မကြာသေးခင်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းသည် ယခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူငယ်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
စစ်အစိုးရက ကျင်းပပေးပြီး ရလဒ်ကို လျစ်လျူရှုခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသူ တစ်ဦးဖြစ်သူ ဦးခွန်မြင့်ထွန်းသည် ၇ နှစ်ကျော်ကြာ ထိန်းသိမ်းခံရသည်။ NLD တွင် နှစ်ပေါင်း ၂ဝ နီးပါး လုပ်ကိုင်ပြီးနောက်ပိုင်းတွင် နယ်စပ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ၏ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိသွားသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ Myanmar Now ရုံးခန်းသို့ လာရောက်စဉ် အသက် ၅၂ နှစ်အရွယ် ဦးခွန်မြင့်ထွန်းက အားလုံးပါဝင်နိုင်ခြင်း မရှိသေးသည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်တွင် PNLO လက်မှတ်ထိုးရသည့်အကြောင်းရင်း၊ တပ်မတော်နှင့်ဆက်ဆံရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ကိုးကန့်ဒေသအရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။
မေး- ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဘာကြောင့် လက်မှတ်ထိုးဖြစ်တာလဲ။
ဖြေ- နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရမယ့်စိတ် အစဉ်တစိုက် ရှိခဲ့ပါတယ်။ NCA စာချုပ်က ဘယ်ကိစ္စပဲလုပ်လုပ်၊ ကြေညာချက် ထုတ်ပြန်တာကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဆောင်ရမှာပါ၊ အရင်က လက်နက်နဲ့ငြိမ်းချမ်းရေး လဲတယ်ဆိုတာမျိုးပဲ ရှိခဲ့တယ်၊ လက်တွေ့မှာတော့ လက်နက်ချရေးမှာပဲ အခြေခံခဲ့တယ်။ အခုတော့ နိုင်ငံရေးလမ်းပြမြေပုံ ဆိုတာမျိုးတွေ ချမှတ်တာမျိုးကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှပဲ ချမှတ်ရပါမယ်။ တစ်ဖက်ဖက်ကနေပြီး အပေါ်စီးယူထားတာမျိုးတွေ မဟုတ်ဘဲနဲ့ အပြန်အလှန် တန်းတူပေးပြီးတော့မှ ညှိနှိုင်းဆောင်ရွက်တယ်ဆိုပြီး NCA စာချုပ်မှာ ပါရှိပါတယ်။ ဒါကြောင့် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
မေး – အဲဒီလို လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းရင်းတွေက ဘာတွေလဲ။
ဖြေ- ကျွန်တော်တို့အဖွဲ့ရဲ့ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးပေါ်မှာလည်း မူတည်တယ်၊ မူဝါဒတွေနဲ့လည်း ဆိုင်တယ်၊ တစ်ပြည်လုံးအရေးကိစ္စနဲ့လည်း ဆိုင်ပါတယ်။ နိုင်ငံရေးဆွေးနွေးဖို့ကိုတော့ နောက်အစိုးရ လက်ထက်ကျမှ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နောက်အစိုးရက အရပ်သားလွှမ်းမိုးမှု ပိုများမယ်လို့ ထင်တယ်။ နောက်တက်မယ့် အစိုးရက စစ်တပ်နဲ့ အဆင်ပြေမလား၊ မပြေဘူးလားဆိုတာ မသေချာဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရတာပါ။ (ယခင် စစ်အစိုးရရဲ့) ၂ဝဝ၄ ခုနှစ် လမ်းပြမြေပုံမှာ တိုက်တဲ့သူက တိုက်ခဲ့တယ်။ လိုက်တဲ့သူက လိုက်ခဲ့တယ်။ အဲဒီတုန်းက KNU ဦးဆောင်ပြီး ကျွန်တော်တို့က