သတင်း

ဆီဆိုင်မြို့တွင် ပအိုဝ်းနှစ်ဖွဲ့ တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့နှင့် စစ်တပ်ကို ဆန့်ကျင်သည့် ပအိုဝ်းတပ် PNLA တို့ တိုက်ပွဲပြင်းထန်နေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့မြောက်ဘက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ပအိုဝ်းအမျိုးသားတပ် (PNO/PNA) နှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က ပြောသည်။

အဆိုပါ ပြည်သူ့စစ်အဖွဲ့ ထိုးစစ်ဆင်လာသဖြင့် မြို့အ‌ရှေ့မြောက်ဘက် ၂၅ မိုင်ကျော်အကွာ နားခိုက်ရွာဝန်းကျင်တွင် ထိတွေ့ကြကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်က Myanmar Now ကို ပြောသည်။

ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆ ရက်တွင် PNLA ထိန်းချုပ်ထားသည့်၊ အိမ်ခြေ ၃၀၀ ကျော်ရှိသည့် နားခိုက်ရွာကို စတင်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး PNLA ဘက်က ရွာထဲမှ တပ်ဆုတ်ပေးလိုက်ကာ ရွာအနီးဝန်းကျင်တွင် ခုခံတိုက်ပွဲဆက်လက်ဖော်ဆောင်နေခြင်းဖြစ်သည်။

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်က “နားခိုက်ဘက်မှာကတော့ ရွာထဲမှာတော့ မဟုတ်ဘူးပေါ့။ တိုက်ပွဲဖြစ်ပွားမှုတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒီမနက်အထိ ဆက်ဖြစ်တယ်” ဟု ဆိုသည်။

ဆက်လက်၍ ခွန်ရိန်းယန်က နားခိုက်ရွာတွင် တပ်စွဲထားသည့် PNA ၏ စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်မှူးအောင်လွင်သည်လည်း ဇူလိုင်လ ဒုတိယပတ်အတွင်း မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်ကာ အဆုံးစီရင်သွားသည်ဟု PNLA ထောက်လှမ်းရေးသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။

နားခိုက်ရွာအနီးက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ခွန်ထွန်းရွှေထံ Myanmar Now က ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

ပြည်သူ့စစ်အဖွဲ့ကို ထောက်ခံပြောဆိုလေ့ရှိသူတစ်ဦးဖြစ်သူ ခွန်ဆန်းအောင်က ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်နယ်မြေဖြစ်သည့် နားခိုက်ရွာကို PNLA က ဇန်နဝါရီလမှစပြီး ကျူးကျော်တပ်စွဲနေသဖြင့် ထိုးစစ်ဆင်ရခြင်းဖြစ်သည်ဟု ဇူလိုင်လ ၈ ရက်တွင် ပြောသည်။

နားခိုက်ရွာသည် PNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ထင်၏ မွေးရာဇာတိဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း အမြင့်ဆုံးတောင်တစ်ခုဖြစ်သည့် လွယ်မောတောင်တန်း၏ မြောက်ဘက်တွင် ရှိသည်။

ပအိုဝ်းဒေသအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ကလည်း နားခိုက်ရွာဝန်းကျင်တွင် PNA ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့ဝင်များသာမက PNLA တပ်ဖွဲ့ဝင်များလည်း ဆက်ရှိနေကြောင်း ဒေသခံတချို့၏ ပြောဆိုချက်ကို ကိုးကား၍ ပြောသည်။

ပြည်သူ့စစ်အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့ နားခိုက်ရွာအတွင်း စစ်ကြောင်းထိုးဝင်လာပြီး ရွာသား ၁၀ ဦးကို ဖမ်းဆီးကာ ၂ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း PYO ၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် ရွာအတွင်းရှိ စတိုးဆိုင် ၄ ဆိုင် ဖောက်ထွင်းလုယူခံရပြီး ရွာသားများ၏ ဆိုင်ကယ်အစီး ၂၀ ကိုလည်း ပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းခဲ့သလို နေအိမ်များလည်း မီးရှို့ခံရကြောင်း PYO ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက ပြောသည်။

“နားခိုက်ကျေးရွာဟာ PNLA ထိပ်ပိုင်းခေါင်းဆောင် မိသားစုတွေ ရှိတဲ့ရွာလို့ ပြောလို့ရတယ်။ ပထမတစ်ခါလည်း မီးရှို့၊ ဝင်မွှေတဲ့ ကိစ္စရပ် လုပ်ခဲ့ဖူးပြီးပြီ ။ အခုက ဒုတိယတစ်ကြိမ် ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲဒီဘက်တစ်ကြောမှာ ထိတွေ့မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

PNLA ကလည်း နားခိုက်ကျေးရွာမှ ကား ၄ စီး၊ ဆိုင်ကယ် ၂၈ စီး၊ ဘုရားကြေးဆင်းတုတော် ၁၅ ဆူကို ပြည်သူ့စစ်အဖွဲ့ ယူသွားကြောင်း၊ မွှေနှောက်လုယက်ခံရသည့်အိမ် ၁၅၆ အိမ်နှင့် မီးရှို့ဖျက်ဆီးသွားသည့်အိမ် ၈ အိမ်ရှိကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

PNA ပြည်သူ့စစ်အဖွဲ့နှင့် PNLA တို့သည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ဆင်းသက်လာသည့် အဖွဲ့ ၂ ဖွဲ့ဖြစ်သည်။

PNA ပြည်သူ့စစ်အဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ပအိုးအမျိုးသားအဖွဲ့ချုပ် (PNO) ဖြစ်ပြီး PNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဖြစ်သည်။

ဆီဆိုင်ကို PNLA က သိမ်းပိုက်ခဲ့ဖူးသော်လည်း PNA ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၃၂ ရက်ကြာ ပြန်လည်တိုက်ခိုက် သိမ်းယူလိုက်သည်။

မတ်လကုန်တွင် ဆီဆိုင်မြို့ကို ပြန်ရပြီးနောက်တွင် PNA ပြည်သူ့စစ်အဖွဲ့သည် မြို့အရှေ့မြောက်ဘက်၊ မြို့တောင်ဘက်နှင့် ဆီဆိုင်အနောက်ဘက် ပင်လောင်းမြို့နယ်တွင်ပါ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေသည်။

Show More

Related Articles

Back to top button