ရသည်ဖြစ်ရာ ငြင်းပယ်ဝံ့လေမလား။
သို့ဖြစ်ရာ သူတို့သည်လည်း အမျိုးသားသစ္စာဖောက်တံဆိပ် ကပ်ခံလာရလေမလား စိုးရိမ်မကင်း ဖြစ်နေကြပြန်သည်။ တိုက်ပွဲများကြောင့် လက်နက်သံများ ဆူညံနေချိန်တွင် လူမှုကွန်ရက်ထက်၌လည်း ‘အမျိုးသားသစ္စာဖောက်များ ရှင်းပစ်’ ဆိုသည့် ကြွေးကြော်သံများက မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။
(ကျော်လင်းသည် စစ်တွေမြို့အခြေစိုက် အလွတ်တန်းသတင်းစာဆရာတစ်ဦးဖြစ်သည်။)