လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နိုင်သည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့အထိ တိုက်ခတ်နိုင်ခြေရှိသော်လည်း ထိုဒေသရှိ စစ်ဘေးရှောင်များမှာ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းနေသေးသည်ဟု ဒေသခံတို့က ဆိုသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေ ၁၄ ညနေ ၆း၃၀ တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၁၁၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကာ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာနှင့် အိန္ဒိယ မိုးလေဝသဌာနများက ခန့်မှန်းထားသည်။
မုန်တိုင်း ဖြတ်သန်းတိုက်ခတ်နိုင်သည့် မြို့နယ်များတွင် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲမြို့နယ်တို့ ပါဝင်သည်။
မုန်တိုင်းဝင်ရန် ယနေ့ (မေလ ၁၁ ရက်) ညနေ ၆း၃၀ မှ မေလ ၁၄ ရက် ညနေပိုင်းအထိ တွက်ချက်ပါက နာရီ ၄၀ ကျော်သာ လိုတော့သည့်အချိန်အထိ စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရန် ထွေထွေထူးထူး လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ဒေသခံတို့က ဆိုသည်။
ကနီမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မီးဘေးသင့် ကျေးရွာ ၂၂ ရွာမှ နေအိမ် ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ လက်ရှိဝင်နေသည့် စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းနေရသူများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကနီမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားက မုန်တိုင်းအန္တရာယ်ထက် စစ်ကောင်စီ စစ်ကြောင်းထိုးမည့် အန္တရာယ်ကို ပိုမိုစိုးရိမ်နေရသည်ဟု ပြောသည်။
“စစ်ကြောင်းထိုးနေတဲ့ အနေအထားဆိုတော့ ဒါတွေကို ဘယ်လိုကူညီပံ့ပိုးရမလဲ အဓိက စဉ်းစားနေရတဲ့ အနေအထားမျိုးဖြစ်တယ်။ လူထုက စားဝတ်နေရေးထက် စစ်တပ်ကို ကြောက်ပြီး ပြေးလွှား ပုန်းရှောင်နေရတဲ့အရာနဲ့ မုန်တိုင်းနဲ့ ယှဉ်ရင် စစ်ကောင်စီတပ်ကို ကြောက်နေရတယ်”
မုန်တိုင်းအန္တရာယ်ကြောင့် လယ်တောအတွင်း ဆောက်ထားသည့်တဲကို အမိုးအကာ ခိုင်ခံ့စေရန် ပြင်ဆင်နေသည်၊ စစ်ကြောင်းရန်ကြောင့် အချိန်မရွေး စစ်ဘေးရှောင်နိုင်ရန် တစ်ပိုင်တစ်နိုင်စားနပ်ရိက္ခာနှင့် အမိုး၊ အကာတို့ကို အဆင်သင့်ပြင်ဆင်ထားရသည်ဟု ကနီမြို့နယ်တွင်းမှ အသက် ၄၀ ဝန်းကျင်ခန့်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင် ၂,၀၀၀ ဝန်းကျင်ရှိသည့် ဒီပဲယင်းမြို့နယ်တွင်လည်း မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး ရိက္ခာစုဆောင်းထားမှုမှအပ အခြားကြိုတင်ပြင်ဆင်ထားမှု မရှိကြောင်း စစ်ရှောင်အရေးကူညီနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျုပ်တို့မြို့နယ်က မီးလောင်ပြာကျတဲ့ မြို့နယ်လည်းဖြစ်တယ်။ တဲလေးတွေ ထိုးပြီးနေရတာဆိုတော့ ရိုက်ခတ်ပြီးတော့ ပျက်သွားတာမျိုးဖြစ်ရင်တော့ ဝိုင်းဝန်းကူညီမှုနဲ့ပဲ ပြန်လည်တည်ဆောက်ရမယ်ဆိုတာမျိုး ရပ်တည်ရမယ့်အနေအထားရှိတယ်။ လက်ရှိဆိုရင်တော့ ဆန်တို့၊ ဆီတို့ ပြင်ဆင်ထားတာမျိုးပေါ့၊ အရေးပေါ်လိုအပ်လာတယ်ဆိုရင်ပေါ့”
လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒီပဲယင်းမြို့နယ်တွင် နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာ ၃၀ ကျော်မှ နေအိမ် ၆၀၀၀ ကျော် ပြာကျပျက်စီးခဲ့ရသည်။
