ရန်ကုန် – ယနေ့ တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီး စတင်ပြီဖြစ်သည်။
ဤရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည်လည်း ဝင်ရောက်ယှဉ်ပြိုင်နေကာ စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ရရှိရန် အလားအလာကောင်းနေသည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ မစတင်မီမှာပင် NLD ပါတီထက် အသာစီးရနေသော အချက်မှာ ၎င်းအားထောက်ခံသော စစ်တပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်အားလုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း နေရာအသီးသီး ရယူထားခြင်းဖြစ်သည်။
ထို့ကြောင့် NLD သည် အစိုးရတစ်ရပ်ဖွဲ့နိုင်ရေး၊ မိမိလိုလားသည့် သမ္မတကို တင်မြှောက်နိုင်ရေး အတွက် ယခုရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ရသည့် လွှတ်တော်နေရာအားလုံး၏ အနည်းဆုံး သုံးပုံနှစ်ပုံ အနိုင်ရရှိရန် လိုအပ်နေသည်။
မြန်မာပြည် လူဦးရေ ၅၁ သန်းအနက် မဲပေးပိုင်ခွင့်ရှိသူ ၃၃ သန်းခန့်ရှိပြီး ယနေ့ နံနက် ၆ နာရီမှစ၍ မဲစတင်ပေးနေကြသည်။ မဲရုံများမှာ ညနေ ၄ နာရီ တွင်ပိတ်မည်ဖြစ်ပြီး မဲရလဒ်များကိုလည်း သက်ဆိုင်ရာ မဲရုံများတွင်ပင် ချက်ချင်း ရေတွက်သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဝင် ၉၁ ပါတီတွင် တိုင်းရင်းသားများကို ကိုယ်စားပြု၍ ဝင်ပြိုင်သော ပါတီ သုံးပုံနှစ်ပုံရှိသည်။ ၎င်းတို့ကိုယ်ကိုယ် ၎င်းတို့ ရိုဟင်ဂျာဟုခေါ်ပြီး အစိုးရက ဘင်္ဂါလီဟုခေါ်သော ရခိုင်ပြည်နယ်ရှိ နိုင်ငံသားအသိအမှတ်ပြု မခံထားရသည့် မွတ်စလင်တို့မှာ ၂ဝ၁ဝ တွင် မဲပေးခွင့်ရခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မဲပေးခွင့်မရကြပေ။
၂ဝ၁၁ တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ မည်သို့ ဆက်လက်ဖြစ်ပေါ်မည်ကို ယခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးများသည် ၎င်းတက်လာပြီး နှစ်အနည်းငယ်အတွင်းပင် ရပ်တန့်သွားသည် သို့မဟုတ် နောက်ပြန်လှည့်သွားခဲ့သည်ဟု နိုင်ငံရေးအကဲခတ်တို့က ဝေဖန်ထားသည်။
စစ်တပ်၏ လွှတ်တော် နေရာ ၂၅ ရာခိုင်နှုန်း၊ ၎င်းနှင့်နီးစပ်သော ပါတီငယ်များနှင့် မဟာမိတ်ပြု၍ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရသော လွှတ်တော်နေရာ သုံးပုံတစ်ပုံရလျှင်ပင် အစိုးရသစ် တစ်ဖန်ဖွဲ့နိုင်မည်ဟုလည်း ခန့်မှန်းချက်များရှိသည်။
NLD ပါတီအနေဖြင့် ဤရွေးကောက်ပွဲသည် ၁၉၉ဝ ရွေးကောက်ပွဲများအပြီး ပထမဆုံးအကြိမ် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ထိုရလဒ်များကို စစ်တပ်က အသိအမှတ်မပြုခဲ့ပေ။
ထိုနောက်ပိုင်း ဆယ်စုနှစ် နှစ်ခုအတွင်း အချိန်အများစုတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဘဝနှင့်သာ နေခဲ့ရပြီး NLD ပါတီက သပိတ်မှောက်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲပြီး မကြာခင်တွင်မှ သူအကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။
ယခုရွေးကောက်ပွဲတွင် ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်များကို လက်ခံသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ပြောကြားထားသည်။
ရွေးကောက်ပွဲနေ့မတိုင်မီမှာပင် မဲပေးသည့်လုပ်ငန်းစဉ်တွင် ပြဿနာများရှိနေပြီဖြစ်သည်။ မဲဆန္ဒရှင် စာရင်းတွင် မပါဝင်သူပေါင်း ထောင်နှင့်ချီရှိနေခဲ့သလို ပြည်ပရောက် မြန်မာပြည်သားတချို့လည်း မဲပေးခွင့် မရခဲ့ပေ။ ကြိုတင်မဲတွင် ပုံစံမမှန်မှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တိုင်ကြားထားပြီး မျှတသည့်မဲ ဖြစ်အောင် လုပ်ပေးရမည့် တာဝန် ပျက်ကွက်သည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စွပ်စွဲထားသည်။
ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် ကာတာစင်တာ၊ လွတ်လပ်သောရွေးကောက်ပွဲ များဆိုင်ရာ အာရှကွန်ရက် (ANFREL) တို့က စေလွှတ်ထားသည့် စောင့်ကြည့်ရေးအဖွဲ့များနှင့်တကွ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များကလည်း ရွေးကောက်ပွဲနေ့ မဲရုံများကို စောင့်ကြည့်ရန် လေ့လာသူပေါင်း ၁ဝ,ဝဝဝ ခန့်ကို စေလွှတ်မည်ဖြစ်သည်။
မဲရုံအထွက်စစ်တမ်းများ ပြုလုပ်မည်မဟုတ်ဘဲ ကနဦးရလဒ်များကို ၄၈ နာရီအတွင်း၊ နောက်ဆုံးရလဒ်များကို နှစ်ပတ်အတွင်း ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ရသည်။ ။