တိုက်ခဲ့တယ်။ KIO အပါအဝင် (မြန်မာပြည်) မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်တို့၊ SSPP/SSA တို့က အစိုးရလမ်းပြမြေပုံကို လိုက်ခဲ့တယ်။ အခုတော့ KNU အပါအဝင် ကျွန်တော်တို့က လိုက်ခဲ့ပြီး KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက တိုက်နေတယ်။ တိုက်သူမရှိ နိုင်ငံရေးလမ်းပြမြေပုံကို လိုက်ပါဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်ချင်ပါတယ်။ အခုလက်မှတ်မရေးထိုးရတဲ့ အဖွဲ့တွေထဲမှာ မထိုးဘူးဆိုတဲ့ အဖွဲ့မရှိဘူး။ သို့သော် မိမိလိုလားတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးရရင်၊ အချိန်အခါသင့်ရင်တော့ ထိုးကြမှာပဲ။ အစိုးရကရော၊ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေကရော ကျန်နေသေးတဲ့ အဖွဲ့တွေ လက်မှတ် ရေးထိုးလို့ရအောင် ဖန်တီးပေးရပါမယ်။ လက်မှတ်ရေးထိုးချင်သော်လည်း သူတို့ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် မထိုးဖြစ်တာလို့ပဲ ကျွန်တော်မြင်ပါတယ်။
မေး- လက်မှတ်ထိုးဖို့အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်ဘက်က ပိုပြီး လျှော့ပေးခဲ့ရသလဲ။
ဖြေ- နှစ်ဖက်စလုံးက အရွေ့တွေ ရှိပါတယ်။ အပြောင်းအလဲတွေရှိတယ်။ တပ်မတော် အဆင့်မြင့်အရာရှိကြီးတွေက ကျွန်တော်တို့နဲ့ အသက် သိပ်မကွာပါဘူး၊ သောင်းကျန်းသူ ဟူသမျှ အမြစ်ပြတ်ချေမှုန်းကြဆိုတဲ့ ဆိုင်းဘုတ်ကြားထဲက ထွက်လာခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ကို သောင်းကျန်းသူဆိုတဲ့ အမြင်နဲ့ပဲ ဆက်ဆံခဲ့တယ်။ DDR (Disarmament, Demobilization and Reintegration) ကိုလည်း လက်နက်ဖြုတ်သိမ်းရေးလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ကျွန်တော်တို့ကတော့ ဒီစာချုပ်ပေါ်မှာ မူတည်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့က ပြည်ထောင်ဘက်တွေ ဖြစ်တယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ပြန်ထူထောင်မယ်၊ ပြည်ထောင်ဘက်အနေနဲ့ စဉ်းစားတယ်။ နောက်ဆုံး စာချုပ်မှာ သဘောတူညီခဲ့တာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ SSR, DDR ကို ဆိုလိုသည် ဆိုပြီး အဓိပ္ပာယ် ဖွင့်နိုင်ခဲ့တယ်။ အခုလိုမျိုး သူတို့ဘက်က သဘောထားပြောင်းလာတာ လေ့လာမှု၊ ဆည်းပူးမှုတွေ ရှိတယ်လို့ မြင်တယ်။ ဒီနေ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ရိုးသားဖို့ လိုတယ်။ စာချုပ်အတိုင်း အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ လိုလားချက်ကို ရမယ်။ စာချုပ်ရဲ့ အခြေခံမူများ နံပါတ်တစ်မှာ ဘာရှိလဲဆို အစိုးရရဲ့ ဒို့တာဝန် အရေးသုံးပါးကို ကျွန်တော်တို့က လက်ခံပေးမယ်၊ ကျွန်တော်တို့ရဲ့တန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အစိုးရက လက်ခံပေး။ တိုင်းပြည်လုံခြုံရေးကို ကျွန်တော်တို့အားလုံး စုပေါင်းပြီး တာဝန်ယူကြမယ်။ တပ်က တစ်တပ်တည်း ရှိရမယ်။ တစ်သွေးတစ်သံ တစ်မိန့်တည်းရှိတဲ့ တပ်မျိုးကို အနာဂတ်ကာလမှာ ပြန်လည်ဖွဲ့စည်းရပါမယ်။ ဒါပေမဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့လိုမျိုး အသွင်ပြောင်းရမယ် ဆိုရင်တော့ ဆွေးနွေးပွဲတွေက အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
