ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ်တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ဖြင့် စစ်ကြောင်းထပ်ထိုးလာနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က သတင်းထုတ်ပြန်သည်။
ထိုစစ်ကြောင်းတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်များ ပါဝင်သည်၊ ဇွန်လ ၂၁ ရက်မှ စတင်ကာ ဆီဆိုင်မြို့အနောက်တောင်ဘက် နောင်စကာရွာဘက်သို့ စစ်ကြောင်းထိုးလာနေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
နောင်စကာရွာသည် သဘက်ချောင်းအရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ဆီဆိုင်မြို့နှင့် မျဉ်းဖြောင့်တိုင်းလျှင် ၈ မိုင်ကျော်ဝေးသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့် သဘက်ချောင်းဝန်းကျင်ရှိ ရွာများမှ ဒေသခံတို့ တိမ်းရှောင်နေရကြောင်း PNLA ဘက်က ထုတ်ပြန်သည်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေသည့် အခြေအနေကို ပိုမိုသိရှိရန် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်ကို Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်မဖြေသေးပေ။
ပအိုဝ်းပြည်သူ့စစ် PNO တာဝန်ရှိသူတစ်ဦးဖြစ်သူ ခွန်ထွန်းရွှေထံ Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် ပအိုဝ်းလူငယ်အစည်းအရုံး၏ ပြန်ကြားရေးတာဝန်ခံအမျိုးသမီးတစ်ဦးကမူ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့သည် ဆီဆိုင်မြို့တောင်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်ဒေသများတွင် ဇွန်လ ဒုတိယပတ်ကတည်းက တပ်အင်အားတိုးချဲ့၊ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုသည် ဆီဆိုင်မြို့နယ်တစ်ခုတည်းတွင် မဟုတ်ဘဲ ဆီဆိုင်မြို့နယ်အနောက်ဘက် ပင်လောင်းမြို့နယ်တွင်လည်း ရှိနေကြောင်း ပြောသည်။
ပင်လောင်းမြို့နယ်ဘက်မှလာသည့် စစ်ကောင်စီ၏ အင်အား ၅၀၀ ပါ စစ်ကြောင်းနောက်တစ်ခုလည်း ဖယ်ခုံမြို့နယ်ထဲ ဝင်လာနေကြောင်း PNLA နှင့် စစ်ရေးမဟာမိတ်ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ရှင်းပြသည်။
အဆိုပါစစ်ကြောင်းကို KNDF နှင့် ကရင်နီတော်လှန်ရေးအင်အားစုက ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဖြစ်နေသည်မှာ ၁၀ ရက်ခန့်ရှိနေပြီဟုလည်း ၎င်းက ဆိုသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၇ နှင့် ခြေမြန်တပ်ရင်း ၂ ရင်းရှိသည်။
ကရင်နီပူးပေါင်းတပ်များသည် ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်သည့် ၁ လေးလုံးစစ်ဆင်ရေးအတွင်း ဖယ်ခုံရှိ စစ်စခန်းများကို တိုက်ခိုက်ခဲ့သော်လည်း မသိမ်းနိုင်ခဲ့ပေ။
စစ်ကောင်စီက အင်အား ၅၀၀ ဖြင့် စစ်ကြောင်းထိုးနေခြင်းမှာ ဖယ်ခုံမြို့တွင် ပိတ်မိနေသည့် တပ်များကို စစ်ကူရန်ဖြစ်နိုင်သည်ဟု တာအယ်စိုးက သုံးသပ်သည်။
ပအိုဝ်းလူငယ်အစည်းအရုံး ပြန်ကြားရေးတာဝန်ခံအမျိုးသမီးကလည်း စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်ရနိုင်ရန် ကြိုးစားနေဟန်ရှိသည်ဟု ဆိုသည်။
“အရင်က ရှိခဲ့တဲ့ နယ်မြေကို ပြန်ယူဖို့ လုပ်ဆောင်နေတာ တွေ့ရတယ်။ လာမည့်ကာလမှာ ဘယ်လိုဆက်ဖြစ်လာမလဲ။ ဆက်စောင့်ကြည့်ကြရမယ့် အနေအထားမှာ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ဆီဆိုင်မြို့ကို အခြေပြုကာ စစ်ကြောင်းထိုးမှုသည် မတ်အကုန်ကတည်းက စတင်ခဲ့သည်။
အင်အား ၅၀၀ ကျော်ပါသည့် စစ်ကူစစ်ကြောင်းဖြစ်ပြီး ဆီဆိုင်တောင်ဘက်ရှိ ကရင်နီ (ကယား) ပြည်နယ်မြို့တော် လွိုင်ကော်သို့ ဦးတည်ခဲ့သည်။
အဆိုပါစစ်ကြောင်းထိုးမှုသည် ကရင်နီတော်လှန်ရေးတပ်များ၏ ၁ လေးလုံးစစ်ဆင်ရေး အားပျော့သွားပြီးနောက် ပထမဆုံးတန်ပြန်ထိုးလာသည့် စစ်ကြောင်းလည်းဖြစ်သည်။
ထိုစစ်ကြောင်းသည် ဇွန်လ ပထမပတ်အတွင်း လွိုင်ကော်မြို့ထဲ ရောက်သွားပြီး စိုးမိုးနယ်မြေတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှုများ လုပ်လာကြောင်း KNDF ထံမှ သိရသည်။
ယခုဆီဆိုင် အနောက်တောင်ဘက်သို့ ဦးတည်ထွက်လာသည့် အင်အား ၃၀၀ ပါ စစ်ကူစစ်ကြောင်းနှင့် ပင်လောင်းမြို့မှ လာသည့် အင်အား ၅၀၀ ပါ စစ်ကြောင်းတို့သည် ထိုဒေသတွင် ဒုတိယမြောက်စစ်ကြောင်းထိုးမှုဟု ဆိုနိုင်သည်။
PNLA နှင့် မဟာမိတ်ကရင်နီတော်လှန်ရေးတပ်များသည် ဆီဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ဖူးသော်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က ဒရုန်းကို သုံးကာ တန်ပြန်ထိုးစစ်ဆင်လာသည့်နောက် ဆီဆိုင်မြို့မှ ဆုတ်ခွာပေးလိုက်ရသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကလည်း ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများမှ စစ်ရှောင်နေရသော ဒေသခံများအနေနှင့် မိမိရပ်ရွာတွင် ပြန်နေထိုင်နိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၃ ရက်က ၎င်းတို့၏ Facebook တွင် ပအိုဝ်းဘာသာစကားဖြင့် တင်ထားသည်။
ဆီဆိုင်တောင်ဘက်ရှိ ရေဖြူရွာ ဒေသခံများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ဆီဆိုင်တောင်ဘက်ရွာများသည် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်သည့် နေရာများဖြစ်နေသဖြင့် ယာယီစိုက်ပျိုးရေးလာလုပ်သည်မှလွဲ၍ အခြေချပြန်နေခြင်း နည်းပါးကြောင်း Myanmar Now ကို ပြောသည်။
၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော လက်နက်ကိုင် ခုခံမှုများကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည့် စစ်တပ်သည် စစ်သည်အင်အား လိုအပ်နေသဖြင့် ဒေသခံပြည်သူ့စစ်များကို အားကိုးနေရသလို စစ်သားသစ်လည်း အကြီးအကျယ် စုဆောင်းနေသည်။