မေးမြန်းခန်း

“ဥပဒေစိုးမိုးရေးအတွက် တရားသူကြီးတွေကို အကာအကွယ်ပေးသင့်ပါတယ်”

ရန်ကုန် – အမျိုးသမီး၊ ကလေးသူငယ်တို့ရဲ့အမှုအခင်းများမှာ အကူအညီပေးနေတဲ့ ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ (Legal Clinic Myanmar) က ရန်ကုန်၊ မြစ်ကြီးနား၊ စစ်တွေ၊ ဖျာပုံ၊ မန္တလေး၊ မိတ္ထီလာမြို့တို့မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး အဖွဲ့ဝင် ၃ဝ ကျော်နဲ့ လှုပ်ရှားနေပါတယ်။

ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရခိုင်တိုင်းရင်းသူ၊ ရှေ့နေ ဒေါ်လှလှရီနဲ့ မကြာသေးခင်က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းရာမှာ သူက အသက်မပြည့်သေးသူများ မုဒိမ်းကျင့်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးများနဲ့ ပတ်သက်ပြီး အစိုးရသစ်လက်ထက် ဥပဒေဆိုင်ရာ မျှော်လင့်ချက်၊ တရားသူကြီးများရဲ့ အနေအထားတွေအကြောင်း ပြောပြပါတယ်။

Myanmar Now သတင်းထောက် အိချယ်ရီအောင်နဲ့ တွေ့ဆုံစဉ် ပြောဆိုထားတာတွေထဲက ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး – ဥပဒေရေးရာကုစားရေးမြန်မာအဖွဲ့ စတည်ထောင်ဖြစ်တဲ့အကြောင်း ပြောပြပေးပါ။

ဖြေ – ပထမတုန်းက ဥပဒေရေးရာ ကုစားရေး လူငယ်အဖွဲ့ပါ။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို မြှင့်တင်မယ်၊ တရားမျှတမှုအတွက် ရပ်တည်မယ်ဆိုပြီးတော့ ရည်ရွယ်ချက်တွေနဲ့၂ဝ၁၁ ခုနှစ်က စတင်ဖွဲ့စည်းဖြစ်တာပါ။ အမျိုးသမီးတွေ၊ ကလေးတွေ အကြမ်းဖက်ခံရရင် တရားရုံးမှာ အမှုပြီးသည်အထိ လိုက်ပါဆောင်ရွက်ပေးပါတယ်။ တရားရုံးမှာ အမှုလိုက်တဲ့ အဆင့်မရောက်ခင်ကြားမှာ နှစ်ဆင့်ခံထားပေးပါတယ်။ ကာယကံရှင်က လာဆွေးနွေးတဲ့အခါ တရားရုံးမှာ တရားရင်မဆိုင်ချင်ဘူးဆိုရင် သူဘာဖြစ်ချင်တာလဲဆိုတာကို မေးပြီး ဥပဒေအရ အကြံဉာဏ်ပေးပါတယ်။ တရားစွဲဖို့ သူ့မှာ အခြေအနေတစ်ခုအရ မပြုလုပ်ချင်ဘူးဆိုရင် ဥပဒေအရ ညှိနှိုင်းပေးပါတယ်။ ရုံးမှာ လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့အဆင်မပြေဘူးဆိုရင် ဆက်သွယ်မေးမြန်းလို့ရအောင် ၂၄ နာရီဖွင့်ထားတဲ့ ဖုန်းတွေ ရှိပါတယ်။

မေး – ရုံးခွဲတွေဖွင့်မယ့်နေရာကို ဘယ်အချက်တွေအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာလဲ။

ဖြေ – ဘယ်ဧရိယာမှာ ရုံးဖွင့်ရင် ပြည်နယ်တိုင်းဒေသကြီးတစ်ခုလုံး ခြုံလွှမ်းနိုင်မလဲ၊ ဘယ်ဧရိယာမှာ ဒီအမှုတွေက ကူညီပေးဖို့လိုလဲ၊ အဲဒီအချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားဆုံးဖြတ်ခဲ့တာပါ။ ကျွန်မတို့က တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ကိုးကွယ်တဲ့ ဘာသာဆိုရင်လည်း အစုံပါပါတယ်။