မေး- လက်မှတ်ထိုးပြီးပေမယ့် လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေ သတ်မှတ်မှု မရှိသေးတဲ့အတွက် ပြဿနာ မဖြစ်နိုင်ဘူးလား။
ဖြေ- နယ်မြေသတ်မှတ်မှုတွေ တပ်နေရာချထားမှုတွေက စာချုပ်အရတော့ ကျွန်တော်တို့ ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်မထိုးသေးတဲ့သူတွေကတော့ ဒီကိစ္စကို ဆွေးနွေးလို့ မရပါဘူး။
မေး- စာချုပ်ပါ အချက်တွေကို လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက်ပြီးတော့ ဆွေးနွေးနိုင်မယ်လို့ ထင်သလား။
ဖြေ- ဦးသိန်းစိန်က ပြည်ထောင်စုသမ္မတအနေနဲ့ ထိုးတာဖြစ်တယ်။ ရွေးကောက်ပွဲအပြီး ပထမဆုံးလွှတ်တော်မှာ အခု အစိုးရက ရှိနေဦးမှာ ဖြစ်တယ်။ အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပြီဆိုရင် ဘယ်အစိုးရပဲ တက်လာတက်လာ ဒါက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စာချုပ်စာတမ်းတစ်ရပ် ဖြစ်လာမှာပါ။
မေး- စာချုပ် ဖြစ်မြောက်သွားတာက အာဏာရပါတီအတွက် အမြတ်ထုတ်စရာ ဖြစ်သွားနိုင်သလား။
ဖြေ- စာချုပ် လက်မှတ်ရေးထိုးခြင်း မထိုးခြင်းအပေါ်မှာ မူတည်ပြီး လူထုက ပါတီတစ်ရပ်ကို သိပ်အလေးပေးမယ်လို့ မထင်ဘူး။ တိုင်းပြည်အပြောင်းအလဲဖြစ်ရေးအတွက် သူတို့နှစ်သက်တဲ့ ပါတီကို မဲပေးလိမ့်မယ်လို့ ထင်ပါတယ်။ စာချုပ်လက်မှတ်ထိုးနိုင်လို့ အစိုးရကို မဲပေးတယ်ဆိုရင်လည်း ဒါက လူထုရဲ့အဆုံးအဖြတ်ပါပဲ။ စာချုပ် လက်မှတ်ရေးထိုးခြင်းကြောင့် (ပါတီတစ်ခု) ရွေးကောက်ပွဲမှာ မဲရသွားရေး မရသွားရေး ဆိုတာကို ကျွန်တော်တို့က မစဉ်းစားပါဘူး။
မေး- အပစ်ရပ်စာချုပ် ချုပ်ပြီးချိန် တပ်နေရာချထားရေး ဆုံးဖြတ်တဲ့ ကာလမှာ တိုက်ပွဲ ဖြစ်နိုင်သေးလား။
ဖြေ- တိုက်ပွဲတွေကတော့ ရှေ့လျှောက်တော့ နည်းသွားမယ်။ မဖြစ်တော့ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒီစာချုပ်လက်မှတ်ထိုးတဲ့ အခါမှာ ကာကွယ်ရေးဦးစီးချုပ် (နဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်) နှစ်ဦးစလုံး ပါတဲ့အတွက် ဒီစာချုပ်အပေါ်မှာ တာဝန်ခံရမယ်၊ တာဝန်ယူရမယ်။ သမ္မတလက်မှတ်ထိုး၊ လွှတ်တော်ဥက္ကဋ္ဌလည်း လက်မှတ်ထိုး၊ ကာကွယ်ရေးဦးစီးချုပ်တွေလည်း လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်။
မေး- နိုင်ငံတကာ အသိသက်သေတွေလည်း စာချုပ်မှာ ပါဝင်တဲ့အတွက် နိုင်ငံတကာဖိအား ဘာတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်သလဲ။
ဖြေ- သံတမန်တွေအနေနဲ့ လက်မှတ်ရေးထိုးနိုင်သူတွေလည်း ရှိပါတယ်။ တချို့က အသိသက်သေအဖြစ် လက်မှတ်ရေးထိုးတဲ့သူ ရှိတယ်၊ မထိုးတဲ့သူ ရှိတယ်။ အမေရိကန်၊ အင်္ဂလန်တို့က လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ကြားတယ်။ သူတို့က မျက်မြင်သက်သေတွေအနေနဲ့ ထုတ်ပြန်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ကူညီ ဆောင်ရွက်ပေးတာဟာ ပိုက်ဆံထောက်ပံ့တာ တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက် နိုင်ငံရေးအရရော ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်လို့ မြင်ပါတယ်။
