သတင်း

စစ်တပ်၏ ပအိုဝ်းပြည်သူ့စစ်နှင့် တွဲလုပ်ရန် ဗိုလ်မှူးကြီးခွန်ဥက္ကာ လိုလား

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ နာယကအဖြစ်မှ နှုတ်ထွက်လိုက်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပအိုဝ်းပြည်သူ့စစ်နှင့် စစ်ရေးမဟုတ်သည့် လုပ်ငန်း တွဲလုပ်လိုသည်ဟု ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အဖွဲ့မှ နှုတ်ထွက်ပြီး  စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့်  ပူးပေါင်းလုပ်ဆောင်လိုသည်ဟု Myanmar Now ကို ပြောသည်။

ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင်  နိုင်ငံရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်း ပူးပေါင်းလုပ်ဆောင်မည် ဟုလည်း ၎င်းက ပြောသည်။

“ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု အသက် ၈၀ ပြည့်တော့မည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

  “နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စပေါ့။   ကျွန်တော်တို့ ပအိုဝ်းပြည်သူတွေလုံခြုံမှုအတွက် ဘယ်လိုကာကွယ်ပေးမလဲ၊ ပျက်စီးဆုံးရှုံးတာတွေကို ဘယ်လိုပြန်ပြီးတော့ တည်ဆောက်မလဲပေါ့။ အဲဒါပူးပေါင်းဆောင်ရွက်တာပါ။ စစ်ရေးမပါပါဘူး”  

ဗိုလ်မှူးကြီးခွန်ဥက္ကာကမူ ၎င်းတို့၏ စုဖွဲ့မှုကို ထပ်မံထုတ်ပြန်သွားရန် အစီအစဉ်ရှိသည်၊  ပအိုဝ်းပြည်သူ့စစ်အဖွဲ့နယ်မြေ အပါအဝင် ဆီဆိုင်မြို့နယ် ပွန်ချောင်းအနောက်ဘက်မှ ဆီဆိုင်-လွိုင်ကော်ကားလမ်းအတွင်း အခြေချလှုပ်ရှားမည်ဖြစ်ကြောင်း ပြောသည်။

PNLO ဦးဆောင်နာယကဟောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ဓာတ်ပုံ – Saw Reh)

PNLO သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 

၂၀၂၁ တွင် စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြအရပ်သားများကို ပစ်သတ်ရာမှ  နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု   ပေါ်ပေါက်လာသော်လည်း ဗိုလ်မှူးကြီးခွန်ဥက္ကာသည်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ စစ်တပ်နှင့် ဆက်လက် ဆွေးနွေးရေးလမ်းကို ရွေးချယ်ထားသည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း သူက စစ်ကောင်စီကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရလဒ်မရေရာသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်သည့် တပ်ကမူ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်၊ သို့သော်လည်း ၎င်းတို့၏ လက်နက်သယ်ဆောင်မှု   ဟန့်တားခံရပြီးနောက်  စစ်ကောင်စီကို တိုက်ခိုက်လာရာ  ဇန်နဝါရီလအတွင်း ရှမ်း-ကယားနယ်စပ်မှ ဆီဆိုင်မြို့ကို ယာယီသိမ်းပိုက်နိုင်ခဲ့သည်။  

ထိုသို့သောအခြေအနေတွင် ဗိုလ်မှူးကြီးခွန်ဥက္ကာသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင်  နာယက ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာလိုက်သည်။ 

PNLA တွင် တပ်ဖွဲ့ဝင်အင်အား ၄၀၀ အထက် ရှိနိုင်သည်ဟု သုတေသနအဖွဲ့များက ခန့်မှန်းကြသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက တပ်ဖွဲ့ဝင်များ ၎င်းနှင့်အတူ  လာရောက်ရပ်တည်ရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

“တပ်တွေကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိစွာနဲ့ ကျွန်တော်တို့ဘက်ကို ပြန်လည်ကူးပြောင်းနိုင်အောင် ကျွန်တော်တို့ဘက်က စောင့်နေတာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

PNLO က အဖွဲ့ကို ခေါင်းဆောင်ကြီး ၅ ဦးဖြင့် ဦးဆောင်သွားရန် စက်တင်ဘာ ၁၁  ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ကြေညာထားသည်။

