အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU ဥက္ကဋ္ဌဟောင်းနှင့် တပ်မဟာ ၆ ခရိုင် ဥက္ကဋ္ဌဟောင်းကို အပြီးထုတ်ပယ်

အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံမှုများ အကြိမ်ကြိမ်ပြုလုပ်နေသော KNU ဥက္ကဋ္ဌဟောင်းနှင့် တပ်မဟာ (၆ ) ခရိုင် ဥက္ကဋ္ဌဟောင်းကို အဖွဲ့ဝင်အဖြစ်မှပါ အပြီးထုတ်ပယ်လိုက်သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် ခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေ မောင်းတို့ကို အဖွဲ့အစည်းမှ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်း KNU က ယနေ့ (နိုဝင်ဘာလ ၁၈ ရက်နေ့) တွင် အတည်ပြုသည်။

KNU  ချမှတ်ထားသည့် မူဝါဒများကို လိုက်နာမှုမရှိခြင်းကြောင့် အောက်တိုဘာလဆန်းက  ပြုလုပ်သော ၁၃ ကြိမ်မြောက် ဗဟိုအလုပ်မှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု KNU ဗဟို၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က  Myanmar Now ကို ပြောသည်။

“အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင်လည်းပဲ အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူတွေကို လိုက်နာဖို့ တာဝန်ရှိတယ်။ အခုက အဖွဲ့အစည်းက ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီကို အဖန်တလဲလဲ၊ ထပ်ခါထပ်ခါဖောက်ဖျက်နေတဲ့ ကိစ္စရပ်နဲ့ပဲ အရေးယူရတာပဲဖြစ်ပါတယ်”ဟု ပဒိုစောတောနီးက ဆိုသည်။

ဥက္ကဋ္ဌဟောင်းနှင့် တပ်မဟာ (၆) ခရိုင်ဥက္ကဋ္ဌဟောင်းကို အဖွဲ့ဝင်အဖြစ်မှပါ ထုတ်ပယ်ခြင်းဖြစ်သည်ဟု  ပြောသည်။

“ရာထူးရာခံ ဘာတာဝန်မှမရှိရုံမက သာမန်အဖွဲ့ဝင်တစ်ယောက်လည်းမဟုတ်တော့ပါဘူး” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။ 

၂၀၁၂-၂၀၂၃  ခုနှစ်အထိ KNU ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းကတည်းက  NCA လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်မည်ဟု စာထုတ် ပြန်ခဲ့ရာမှ အစပြုပြီး ၂၀၂၃ ခုနှစ် မေလတွင် စောမူတူးစေးဖိုးသည် ထပ်မံရွေးကောက်ခံရခြင်း မရှိဘဲ အနားယူခဲ့ရသည်။

NCA အတိုင်းသွားလိုသော  ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ ထုတ်ပြန်ချက်အပေါ် KNU ဗဟိုက ၎င်း၏ ပုဂ္ဂိုလ်ရေးသဘောထားသာ ဖြစ်သည်ဟု ဖြေရှင်းခဲ့ရသည်။

ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခြင်း၊ စစ်တပ်က ဦးဆောင် ကျင်းပသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အခမ်းအနားများ တက်ရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်တွင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တို့ တွေ့ဆုံကြသည့် မှတ်တမ်းဓာတ်ပုံများကို စစ်တပ်အာဘော် သတင်းစာများတွင် ဖော်ပြခဲ့ကြရာ  ၎င်းနှင့်အတူ ပဒိုစောရောဂျာခင် (ဗဟိုကာကွယ်ရေး ဌာနမှူးဟောင်း)၊ KNU တပ်မဟာ (၆) ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ ပါဝင်ခဲ့ကြသည်။

ထို့နောက် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ခိုင်စိုးနိုင်အောင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ABSDF မှ ရဲဘော်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ယခုနှစ် အောက်တိုဘာ၌ ကျင်းပသော NCA ၁၀ နှစ်ပြည့်ပွဲတွင် စောမူတူးစေဖိုးနှင့် ပဒိုစောရွှေမောင်းတို့  တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက NCA ကို အခြေခံသည့် ဆွေးနွေးပွဲများ ပြန်လည် စတင်သင့်သည်ဟု မိန့်ခွန်းပြောခဲ့သည်။