မေး – အမျိုးသမီးတွေကို ဥပဒေအမြင်ဖွင့်သင်တန်းတွေပေးတဲ့အခါ ဘယ်လောက်ထိ အောင်မြင်မှုရှိပါသလဲ။

ဖြေ – နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုစံနှုန်းတွေ၊ ဘာသာရေးဓလေ့ထုံးစံတွေအရ အမျိုးသမီးကိစ္စတွေက ဦးစားပေးကိစ္စတွေ မဟုတ်ဘူး၊ အမျိုးသမီးဖြစ်ရင် အိမ်တွင်းအကြမ်းဖက်မှု ခံရမယ်ဆိုပြီး အဲဒီလိုအမြင်တွေ ရှိနေကြပါတယ်။ သင်တန်းမစခင်မှာ “ဘာအကြမ်းဖက်မှုတွေရှိလဲ” မေးရင် “မရှိဘူး” အကုန်လုံး အဆင်ပြေတယ် ဆိုပြီးပြောကြတယ်၊ ဒါက မိသားစုကိစ္စ ဖြစ်တယ်၊ အမျိုးသမီးတွေက ခံရမယ်၊ အိမ်တွင်းအကြမ်းဖက်မှု မဟုတ်ဘူးဆိုပြီး မှတ်ယူထားကြတယ်။ ကျား၊ မ အခြေပြုပြီး အကြမ်းဖက်မှုတွေ ဘယ်လိုဖြစ်လဲ၊ ဘယ်အခြေအနေမှာ ဖြစ်လဲဆိုပြီး ဥပဒေပိုင်းအရရော ပြစ်မှု၊ ပြစ်ဒဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ပြောပြတဲ့အခါမှာ အိမ်တွင်းအကြမ်းဖက်မှုက ဘာလဲဆိုတာကို သူတို့ အတော်အသင့်နားလည်သွားကြပါတယ်၊ သင်တန်းပြီးတဲ့အခါ လူကိုယ်တိုင်လာပြီးဆွေးနွေးတာ၊ ဖုန်းဆက်ပြီး ဆွေးနွေးတာတွေ ရှိပါတယ်။ အရင်တုန်းက လုပ်ပေးမယ့်သူ၊ ကူညီပေးမယ့်သူမရှိဘူး။ အခု ကျွန်မတို့အဖွဲ့အပါအဝင် တခြားလုပ်ပေးတဲ့ အဖွဲ့တွေ ရှိလာတဲ့အခါ အကြမ်းဖက်မှုကိစ္စက ပိုပြီး ကျယ်လောင်တယ်လို့ ပြောလို့ရပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာကို အမျိုးသမီးအများစု သိရှိလာအောင် ပညာပေးရေးအစီအစဉ်တွေကတော့ ကျွန်မတို့အဖွဲ့အနေနဲ့ စဉ်ဆက်မပြတ် လုပ်ပေးနေမှာပါ။ အခုကျွန်မတို့အဖွဲ့လုပ်နိုင်တဲ့နှုန်းက အကန့်အသတ်ရှိနေပါသေးတယ်။

