မေးမြန်းခန်း

“အမျိုးသားတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုမယ်”

မချယ်ရီဇာဟောင်းသည်  စစ်ကိုင်းတိုင်း မင်းလှမြို့ဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ကျောင်းဆရာ တာဝန်ကျရာဒေသများတွင် မိသားစုက လိုက်လံ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။  မချယ်ရီ အထက်တန်းကျောင်းပြီးချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်မြို့ အခြေစိုက် ချင်းအမျိုးသမီးအဖွဲ့တွင်  လုပ်ကိုင်ခဲ့သည်။  

အသက် ၃၄ နှစ်အရွယ် မတွာလ်ကျဲရ်ဆုံ ခေါ် မချယ်ရီဇာဟောင်းသည် နိုဝင်ဘာရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (CPP) ကို ကိုယ်စားပြုပြီး သူကြီးပြင်းနေထိုင်ရာ ဖလမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အရွေးခံမည်ဖြစ်သည်။ Myanmar Now သတင်းထောက်ချုပ် သင်းလဲ့ဝင်းနှင့် မကြာသေးမီက တွေ့ဆုံစဉ် မချယ်ရီဇာဟောင်းက အမျိုးသမီးအရေး၊ ချင်းတောင်တန်းဒေသ၊ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့အကြောင်း ပြောပြခဲ့သည်။

မေး –  လူ့အခွင့်အရေးလုပ်နေရာကနေ နိုင်ငံရေးလောကထဲကို ဘာကြောင့် ဝင်ချင်ရတာလဲ။

ဖြေ –  ကျွန်မတို့က အပြင်ဘက်မှာ လူ့အခွင့်အရေးဆိုတာဘာလဲ၊ အခွင့်အရေးကို ဘယ်လိုမျိုးတောင်းဆိုရမလဲ ဆိုတဲ့ဟာလောက်ပဲ လမ်းပြလို့ရတယ်။ လူ့အခွင့်အရေးကို အကောင်အထည်ဖော်မယ့်သူက အစိုးရလေ။ အခု အစိုးရထဲမှာလည်းပဲ သူတို့လုပ်နေတာတွေက ပြည်သူလူထုရဲ့ လူ့အခွင့်အရေးအတွက် လုပ်နေတယ်ဆိုတဲ့ပုံစံ ရှိမနေဘူး။  ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း နိုင်ငံသားအခွင့်အရေးကို ထည့်ထားတာတွေ ရှိတယ်၊ ကန့်သတ်ထားတာတွေလည်း ရှိတယ်။ နိုင်ငံတော်လုံခြုံရေးကို မထိဘူးဆိုရင် အဲဒီအခွင့်အရေးတွေနဲ့ မကိုက်ညီတဲ့ တချို့ ဥပဒေဟောင်းတွေကို ဘယ်လိုမျိုး ဖြုတ်ချမလဲ၊ ကျွန်မ အဲဒီဟာတွေကို တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးရှုထောင့်ကနေ ပြောင်းချင်တယ်။  အဲဒါတွေကြောင့် နိုင်ငံရေးထဲ ဝင်သွားတာ။

မေး – မချယ်ရီ ရွေးကောက်ပွဲမှာနိုင်သွားတယ်ဆိုရင် ဘာတွေလုပ်ချင်သလဲ။

ဖြေ –  အမျိုးသမီးလွှတ်တော်အမတ်အတွေအတွက် caucus (သဘောထားတူညီသူများ အစုအဖွဲ့) လုပ်ချင်တယ်။ အခု သူတို့ အတွင်းရေးမှူး (ဝန်ထမ်း) မရှိဘူး။ ကလေးတွေ ရန်ကုန်မှာထားခဲ့၊ ကချင်မှာထားခဲ့၊ ပဲခူးမှာထားခဲ့ အဲဒီလိုမျိုး လွှတ်တော်လာတက်နေကြတာ။ တကယ်လို့များ အဲဒီ women’s caucus အောင်မြင် သွားတယ်ဆိုရင် အမျိုးသမီးအမတ်တွေက လွှတ်တော်တက်နေရတဲ့ အချိန်မှာလည်းပဲ အထောက် အကူပြုမယ်၊  နယ်တွေဆင်းတဲ့အခါကျရင်လည်း အထောက်အကူပြုမှာပေါ့။  

