သတင်း

ယင်းမာပင်၌ စစ်တပ်ကြောင့် ၃ ဦးသေဆုံး၊ ဒေသခံများ မိုးထဲလေထဲထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်သဖြင့် ယမန်နေ့ (မေ ၁၂) နံနက်ပိုင်းတွင် ၇ နှစ်အရွယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး လေးလအရွယ်ကလေးတစ်ဦး ဒဏ်ရာ ရရှိကာ ရာနှင့်ချီသော ဒေသခံများလည်း မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယခုလ ၁၁ ရက်တွင် မုံရွာမှထွက်လာသည့် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးနေခြင်းဖြစ်ကာ ယမန်နေ့က ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်နှင့် အမျိုးသမီးများမှာ ယင်းမာပင်မြို့နယ် ထန်းဇင်ရွာမှဖြစ်သည်ဟု သိရသည်။

ထန်းဇင်ရွာနှင့်ကပ်လျက် ဘန့်ဘွေးရွာမှ နံနက် ၇ နာရီခန့်တွင် ထွက်လာသည့် စစ်တပ်က လူစုစုမြင် သည်နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှန်မှာ နာရေးရက်လည်အဖြစ် ဆွမ်းကျွေးတရားနာပြုလုပ်ရန် လူစုနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

စစ်တပ်က ပစ်ခတ်စဉ် ရက်လည်ဆွမ်းကျွေးတရားနာ ပြုလုပ်ရာနေအိမ်၌ ကူညီလုပ်ကိုင်ပေးနေသူ အသက် ၇ နှစ်အရွယ် မဂျူးဂျူးစံဆိုသော ကလေးငယ်နှင့် ၁၆ နှစ်အရွယ် မဝေဝေဌေးဆိုသည့် အမျိုးသမီးငယ် တို့မှာ ရင်ဘတ်နှင့် ဦးခေါင်းကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် မေလ ၁၂ ရက်က စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်စဉ် သေဆုံးခဲ့သည့် ဒေသခံ အမျိုးသမီးငယ်သုံးဦး။ (ဓာတ်ပုံများ – ပေးပို့)

ထို့ပြင် ကလေးချီထားသည့် အသက် ၂၈ နှစ်အရွယ် မဖြူစန်းဆိုသည့် အမျိုးသမီးသည်လည်း ရင် ဘတ်ဖောက်ထွက်ဒဏ်ရာဖြင့် ဆေးကုသပေးနေစဉ် နာရီပိုင်းအကြာသေဆုံးခဲ့ပြီး၊ လေးလအရွယ် သားဖြစ်သူ ထိမှန်ဒဏ်ရာရသည်ဟု သိရသည်။

“အမျိုးသမီးက ကလေးကို ပွေ့ချီထားတယ်။ ကျောဘက် မှန်ပြီး နို့အုံကို ကျည်က ဖောက်ထွက်သွား တယ်။ နို့အုံကိုဖောက်ထွားတဲ့ကျည်က ကလေးရဲ့ နှာခေါင်းနဲ့မျက်လုံးကို ထိသွားတယ်။ အဲ့ဒီကလေးက ၄ လသားအရွယ်။ နေ့လယ် ၂ နာရီခန့် အချိန်မှာတော့ နို့တိုက်မိခင်ဟာ ကွယ်လွန်သွားတယ်” ဟု အ ထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက မှန်ပြောင်းအရသော်လည်းကောင်း၊ ဒရုန်းနှင့်သော်လည်းကောင်း ထောက် လှမ်းစဉ် လူစုစုမြင်ရာမှပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ရမ်းသန်းပစ်ခတ်လိုက်တယ်။ ပစ်လိုက်တဲ့အခါ လူစုစုရှိတဲ့နေရာက နာရေးအိမ်ဖြစ်နေတယ်”

ဖြစ်စဉ်နှင့် ပတ်သက်၍ အခြားသော ယင်းမာပင်ဒေသခံနှစ်ဦးကို ထပ်မံဆက်သွယ်မေးမြန်းရာတွင် ထိခိုက်သေဆုံးသည့်ဖြစ်စဉ်ကို အတည်ပြုသော်လည်း အသေးစိတ် အခြေအနေကို မသိရပေ။ 

စစ်ကောင်စီတပ်သည် ယမန်နေ့တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးရာမှတဆင့် နယ်မြေချင်းထိစပ် နေသော ကနီမြို့နယ်အတွင်းရှိ ရွာများကို ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ယနေ့ (မေ ၁၃) နံနက်ပိုင်းတွင် ကနီမြို့နယ် တွင်းမရွာမှတဆင့် ချောင်းမရွာကို ဆက်စစ်ကြောင်းထိုးနေပြီး ရာနှင့်ချီသော ဒေသခဲံများ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရသည်။

“မိုးက တောက်လျှောက်ရွာနေတာ။ အခုလည်း မိုးထဲကိုပြေးနေရတာ။ စစ်ကြောင်းကလည်း ထိုးနေ တယ်။ လေတော့ မတိုက်တော့ဘူး။ ငြိမ်သွားတယ်။ မနေ့ညက မိုးကတစ်ညလုံးရွာနေတယ်။ တောထဲ တောင်ထဲ ကြုံရာပြေးရတာပါ့” ဟု ကနီမြို့နယ်မှ အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံ တဝန်းမိုးကြီးနိုင်သည့် ဒေသများကို မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားရာ စစ်ကိုင်း တိုင်းလည်းပါဝင်သည်။ 

မိုခါမုန်တိုင်းသည် မနက်ဖြန် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းကိုဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၀၀ ကျော်ဖြင့် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းဝင်ရောက်ချိန်၌ မုန်တိုင်းအရှိန် သက် ရောက်မည့်ဒေသများတွင် စစ်ကိုင်းတိုင်းမှ ယင်းမာပင်မြို့နယ်လည်း ပါဝင်နေသည်။

Show More

Related Articles

Back to top button