မုန်တိုင်းဖြတ်သန်းဝင်ရောက်မည့်လမ်းကြောင်းရှိ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအနေဖြင့် တစ်ပိုင်တစ်နိုင်ပြင်ဆင်မှုအချို့ရှိပြီး စစ်တပ်၏ လေကြောင်းဒဏ်၊ လက်နက်ကြီးပစ်ခတ်မှုဒဏ်တို့ကို ရင်ဆိုင်နေရသည့် မင်းတပ်မြို့နယ်အတွင်းမှ ကျေးရွာများမှာမူ မုန်တိုင်းဒဏ်ထက် စစ်ကောင်စီ၏ အန္တရာယ်ကို ပိုမိုစိုးရိမ်နေသည်။
“(မုန်တိုင်းအတွက်) ဘာမှ ကြိုတင်လုပ်ဆောင်တာ မတွေ့ရသေးဘူး။ တစ်ခုခုဆို ကတုတ်ကျင်းထဲ ပုန်းမယ်ပဲ ပြောကြတာ တော်တော်များများက။ လေယာဉ်နဲ့ လက်နက်ကြီးပစ်မယ် ပြောတာကိုပဲ စိတ်ဝင်စားတယ်။ ခုချိန် တွေ့တဲ့သူကို မုန်တိုင်းသတင်းပြောပြတာ သိပ်မစိုးရိမ်ကြဘူး” ဟု မင်းတပ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲများကြောင့် မုန်တိုင်းနှင့် ပတ်သက်ပြီး တိကျမှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန် အခက်ကြုံနေရသည်။
ကနီမြို့နယ်မှ အထက်ပါ ဒေသခံ အမျိုးသားကလည်း ဒေသခံများ သတင်းကြိုမရကြကြောင်း ပြောသည်။
“မုန်တိုင်းလာခါမှလာရောဆိုတာမျိုး၊ ရောက်လာမယ့် အန္တရာယ်ကို ခါးစည်းခံရမယ့်အနေအထားမျိုးပေါ့။ မီးမရှိတော့ TV တောင် မဖွင့်နိုင်ဘူးဗျာ။ အဲ့ဒီတော့ အချက်အလက်က လတ်တလော အဆက်အသွယ်ပြတ်တောက်နေတာ။ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်ရဖို့ တော်တော် စုံစမ်းနေရတာပေါ့” ဟု ဆိုသည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ယမန်နေ့ (မေလ ၁၁ ရက်) ထုတ်ပြန်သည့်အချက်အလက်အရ မိုခါမုန်တိုင်း တိုက်ခတ်မှုသည် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့မှ လူဦးရေ ၁၇ သန်းကျော်ကို သက်ရောက်မည်ဟု ဆိုသည်။
ဒီပဲယင်းမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက “မုန်တိုင်းဆိုတာက မမြင်နိုင်တဲ့ အန္တရာယ်လည်း ဖြစ်တယ်။ မုန်တိုင်းအန္တရာယ်ကြောင့် ဆုံးရှုံးမယ်ဆိုလည်း တဲတွေပြိုတာတို့၊ အိမ်တွေပျက်စီးတာတို့ ကြုံကောင်းကြုံမယ်ပေါ့။ ဒါပေမဲ့ စစ်ကောင်စီပေးတဲ့ဒုက္ခတွေလောက်တော့ မုန်တိုင်းက ဟန်မပြင်းဘူးဗျ။ ဘာကြောင့်လည်းဆို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတဲ့အခါမှာ အကုန်လုံးက မီးလောင်ပြာကျရတယ်ဗျာ” ဟု ပြောသည်။
ကုလသမဂ္ဂနှင့် ဥရောပကော်မရှင်တို့၏ ပံ့ပိုးမှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ လေ့လာနေသည့် ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် (Global Disaster Alert and Coordination SYSTEM − GDACS) ၏ ယနေ့ (မေ ၁၂) မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင် မိုခါမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၇ မိုင်နှုန်းဖြင့် တိုက်ခတ်နိုင်သည်၊ လူပေါင်း ၂.၇ သန်း ထိခိုက်နိုင်သည်ဟု ဖော်ပြထားသည်။
မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အနီးတွင် ပင်လယ်ရေမျက်နှာပြင်အမြင့် ၆ ပေအထိ မြင့်တက်နိုင်ကြောင်းလည်း ကမ္ဘာ့မိုးလေဝသသတိပေးချက်များ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယနေ့ (မေလ ၁၂ ရက်) မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် အကူအညီပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု ထုတ်ပြန်ထားသည်။
ရခိုင်ကမ်းရိုးတန်းသို့ ၂၀၁၀ ခုနှစ် အောက်တိုဘာလက ဝင်ရောက်ခဲ့သည့် ဂီရိမုန်တိုင်းသည် တစ်နာရီ မိုင် ၁၂၀ အထိ တိုက်ခတ်ခဲ့ပြီး ရခိုင်ဒေသခံ ၁၆၀ နီးပါး သေဆုံးခဲ့သည်။ နိုင်ငံ့သမိုင်းတွင် အဆိုးဆုံး မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ တစ်နာရီလျှင် မိုင် ၁၃၀ နှုန်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးစေခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)