နောက်တစ်ခုကတော့  အမျိုးသမီးဝန်ကြီးဌာနမရှိဘူး။ ကျွန်မ ရှာလို့မရသေးတာက အမျိုးသမီးတွေရဲ့ ဝင်ငွေက ပျမ်းမျှဘယ်လောက်ရှိလဲ မြန်မာနိုင်ငံမှာ၊ အလုပ်လုပ်နေတဲ့ အမျိုးသမီးက ဘယ်နှယောက်ရှိလဲ၊ ကျွန်မတို့ မသိဘူး၊ အချက်အလက်တွေ ရှိမနေဘူး။ ချင်းပြည်နယ်မှာလည်း အမျိုးသမီးတိုင်းက တောင်ယာသွားတာပဲ၊ အလုပ်လုပ်တာပဲ။ ပြီးရင် အိမ်မှာပြန်ပြီးတော့ အိမ်တွင်းရေးကိစ္စတွေ သားသမီးကိစ္စတွေ၊ လူမှုရေးတွေ လုပ်နေရတယ်။ မနက် ၆ နာရီကနေ ည ၈ နာရီ ၉ နာရီအထိက အားတဲ့အမျိုးသမီး မရှိဘူး။ နည်းနည်းတတ်နိုင်တဲ့သူတွေကကျတော့ ဆိုင်ဖွင့်တယ်။ သူတို့ရဲ့ ဝင်ငွေကို ပျမ်းမျှတွက်လို့ရတယ်။  အိမ်မှာ အလုပ်လုပ်နေတဲ့သူ၊ တောင်ယာမှာ အလုပ်လုပ်နေတဲ့သူတွေရဲ့ ဝင်ငွေတွေက  ဘယ်လိုမှ တွက်လို့မရဘူး။  

မေး –   တွက်လို့မရတဲ့အခါကျတော့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက မရှိဘူးလို့ပဲ လူတွေက ထင်ကြတာပေါ့။

ဖြေ –  ဟုတ်တယ်။  အမျိုးသမီးက အိမ်တွင်းအလုပ် လုပ်နေတယ်၊  သူဝင်ငွေရှိအောင် ကျွန်မတို့ ဘယ်လိုဝိုင်းလုပ်ကြမလဲ။ အဲဒါတွေကို  အလုပ်သမားဌာနမှာပဲ ဆွေးနွေးရမှာလား ၊ ဘယ်မှာသွားဆွေးနွေးမှာလဲ။ အဲဒါကြောင့် ကျွန်မ တွန်းချင်တာက အမျိုးသမီးဝန်ကြီးဌာန။ အခု ဝန်ကြီးဌာန ၃၆ ခု ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ကိစ္စကို ဆွေးနွေးရမယ့်နေရာက ရှိမနေဘူး။ ဒါတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အမျိုးသားတွေကိုလည်းပဲ အများကြီးတိုက်တွန်းရဦးမှာ။ အဲဒါတွေက ကျွန်မ ရွေးကောက်ခံရရင် ပထမ လွှတ်တော်ထဲမှာတော့ ထည့်ဆွေးနွေးရမှာဆိုတော့လေ၊ မိတ်ဆွေတွေလိုက်ဖွဲ့ရဦးမယ်။ ၂၅ ရာခိုင်နှုန်း ထိုင်နေတဲ့ လူတွေရယ်၊ ပါတီအသီးသီးကတက်လာမယ့် လွှတ်တော်အမတ် အမျိုးသားတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေ လိုမယ်။ အမျိုးသမီးထုရဲ့ ဝင်ငွေသာ တိုးမြင့်အောင် လုပ်ပေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးက သိသိသာသာ အများကြီး တိုးတက်လာလိမ့်မယ်။

မေး –  ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၅ နဲ့ ဘာတွေကွာခြားတယ်လို့ မြင်လဲ။