မေး – ရုံးကို အများဆုံး ရောက်လာတာက ဘယ်လိုအမှုမျိုးတွေလဲ။

ဖြေ – ၂ဝ၁၅ မှာ ရုံးကိုလာပြီး အကူအညီတောင်းတဲ့ အမှုက ၂ဝဝ ကျော်ပါတယ်။ တရားရုံးရင်ဆိုင်တဲ့ အမှုက ၆ဝ ကျော်ပါ။ တခြားအမှုတွေကတော့ ကျွန်မတို့ရုံးက ကြားဝင်ဖြေရှင်းပေးလိုက်တဲ့ အမှုတွေပါ။ ဥပမာ အမျိုးသမီးက သူ့အမျိုးသား နောက်မိန်းမလည်း ရှိတယ်၊ သူ့ကိုလည်း ကွာရှင်းမပေးဘူးဆိုရင် ကျွန်မတို့က သူ့အမျိုးသားကို သတိပေးစာ ပို့ပေးတယ်။ ဥပဒေကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီး ပို့လိုက်ရင် အမျိုးသားက လာရောက်ဖြေရှင်းပါတယ်။ တခြားရုံးခွဲတွေမှာလည်း လာပြီးဆွေးနွေးတဲ့ အမှုတွေကလည်း ၂ဝဝ ကျော် ရှိပါတယ်။ လာတဲ့အမှုအများစုက အိမ်တွင်းအကြမ်းဖက်မှုတွေပါ။ ယောက်ျားက မိန်းမကို ညှဉ်းပန်းနှိပ်စက်ပြီး ရိုက်နှက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရအောင်လုပ်တဲ့ ကိစ္စတွေ၊ နောက်မိန်းမနဲ့အတူနေပြီး ဖောက်ပြန်တဲ့ကိစ္စတွေ၊ သက်ငယ်ပိုင်းမုဒိမ်းကျင့်ခံရတဲ့ အမှုတွေပါ။

မေး – ပြီးခဲ့တဲ့ နှစ်က သက်ကြီးမုဒိမ်းမှုနဲ့ သက်ငယ်မုဒိမ်းမှု (အရွယ်မရောက်သေးများအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှု) ဘယ်ဟာ ပိုပြီးလိုက်ခဲ့ရပါသလဲ။

ဖြေ – ပြီးခဲ့တဲ့နှစ်က တော်တော်လေး အံ့သြခဲ့ရပါတယ်၊ ရန်ကုန်ရုံးကို လာပြီးအကူအညီတောင်းတဲ့ အမှုတိုင်းက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်နေပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သက်ငယ်မုဒိမ်းတွေ တော်တော်များများဖြစ်နေတယ်လို့ မှတ်ချက်ချလို့ ရပါတယ်။ သက်ကြီးမုဒိမ်းက မဖြစ်ပွားတာ မဟုတ်ပါဘူး၊ ဖြစ်ပွားနေတာပဲ။ တရားရုံးရဲ့ လုပ်ငန်းစဉ်ကို လူကြီးတွေက တော်တော်များများ နားလည်ထားကြတော့ တရားရုံးမှာ တရားရင်မဆိုင်ချင်လို့ အကူအညီ မတောင်းကြတာလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ ကျွန်မတို့ သုတေသနပြုလုပ်ထားမှုအရ ကလေးတွေက လူကြီးတွေလောက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော မဖွံ့ဖြိုးသေးတဲ့အတွက် စည်းရုံးရတာလွယ်ကူတယ်၊ နောက်ပြီးတော့ (ကျူးလွန်သူတွေနဲ့ ဆက်စပ်နေတဲ့) မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းရုပ်ရှင်တွေကြောင့် (မုဒိမ်းမှုတွေ ဖြစ်ပွားတယ်) ဆိုပြီး ဖြေကြားတာတွေ့ရပါတယ်။

မေး – ၂ဝ၁၅ ထဲမှာ ရုံးကို ရောက်လာတဲ့ မုဒိမ်းမှု အရေအတွက် ဘယ်လောက် ရှိသလဲ။

ဖြေ – ကျွန်မတို့ရုံးက ကူညီဖြေရှင်းပေးလိုက်တဲ့ အမှုက ၁၆ မှုပါ၊ အဖေက သမီးကို မုဒိမ်းပြုကျင့်မှုကိုတော့ ၁ဝ နှစ်အပြည့် ပြစ်ဒဏ်ချမှတ်ပါတယ်။ နှစ် ၂ဝ ချတာကတော့ အဲဒီ ၁၆ မှုထဲမှာ တစ်မှုမှ မပါပါဘူး။ ကျန်တာတွေက ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်လောက်ပဲ ချပါတယ်။ ကျွန်မ ရှေ့နေလုပ်သက် ၈ နှစ်အတွင်းမှာတော့ တစ်သက်တစ်ကျွန်းချတဲ့ အမှုမျိုး လုံးဝ မကြုံဖူးပါဘူး။