မေး- ကိုးကန့်ပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်သင့်သလဲ။
ဖြေ- ၁၉၈၉ မှာ အစိုးရနဲ့ ပထမဆုံး အပစ်ရပ်ခဲ့တာ ကိုးကန့်ဖြစ်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပေါ်ပေါက်ရေးမှာလည်း ကိုးကန့်အဖွဲ့က ထောက်ခံပေးခဲ့ပါတယ်။ ကိုးကန့်အဖွဲ့နဲ့ အစိုးရကြားမှာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးရှိခဲ့တာတွေကို စာနာထောက်ထားပြီး ပြဿနာတွေအပေါ်မှာ ချဉ်းကပ်ရင် ကောင်းမယ်။
မေး- ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆို ဘာတွေ အရင်ဆုံး လုပ်ရမလဲ။
ဖြေ- ၂ဝဝ၈ အခြေခံဥပဒေ ပြင်နိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲက မျက်မှောက်နဲ့ကင်းလွတ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလည်း မဖြစ်သင့်ပါဘူး။ ၁၉၉၃ (စစ်အစိုးရ စီစဉ်တဲ့) ညီလာခံတုန်းက အနာဂတ်ကိုပြောရင်းနဲ့ မျက်မှောက်မှာ ပါဝင်ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။ လာမယ့်နိုင်ငံရေးဆွေးနွေးပွဲက အနာဂတ်အတွက်ရော မျက်မှောက်ရေးရာကိုပါ ဆွေးနွေးဖို့ လိုတယ်။
မေး – ပအိုဝ်းအဖွဲ့က အစိုးရစစ်တပ်နဲ့ ပေါင်းဖို့ရော စိတ်အားထက်သန်သလား။
ဖြေ- ကျွန်တော့်နာမည်ရှေ့မှာ ဘာမှ မတပ်ထားဘူး။ ကျွန်တော်လည်း တပ်ချင်ရင် ဗိုလ်တွေ၊ ဘာတွေ ညာတွေ တပ်လို့ရပါတယ်။ ဒါပေမဲ့ ပအိုဝ်း တိုင်းရင်းသားလွတ်မြောက်ရေး အဖွဲ့ချုပ်မှာ စစ်ဘက်သည် နိုင်ငံရေးအဖွဲ့အောက်မှာ ရှိရမယ်ဆိုတဲ့ အခြေခံစည်းမျဉ်း ရှိပါတယ်၊ စစ်ရာထူးတွေ တပ်လိုက်ရင် စစ်ဘက်သည် နိုင်ငံရေးအဖွဲ့အောက်မှာ ရှိရမယ် ဆိုတဲ့ အနှစ်သာရက ပျောက်သွားမှာပါ။ အနာဂတ်တပ်မတော်ထဲမှာ ရာထူးယူပြီးလုပ်ဖို့ အစီအစဉ် မရှိပါဘူး။ တိုင်းပြည်လုံခြုံရေးအတွက် ပေါင်းစည်းခြင်းမှာတော့ လူမျိုးအလိုက်သော်လည်းကောင်း တာဝန်ယူနိုင်ဖို့တော့ လုပ်ရမှာပေါ့။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မဲဆွယ်နေတဲ့နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်၊ တိုက်ခိုက်တာတွေ ရှိတယ်။ ပအိုးဝ်အဖွဲ့ရဲ့ မူဝါဒက ဘယ်လိုလဲ။
ဖြေ- လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုခံရဖို့ လိုလားတယ်။ ကျွန်တော်တို့ပါတီက ဘယ်ပါတီဘယ်အဖွဲ့အစည်းကို ထောက်ခံတယ်လို့ မပြောဘူး။ ကန့်ကွက်ခြင်းလည်း မလုပ်ဘူး။ တစ်ဦးချင်းအနေနဲ့က ကိုယ်ကြိုက်တဲ့သူကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ရှိမှာပေါ့။ လူထုရွေးတဲ့သူကို ကျွန်တော်တို့ လက်ခံပေးမှာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မနှောင့်ယှက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲကို တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ်။ ။