ဖြေ –  အများကြီးကွာတယ်။ ၂ဝ၁ဝ မှာကျတော့ ကြံ့ခိုင်ရေးကလွဲရင် ကျန်တဲ့ပါတီအသေးလေးတွေက ဟိုဟာလုပ်လို့မရ ဒီဟာသွားလို့မရ၊ ကန့်သတ်တာတွေ အများကြီး ရှိခဲ့တယ်။ အခုလည်း အခက်အခဲတော့ ရှိပေမယ့် နည်းနည်း ပိုပြီး လွတ်လပ်တယ်။ ဥပဒေတွေလည်း ထွက်လာပြီးပြီ။ NLD ပဲ ဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် အဲဒီ သတ်မှတ်ထားတဲ့ ဥပဒေတွေ အကုန်လုံးက ကိုယ်တွေနဲ့ သက်ဆိုင်တဲ့ဟာ။ ဥပမာ အမုန်းစကား မလုပ်ရဘူး၊   လူမျိုးဘာသာကို ခုတုံးလုပ်ပြီးတော့ နိုင်ငံရေးမလုပ်ရဘူး၊ မိဘနှစ်ပါးက နိုင်ငံသား ဖြစ်ရမယ်တို့။ ၂ဝ၁ဝ မှာတော့ အမတ်လောင်းရဲ့ အဖေဖြစ်ဖြစ်၊ အမေဖြစ်ဖြစ် ဧည့်နိုင်ငံသား ဖြစ်နေရင်လည်းပဲ စစ်ကြည့်တဲ့စနစ်က ရှိမနေဘူး။ နောက်တစ်ခုကတော့  ပါတီက အရမ်းများလာတယ်လေ။ ၂ဝ၁ဝ တုန်းက ကျွန်မတို့ပါတီဆိုရင် အမတ်လောင်းဖြစ်ဖို့အတွက် လူကို မနည်းလိုက်ရှာရတာ။ အဲဒီတုန်းက ဒို့တွေ ရွေးကောက်ပွဲပြီးတာနဲ့ ၁၉၉ဝ တုန်းကလိုမျိုးပဲ အကုန်လုံး အသိမ်းခံရမယ်လို့ သူတို့ထင်တာ။ နောက် မီဒီယာတွေက ပိုပြီးတော့ များတယ်။ ဒီ ဖလမ်းမှာဆိုရင် ဖလမ်းဘာသာနဲ့ နှစ်မျက်နှာ သတင်းစာလေးတွေ ရှိတယ်။  မြို့နယ်အလိုက် မီဒီယာတွေကလည်း များလာတယ် ဆိုတော့ ဘာတွေဖြစ်နေလဲဆိုတာ ပြည်သူလူထုက ပိုပြီး သိရတာပေါ့။   

မေး –  ဖလမ်းမှာ ပြည်ခိုင်ဖြိုးနဲ့ NLD လိုမျိုး ပါတီအကြီးကြီးတွေလည်း ဝင်ပြိုင်မယ် ဆိုတော့ ကိုယ့်အတွက် အခွင့်အလမ်း ဘယ်လောက်ရှိမယ်လို့ ထင်လဲ။

ဖြေ –  အဲဒီ ၄ ယောက်ထဲမှာ အမျိုးသမီးက ကျွန်မ တစ်ယောက်တည်း။ တော်တော်များများက အခု ဖလမ်းမြို့နယ်မှာ ဆိုရင် ဒို့ အမျိုးသမီးတစ်ယောက် အားပေးကြမယ်ဆိုတဲ့ ပုံစံမျိုး။ ရွာတွေ တော်တော်များများက ကျွန်မကို သိတယ်လေ။ လူသာ မမြင်ဖူးတာ၊ ရေဒီယိုမှာ ခဏခဏ နားထောင်ဖူးတယ်။ သင်တန်းပေးတာ လာတဲ့သူတွေ ရှိတယ်။ ပြီးရင် ကျွန်မတို့ လုပ်ခဲ့တဲ့ ပရောဂျက်တွေ၊ ကလေးတွေအတွက် စာအုပ်တွေ ဝယ်ပေးတာမျိုးတွေ၊ ကျောင်းဆရာ ငှားပေးတာမျိုးတွေ၊ အမျိုးသမီးအဖွဲ့အစည်းထဲမှာတုန်းက လုပ်ခဲ့တာတွေက ရွာတိုင်းလိုလိုမှာ သိနေကြတယ်။  ပြိုင်ဘက် ၃ ယောက်စလုံးက ဝန်ထမ်းဟောင်းတွေ။ အားတော့စိုက်ရမယ်။ သတိလွတ်သွားလို့ မရဘူး။