 တပ်မဟာ (၇) ပိုင်ကျုံမြို့နယ်တွင်၂၀၂၄ မတ်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ တွေ့ရသည့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး။
( ဓာတ်ပုံ- KNU-Hpa-An District )

ထိုသူ နှစ်ဦးလုံးသည် KNU တွင် ထပ်မံရွေးကောက်ခံရခြင်း မရှိတော့ဘဲ ရာထူးမှ အနားယူလိုက်ရသူများဖြစ်ပြီး KNU သာမန်အဖွဲ့ဝင်များအဖြစ် ဆက်ရှိနေရာမှ စစ်တပ်ဦးဆောင်သည့်ပွဲများ တက်ရောက်နေကြသဖြင့် အဖွဲ့ဝင်အဖြစ်မှပါ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။​

တော်လှန်ရေးအဖွဲ့များ အားကောင်းရာ တပ်မဟာ (၆) နယ်မြေ ခရိုင်ဥက္ကဋ္ဌ တာဝန်ယူထားစဉ်  ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ပဒိုစောရွှေမောင်းက ၎င်းနယ်မြေ၌ PDF များကို လက်မခံရန် စာထုတ်ခဲ့၍ KNU ဗဟိုနှင့် ထိုနယ်မြေ၏ အောက်ခြေသဘောထား မဟုတ်ကြောင်း ပြန်ထုတ်ပြန်ခဲ့ကြသည်။

NCA စာချုပ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင် ချုပ်ဆိုရာ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယတို့ကပါ အသိသက်သေအဖြစ် ပါဝင်ခဲ့ကြပြီး KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက်  အပစ်ရပ် လက်မှတ်ထိုးထားသည့် KNU ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ အပစ်ရပ်လက်မှတ်မထိုးခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (TNLA,MNDAA,AA)၊ ကရင်နီတပ်မတော် (KA) တို့က ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

KNU က စစ်အာဏာသိမ်းမှုကို အတိအလင်း ဆန့်ကျင်ခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားကို ခိုလှုံခွင့်ပေးခဲ့သည်။

ထို့နောက် KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ပိုပြင်းထန်လာပြီးနောက် စစ်ရှောင်သိန်းချီ ရှိလာသည်။ တိုက်ပွဲ ဧရိယာကျယ်လာပြီး စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတိုက်ခိုက်နေသည်။

၂၀၂၃ ခုနှစ် ဧပြီလကုန်မှစ၍ သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက်ညီလာခံတွင် ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာခဲ့သည်။

အာဏာသိမ်းစစ်တပ်က သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့အစည်း KNU ကို မတရားအသင်းအဖြစ် ယခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ပြီး အကြမ်းဖက်အဖွဲ့ သတ်မှတ်ခဲ့သည်။ 

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်က ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇-၁၉၅၀ တွင် စောဘဦးကြီး၊ ၁၉၅၀-၁၉၅၃ တွင် စကောလယ်တော၊ ၁၉၅၃-၁၉၆၃ တွင် စောဟံတာသာမွေး၊ ၁၉၆၃-၁၉၇၅ တွင် မန်းဘဇန်၊ ၁၉၇၆-၂၀၀၀ အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀-၂၀၀၈ အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈-၂၀၁၂ အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ၂၀၁၂-၂၀၂၃ အထိ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့က တာဝန်ယူခဲ့သည်။ 

KNU အုပ်ချုပ်ရေးအောက်တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ တပ်မဟာ (၇) ဖားအံခရိုင် တို့ရှိကာ လက်နက်ကိုင်တပ်များအဖြစ် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့ ရှိသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်တပ်နှင့် တိုက်ပွဲပေါင်း ၃၂၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀၀၀ ကျော် သေဆုံးခဲ့ကာ  ၂၂၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့် ရာနှင့်ချီတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်  ထုတ်ပြန်ထားသည်။ 

ထိုတိုက်ပွဲများအတွင်း KNU တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ၁၀၀ ဦးခန့်  သေဆုံးခဲ့ပြီး ၃၂၅ ဦးခန့်မှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

Related Articles

Back to top button