အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကော်မရှင်၏ အပစ်ရပ် NCA ၁၀ နှစ်ပြည့် ပွဲမတက်ရန်  EAO ၆ ဖွဲ့  တိုက်တွန်း

NCA ၁၀ နှစ်ပြည့် အခမ်းအနားတက်ရောက်ပါက အာဏာသိမ်း စစ်ကော်မရှင်ကို တရားဝင်မှုပေးသကဲ့သို့ ဖြစ်နိုင်သဖြင့် မတက်ရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့က တောင်းဆိုလိုက်သည်။

ယခုသီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်၌ အာဏာသိမ်း စစ်ကော်မရှင် ဦးဆောင် ပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးမှု ၁၀ နှစ်ပြည့်အခမ်းအနားကို ကုလသမဂ္ဂ (UN) အပါအဝင် အာဆီယံအဖွဲ့နှင့် နိုင်ငံတကာ သံတမန်များ မတက်ရောက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက် ဖွဲ့က ယနေ့ (အောက်တိုဘာလ ၁၃ ရက်နေ့) တွင် ထုတ်ပြန် တိုက်တွန်းသည်။

အဆိုပါကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် အဖွဲ့ ခြောက် ဖွဲ့က ပူးတွဲကြေညာချက်ထုတ်၍တောင်းဆိုခြင်း ဖြစ်သည်။

ထိုအဖွဲ့ ခြောက် ဖွဲ့တွင် LDU မှ လွဲ၍ ကျန် တိုင်းရင်းသား လက်နက်ကိုင် ငါး ဖွဲ့သည် စစ်ကော်မရှင်တပ်နှင့် ပစ်ခတ်တိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။

ထိုကြေညာချက်တွင် စစ်တပ်သည် NCA စာချုပ်ပါ အချက်များကို အကြိမ်ကြိမ်ချိုးဖောက်နေသည်ဟု ဖော်ပြထားသည်။ ထို့ပြင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ ရည်မှန်းချက်၊ အခြေခံမူနှင့် အနှစ်သာရတို့ကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ခြင်းဖြစ်ပြီး NCA ပါ အချက်များကို အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်သွားပြီး ထိုစာချုပ်သည် စက္ကူစုတ်အဖြစ်သို့ ရောက်ရှိသွားပြီ ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

NCA ၁၀ နှစ်ပြည့်အခမ်းအနားကို ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ သံတမန်များတက်ရောက်ပါက အာဏာသိမ်း စစ်ကော်မရှင်ကို တရားဝင်မှုပေးသကဲ့သို့ဖြစ်နိုင်သဖြင့် မတက်ရောက်ရန် တောင်းဆိုခြင်း ဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“NCA ဘာမှတရားမဝင်တော့ဘူးဆိုတာ ဒီအဖွဲ့အစည်းတွေက မသိတာလည်းမဟုတ်ဘူး။ အကုန် သိတယ် ။ နောက်တစ်ခုက၂၀၂၁ စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူလူထုအပေါ် ဒီလောက်ရက်စက် ကြမ်းကြုတ်ပြီးမှ သတ်ဖြတ်ညှဉ်းဆဲနေတဲ့ဟာ အခုထက်ထိ အတောမသတ်နိုင်တဲ့ဟာကို သွားတက်မယ် ဆိုရင် ဘယ်လောက်အထိ အကျည်းတန် အကြည့်ရဆိုးသလဲဆိုတာ သိပ်ပြောစရာမလိုဘူး” ဟု ၎င်းက ဝေဖန်သည်။

ပဒိုစောတောနီးက စစ်တပ်အာဏာသိမ်းလိုက်ကတည်းက စစ်တပ်ဦးဆောင်ရေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားသလို NCA စာချုပ်သည်လည်း အသက်မဝင်ကြောင်း ထောက်ပြသည်။

NCA စာချုပ် လက်မှတ်ရေးထိုးမှု အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ပြုလုပ်နေခြင်းသည် စစ်တပ် က ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်နေခြင်းသာဖြစ်ကြောင်း ပဒိုစောတောနီးက မှတ်ချက်ပေးသည်။

ကုလသမဂ္ဂ အပါအဝင် အာဆီယံနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် မြန်မာပြည်သူများဘက် မျက်နှာ မူ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“အထူးသဖြင့် အဓိကကျတဲ့ အချက်က ပြည်သူဘက်ကို မျက်နှာမူပြီး ကျွန်တော်တို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့အချိန် တကယ်ရောက်ရှိလို့လာပါပြီ။ ရဲရဲရင်ရင့်နဲ့ ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုပြီ ဆိုတာပဲ သတင်းပါးချင်ပါတယ်” 

ABSDF တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ရဲဘော်ကျော်လင်းကလည်း စစ်ကော်မရှင်သည် NCA ဆိုသည့် ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် နိုင်ငံတကာနှင့် လူထုကိုလှည့်စားရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောသည်။

“၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက စစ်တပ် ကြိုးပမ်းနေတာက သူ့ကို တရားဝင်အသိအမှတ်ပြုဖို့ ဖြစ်တယ်။ တရားဝင်မှုကို အမြဲတစေနည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်။ ရွေးကောက်ပွဲဟာလည်း သူ့ကို တရားဝင် အသိအမှတ်ပြုဖို့ ကြိုးပမ်းအားထုတ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က သူ့ကို ဒီအချက် ပေးလို့မရဘူးဆိုတာ နိုင်ငံတကာကို အမြဲတစေရှင်းပြနေတယ်” ဟု ရဲဘော်ကျော်လင်းက ဆိုသည်။