မေး –  ငယ်ငယ်တုန်းကတည်းက ဒီလိုမျိုး လုပ်ချင်ခဲ့တဲ့စိတ် ရှိခဲ့တာလား။

ဖြေ –  ငယ်ငယ်ကတည်းက နိုင်ငံရေးထဲမှာ တော်တော် စိတ်ကရှိနေတယ်။ အဘိုးက ရွာသူကြီး တောက်လျှောက်လုပ်လာခဲ့တာဆိုတော့ အိမ်မှာ အစည်းအဝေးတွေ အမြဲတမ်း ထိုင်တယ်လေ၊ ခိုးမှုကစလို့ ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ၊ ရွာတံတား၊ ရွာကျောင်း ၊ တစ်မိသားစုနဲ့ တစ်မိသားစု ရန်ဖြစ်တဲ့ ကိစ္စတွေ ကြားနေရတဲ့အခါကျတော့ ဒီ လူထုရဲ့ အထွေထွေ လိုအပ်ချက်တွေကို ကိုယ်က တစ်နေ့နေ့ လုပ်ဖို့လိုလိမ့်မယ်ဆိုတဲ့ အသိရတယ်။ ပြီးတော့ သူက အများကြီး ပုံပြင်တွေ ပြောထားတာတွေ ရှိတယ်လေ။ ချင်းဆိုတာ ဘယ်သူလဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတဲ့အခါကျတော့ လူမျိုးတစ်မျိုးက ဘာဖြစ်လို့ ဒီလိုနောက်ဆုတ်နေရတာလဲ ဆိုတဲ့ဟာမျိုးတွေပေါ့။   

မေး –   ချင်းပြည်နယ်က အားလုံးထဲမှာ အနွမ်းပါးဆုံး၊ အဆင်းရဲဆုံးလို့ ပြောကြတော့ မချယ်ရီ အရွေးခံရမယ်၊ ဒါမှမဟုတ်ရင် ပါတီထဲက အများကြီးအရွေးခံရမယ်ဆိုရင်  ဘာတွေလုပ်ချင်လဲ။

ဖြေ –  ချင်းပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုက ၇၃ ရာခိုင်နှုန်း။ အရမ်းမြင့်တယ်။ UNDP ၂ဝ၁၁ မှာ လုပ်ထားတဲ့ သူတို့ရဲ့ စာတမ်းအရပေါ့နော် ။ အယောက် ၁ဝဝ မှာ ၇၃ ယောက်က တစ်နေ့ မှာ ဝင်ငွေ ကျပ် ၂ဝဝဝ မရှိဘူးဆိုတော့ အခြေအနေ တော်တော်ဆိုးတယ်။ လမ်းပန်းဆက်သွယ်ရေး၊  ဆက်သွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး အကုန်လုံး လွန်ခဲ့တဲ့ ၅ နှစ်က သုညကနေ ပြန်စရတဲ့သဘာမျိုး။  ကျွန်မတို့ နှစ်ရှည်စိုက်ပျိုးရေးတွေ လုပ်ဖို့လိုတယ်။ ဥပမာ ပန်းသီး၊ ထောပတ် သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကော်ဖီ၊ အမြတ်အမြန်ပေါ်နိုင်သောသီးနှံတွေ။ တရုတ်ကနေ သွင်းစရာမလိုဘူး။ ချင်းပြည်နယ်ကနေ အကုန်လုံး တစ်နိုင်ငံလုံးကို သွင်းလို့ရတယ်။ ရင်းနှီးမြှုပ်နှံခြင်းတော့ လုပ်ရမယ်။   အဲဒီဟာတွေ စောင့်ဖို့အတွက်က သုံးလေးငါးနှစ်ဆိုတော့ အဲဒီ ငါးနှစ် အတောအတွင်းမှာ လူတွေရဲ့ စားဝတ်နေရေးအတွက်ကို ဘယ်လို စီစဉ်မလဲ။ အခု ကျွန်မတို့ အဆိုတင်သွင်းထားတာကတော့ ဆန်ဂိုဒေါင် လုပ်ဖို့အတွက်။ ချင်းပြည်နယ်မှာ ဆန်ဂိုဒေါင်မရှိတဲ့အခါကျတော့ လူတွေက ဆန်နဲ့ ပြောင်းဖူး ဒီနှစ်စိုက်မယ် နောက်နှစ် (စားဖို့) အတွက်။ အဲဒီဟာနဲ့ပဲ လူတွေက အသက်ရှင်နေတာ။ အဲဒီအပင်ကို နှစ်ရှည်အတွက်ကို ဘယ်လိုစိုက်ရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲ၊ အဲဒီကြားထဲမှာ ကိုယ်က ဘာစားမလဲ။ အဲဒီ ငါးနှစ် ဆယ်နှစ် အတွင်းမှာ ဆန်ဂိုဒေါင်တော့ ရှိဖို့လိုတယ်။ 