ထို ၅ ဦးမှာ  ဥက္ကဋ္ဌ  ဗိုလ်ချုပ်ခွန်သူရိန် ၊ ဒုဥက္ကဋ္ဌ (၁) ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်မှူးချုပ် ခွန်ကျော်ထင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း၊ ဗဟိုဒေသန္တရ အုပ်ချုပ်ရေးဌာန ဌာနကြီးမှူး ဒုဗိုလ်မှူးကြီး ခွန်အာဌာရတို့ ဖြစ်ကြောင်းသိရသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာသည် ထိုဆုံးဖြတ်ချက်ကို သဘောမကျသဖြင့် နှုတ်ထွက်သွားခြင်းဖြစ်နိုင်ကြောင်း   ဗိုလ်မှူးကြီးခွန်အောင်မန်းက ဆိုသည်။

 “အဖွဲ့ချုပ်ကနေ သူနှုတ်ထွက်တာကတော့ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ သဘောထားမပေးလိုပါဘူး။ အကယ်၍ သူနှုတ်ထွက်ပြီးမှ အဖွဲ့တခုထပ်လုပ်တယ်ဆိုရင်တော့ သူထပ်ထောင်တဲ့ အဖွဲ့သစ်လို့ပဲ ပြောရမယ်ထင်ပါတယ်” ဟု  ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

“ကျွန်တော်တို့ PNLO/PNLA ရဲ့အဖွဲ့ဝင် တပ်ဖွဲ့ဝင်အင်အား ၊ ပြောမယ်ဆိုရင်တော့ ၉၉ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့အဖွဲ့ချုပ်မှာပဲ ဆက်လက်ပြီး တာဝန်ထမ်းဆောင်နေပါတယ်”  

ရှမ်းပြည်နယ်တောင်ပိုင်းကို အခြေပြု၍ စစ်အာဏာရှင်တော်လှန်ရေး ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်အောင်မန်းက ဆက်ပြောသည်။

နိုင်ငံရေးလေ့လာသည့် ပအိုဝ်းလူငယ်အမျိုးသားတဦးက အဖွဲ့မှ ထွက်လာသည့် ဗိုလ်မှူးကြီးခွန်ဥက္ကာတွင် မဟာမိတ် မရှိနိုင်ဟု ယူဆသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် တန်းတူပူးပေါင်းခြင်းမဟုတ်ဘဲ ဒေသတွင်း ထိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သွားလာနေထိုင်နေရသည့် အခြေအနေဖြစ်နေကြောင်း သုံးသပ်သည်။

“ဘာဖြစ်လို့လဲဆိုရင် သူ့ထုတ်ပြန်ချက်အရကို သူ့မှာ ကိုယ်စားပြုမှုမရှိတော့ပါဘူး။ အဖွဲ့အစည်းမရှိတော့ဘူးလို့ ပြောရမယ်။ စစ်ရေး ဆိုရင်ဝေးရောပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သူ့ကို  ကြည်ကြည်ဖြူဖြူ ရှိမရှိ   ဆက်လက် စောင့်ကြည့်ရဦးမည်ဟုလည်း သူက ဆက်ပြောသည်။

ယခုအခါ ပအိုဝ်းပြည်သူ့စစ်အဖွဲ့သည် ဒေသတွင်း  ရန်သူများ ဝိုင်းနေသည်ဟု ပြောကာ စစ်ကောင်စီတပ်နှင့်ပေါင်း၍ လူအင်အား၊ လက်နက်အင်အား အကြီးအကျယ်ဖြည့်တင်းနေသည်။

အထူးဒေသ (၆) နယ်မြေတွင် အကြုံးဝင်သည့် ဆီဆိုင်မြို့နယ်၏ တောင်ဘက်နှင့် အရှေ့ဘက်ကျေးရွာများတွင်မူ တော်လှန်ရေးအဖွဲ့များ ဝင်ရောက်လှုပ်ရှားနေသည်။ 

ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်သည့် PNLO တပ်များက  တောင်ဘက်ကရင်နီပြည်နယ်မှ ကရင်နီတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ လှုပ်ရှားနေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button