ယခုကဲ့သို့ ပူးတွဲကြေညာချက်ထုတ်ခြင်းသည် လူထုအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်တပ်ကို ယဉ်ကျေးသည့် လူ့ဘောင်တွင်မထားသင့်ဟု ထောက်ပြနေခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူ မြန်မာသုတေသီတစ်ဦးကမူ စစ်ကော်မရှင်သည် ရွေးကောက်ပွဲပြီးသည့်နောက် အရပ်သားအမည်ခံ အစိုးရတက်လာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် လုပ်နိုင်ရန် ရည်ရွယ်နေသဖြင့် NCA  ၁၀ နှစ်ပြည့်ပွဲကို အကြီးအကျယ်လုပ်ရန် ပြင်ဆင်နေကြောင်း ပြောသည်။

စစ်ကော်မရှင်ဘက်ကလည်း NCA စာချုပ် ၁၀ နှစ်ပြည့်ပွဲကို နေပြည်တော်တွင် အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရန် စီစဉ်နေသည်ဟု ထုတ်ပြန်ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ချုပ်ဆိုသည့် စာချုပ်(NCA)ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ကနဦးတွင် တိုင်းရင်းသားလက်နက်ကိုင် ရှစ် ဖွဲ့လက်မှတ်ထိုးပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ တွင် NMSP နှင့် LDU တို့ လက်မှတ်ထိုးကြရာ စုစုပေါင်း ၁၀ ဖွဲ့ လက်မှတ်ထိုးထားသည်။ လက်မှတ်ထိုးရာ တွင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ကပါ အသိသက်သေ အဖြစ် ပါဝင်လက်မှတ်ထိုးခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် NCA စာချုပ် လက်မှတ်ရေးထိုးသည့် အထိမ်းအမှတ်ပွဲများ ကို နေပြည်တော်တွင်နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်။ KNU နှင့် CNF ကဲ့သို့ တော်လှန်ရေး အဖွဲ့များ ကလည်း NCA စာချုပ် အသက်မဝင်တော့ကြောင်း သတင်းမီဒီယာများတွင် မကြာခဏ ထုတ်ဖော်ပြော ဆိုခဲ့ကြသည်။ 

ယခုကဲ့သို့ အပစ်ရပ် NCA နှင့် ပတ်သက်၍ အဖွဲ့ ခြောက် ဖွဲ့ပေါင်း၍ သဘောထား ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို စစ်ကော်မရှင်က ကျင်းပရန် ရှိနေပြီး ရွေးကောက်ပွဲမတိုင်မီ နှစ်လခန့်အလိုတွင် NCA ၁၀ နှစ်ပြည့်ပွဲလုပ်ရန် စစ်ကော်မရှင်က စီစဉ်နေသည်။

စစ်ကော်မရှင်လုပ်သည့် NCA ၁၀ နှစ် ပြည့်ပွဲသို့ တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံကြီးများတက်နိုင်သလို ပြည်တွင်း အင်အားကြီးလက်နက်ကိုင်တပ်ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ တက်ရောက်နိုင်ဖွယ်ရှိကြောင်း အထက်ပါ နိုင်ငံရေးလေ့လာသူ မြန်မာသုတေသီက ဆိုသည်။

“ဝ” တို့ မိုင်းလားတို့ SSPP တို့က ဖွင့်ပွဲမှာ လာတက်မယ်လို့ကြားတယ်။ ဖိတ်ထားတော့ ဖွင့်ပွဲမှာ လာတက်မယ်။ ဒါပေမဲ့ ဝင်ရောက်ဆွေးနွေးမှာ မဟုတ်ဘူးလို့သိရတယ်” ဟု ၎င်းက ပြောသည်။

UWSA၊NDAA နှင့် SSPP တို့သည် တရုတ်ဖိအားကြောင့် အခမ်းအနားလာတက်ရန် ဖြစ်နိုင်ကြောင်း အဆိုပါ သုတေသီက မှတ်ချက်ပြုသည်။

ထိုအခမ်းအနား တက်ရန် ရှိ၊ မရှိ သိနိုင်ရန် UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကို Myanmar Now က အွန်လိုင်းမှ တစ်ဆင့် စာပေးပို့မေးမြန်းထားသော်လည်း သတင်းရေးသားပြီးချိန်အထိ တုံ့ပြန်ချက်မရသေးပေ။

NCA ၁၀ နှစ် ပြည့် အခမ်းအနားမတက်ရန် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ခြောက် ဖွဲ့က ပူးတွဲ ကြေညာခြင်းသည် စစ်ကော်မရှင်၏ NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးရရန်ဆိုသည့်အချက် အလုပ် မဖြစ်နိုင်ဆိုသည့် အဓိပ္ပာယ်သာဖြစ်ကြောင်းအထက်ပါ နိုင်ငံရေးလေ့လာသူက ဆိုသည်။

“NCA ပျက်ပြယ်ပြီဆိုတာရယ်။ ဒီဟာက အလုပ်မဖြစ်ဘူးဆိုတာရယ်ကို တိတိကျကျ ကြေညာတာပါ” ဟု ၎င်းက မှတ်ချက်ပေးသည်။

နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲနေသည့် စစ်တပ်၏ NCA လမ်းကြောင်းအတိုင်း နိုင်ငံတကာအဖွဲ့များ ဆက်လက် ပါဝင်နေမည်ဆိုပါက မြန်မာပြည်သူများ ဆင်းရဲဒုက္ခ ပိုရောက်ဖွယ်ရှိသည်ဟု တိုင်းရင်းသား လက်နက်ကိုင် ခြောက် ဖွဲ့က သတိပေးသည့် အဓိပ္ပာယ်သက်ရောက်သည် ဟု လည်း အထက်ပါ နိုင်ငံရေးလေ့လာသူက ပြောသည်။

Related Articles

Back to top button