မေး –  မချယ်ရီက လူငယ်လည်းဖြစ်၊ အမျိုးသမီးလည်း ဖြစ်၊ လူနည်းစုတိုင်းရင်းသားလည်း ဖြစ်နေတဲ့အတွက်  ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ရသလဲ။

ဖြေ –  ပါတီထဲမှာတော့ နိုင်ငံရေးအထောက်အပံ့က ရာနှုန်းပြည့်ရှိတယ်။ ပါတီထဲမှာ လူကြီးတွေ  ကိုယ့်အဖေအရွယ်တွေ၊ အဘိုးအရွယ်တွေ၊ အစ်ကိုအရွယ်တွေနဲ့ ပေါင်းလုပ်တဲ့အချိန်မှာလည်းပဲ သူတို့က အားကိုးတယ်။ သွက်သွက်လက်လက်ရှိတယ်၊ ငယ်ငယ်လေးနဲ့ ဒီနိုင်ငံရေးထဲမှာ၊ ဒီလူ့အခွင့်အရေးထဲမှာ နစ်မြုပ်နေတော့ အဲဒီရဲ့အတွေ့အကြုံကို သူတို့ အသိအမှတ်ပြုပေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ  (အမျိုးသမီးနဲ့၊ အမျိုးသားအပေါ်မှာထားတဲ့) စံနှစ်မျိုးရှိတယ်။ လုပ်ရည်ကိုင်ရည် ရှိနေတဲ့ အမျိုးသမီးတွေ  ဖြစ်လာအောင် ဖန်တီးပေးတဲ့စနစ်က လုံးဝမရှိဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေရတာပဲ။ အမျိုးသမီးတစ်ယောက်ကို ဒီလို ဒီလို သင်ပေးမယ်၊ အားပေးမယ်ဆိုရင် ဖြစ်လာနိုင်မယ်ဆိုတဲ့ဟာ မိဘတွေမှာလည်း မရှိဘူး၊ ကျောင်းမှာလည်း မရှိဘူး၊ ဘုရားကျောင်းမှာလည်း မရှိဘူး။ လူမှုကွန်ရက်တစ်ခုလုံးမှာ မရှိဘူး။ ကျွန်မ အဲဒါကြောင့် ခဏခဏ ပြောနေတယ်။ ကျွန်မအဖေသာ မရှိဘူးဆိုရင် ကျွန်မ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး။ အဖေ ဘောလုံးကန်သွားရင် လိုက်သွားတာ၊ ဘောလုံးသမားတွေနဲ့ အတူတူထိုင်တာပဲ။ ဘုရားကျောင်းမှာ တရားဟောရင်လည်းပဲ ရှေ့မှာ အဖေနဲ့ ဝင်ထိုင်နေရတာပဲ၊ အဲဒီလိုမျိုး အဖေက သွန်သင်ပေးတော့ သမီးဖြစ်နေတဲ့အတွက်ကြောင့် ရှက်ရမယ်၊ ကြောက်ရမယ် မသင်ပေးထားဘူး၊ လုပ်နိုင်တယ်ပဲ။

အမျိုးသမီး တော်တော် များများက အဲဒီလိုမဟုတ်ဘူးလေ၊ မိသားစုကိုယ်တိုင်ကလည်း သမီး အိမ်မှာပဲနေ၊ ဒါမပြောနဲ့၊ ဒီလိုမလုပ်နဲ့၊ အဲဒီလိုမျိုးနဲ့ ၂ နှစ်လောက် အရွယ်ကတည်းက သွင်းထားတော့ သူတို့အတွက်က ရှေ့ထွက်လာဖို့ ခက်သွားတာပေါ့။ ကိုယ်က အိမ်ထောင်မရှိ၊ ငယ်ရွယ်တဲ့အမျိုးသမီးတွေ ဖြစ်နေတော့ သိက္ခာကျအောင် ပြောတာမျိုးတွေတော့ ခဏခဏ ခံနေရတယ်။ ဥပမာ –  ဗိုက်ကြီးတယ်၊ ကလေးဖျက်ချတယ်၊ ဒီလူနဲ့ ဒီလူဖြစ်တယ် စသဖြင့် စွပ်စွဲခံနေရတာနဲ့။ ဖလမ်းမှာ ကျွန်မတစ်ယောက်တည်း နေတယ်၊ အိမ်မှာလာလည်တဲ့သူတွေ၊ အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ ပြီးရင် လူငယ်တွေ လာလည်တယ်၊ အလုပ်ကိစ္စပဲ။ အဲဒါမျိုးဆိုရင် “ဟိုမှာ လူပျိုနှစ်ယောက် အိမ်ကိုဝင်သွားတယ်” ဆိုပြီး သံသယဖြစ်အောင်ကို ပြောချင်တဲ့သူတွေက ရှိတယ်။ နောက်တစ်ခုကတော့ ဝတ်စားဆင်ယင်မှု။  ဥပမာ ထဘီပဲဝတ်ရမယ်တို့၊ တချို့လူတွေရဲ့ စိတ်ထဲမှာ အဲဒါမျိုးတွေက ရှိသေးတယ်။ အထူးသဖြင့် ချင်းပြည်နယ်လိုမျိုးမှာဆိုရင် ထဘီ တစ်ချိန်လုံး ဝတ်လို့မရဘူး။ ရွှံ့ဗွက်တွေကြားထဲမှာ သွားနေရတာ။

မေး –  CPP က ဘယ်သူတွေနဲ့ မဟာမိတ်လုပ်ထားလဲ။

ဖြေ –  ချင်းပြည်နယ်အတွက်၊ ချင်းလူမျိုးထုအတွက် ကောင်းတာလုပ်ချင်တဲ့ သူဆိုရင် တပ်မတော်ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ တခြား ချင်းပါတီပဲဖြစ်ဖြစ်၊ အတူ တွဲလုပ်ရမှာပဲ။ ကိုယ့်ပါတီပဲအနိုင်ရမှ ဆိုတာမျိုး မရှိဘူး။ နောက်ကျရင်တော့ ရှိရင်ရှိလာမှာပေါ့။ အခုလောလောဆယ်မှာ လူတိုင်းက ပါဝင်ချင်တယ်ဆိုတော့ CPP ချည်းကပဲ၊ NLD ချည်းကပဲ၊ ကြံ့ခိုင်ရေးချည်းကပဲ နေရာယူထားလို့ မရဘူး။ အဲဒီလိုပဲ ကျွန်မတို့က ယုံကြည်တယ်လေ။ Federal Democracy Alliance ဆိုတာလည်း ရှိတယ်။ CPP က ဦးဆောင်နေရတာပေါ့။

မေး –  ငြိမ်းချမ်းရေးဆွေးနွေးနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ဖြေ – NCA (တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်) ထိုးကြဖို့ကတော့ အလားအလာတော့ ရှိတယ်။ နောက်ပြီးတော့ သူက နိုင်ငံရေးဆွေးနွေးပွဲ ဆက်တက်လို့ရတာကိုး။  ရွေးကောက်ပွဲမတိုင်ခင်မှာ ဖြစ်နိုင်မယ်ဆိုရင်တော့ ပိုတော့ကောင်းတာပေါ့။ NCA ထိုးပြီးပြီ ဆိုရင် တပ်မတော်ကရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကရော သူတို့ထိုးထားတဲ့ လက်မှတ်ကို တကယ် လေးစားဖို့တော့ လိုတယ်။ ထိုးသာထိုးပြီးတော့မှ သေနတ်သံတွေ ထပ်ကြားနေရတယ်ဆိုရင်  ရွေးကောက်ပွဲအတွက်လည်း အနှောင့်အယှက်တစ်ခုဖြစ်သွားနိုင်တယ်။     ။

Show More

Related Articles

Back to top button