မေး – မုဒိမ်းမှု ပြစ်ဒဏ်က ခေတ်ကာလအရ ပြန်လည်ပြင်ဆင်ဖို့ လိုနေပြီလား။

ဖြေ – ဇန်နဝါရီလထဲမှာပဲ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ဆိုပြီး ပါလာပါတယ်။ အရင်ကဆို ၁၄ နှစ်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ဆက်ဆံမှသာလျှင် အလိုတူတူ၊ မတူတူ မုဒိမ်းမှုမြောက်ပါတယ်။ အခုပြင်ဆင်ချက်မှာဆိုရင် ၁၆ နှစ် မပြည့်သေးတဲ့မိန်းကလေးက အလိုတူလို့ ကာမကိစ္စကို ခွင့်ပြုတယ်ဆိုရင်တောင် ဒါက မုဒိမ်းမှုမြောက်တယ်။ ဒီလိုပြင်ဆင်လိုက်တယ်ဆိုရင်တော့ အမျိုးသမီးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမျိုးသမီးတွေနဲ ပတ်သက်တဲ့ ဥပဒေတစ်ခု ရေးဆွဲလို့ပြီးပြီလို့ သိရပါတယ်၊ အဲဒီဥပဒေများ ပေါ်ထွက်လာရင် အမျိုးသမီးတွေကိုများ ကာကွယ်ပေးနိုင်မလား၊ မုဒိမ်းမှုမှာ (ပြစ်ဒဏ်တချို့ပြောင်းရုံနဲ့) မုဒိမ်းကျင့်ခံရတဲ့သူကို ကာကွယ်ပေးနိုင်မလား ဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊ သူတို့ဘဝအတွက် ပြန်လည်ထူထောင်ရေး ဂေဟာတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြေရှင်းပေးနိုင်တဲ့ ဥပဒေမျိုးတွေ လိုပါတယ်။

မေး – မုဒိမ်းမှုအတွက်ပြစ်ဒဏ်က နည်းနေတယ်လို့ ယူဆသလား။

ဖြေ – မုဒိမ်းမှု ကျူးလွန်ရင် ၁ဝ နှစ်ဖြစ်စေ၊ နှစ် ၂ဝ ဖြစ်စေ ချမှတ်နိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတယ်။ တရားသူကြီးတွေအနေနဲ့ အမှန်တကယ် ကျူးလွန်သူကို အပြည့်အဝ ထောင်ချမယ်ဆိုရင် ဒီပြစ်ဒဏ်က နည်းတဲ့ပြစ်ဒဏ် မဟုတ်ပါဘူး။ ၁ဝ နှစ်ဖြစ်စေ အနှစ် ၂ဝ ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်ဆိုတာက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားရှိအောင် ဖွင့်ပေးထားတာပါ။ အနည်းဆုံးဘယ်လောက်၊ အများဆုံးဘယ်လောက်ဆိုပြီး ပြဋ္ဌာန်းထားတယ်ဆိုရင် တရားသူကြီးကလည်း ဒီပြစ်ဒဏ် ချကို ချရမယ်။
တရားဥပဒေစိုးမိုးရေးအတွက် တရားသူကြီးတွေကို အကာအကွယ်ပေးသင့်ပါတယ်။ ဥပမာ မုဒိမ်းမှု ကျူးလွန်သူတစ်ယောက်ကို တရားသူကြီးက ထောင်ဒဏ်နှစ် ၂ဝ အပြည့်ချလိုက်တယ် ဆိုပါစို့။ တရားသူကြီးကို တရားခံမိသားစုက ရန်ရှာနိုင်တဲ့အခါမှာ တရားသူကြီးတွေရဲ့ လုံခြုံရေးပိုင်းကို အကာအကွယ်ပေးထားတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာက ကာကွယ်ပေးမယ်ဆိုတာက ဒုတိယအဆင့်၊ ကိုယ်ဖြစ်ရင်ကိုယ်ခံဆိုတာက အရင်ဆုံးအဆင့်ပါ။ တရားသူကြီးတွေက တရားမျှတတဲ့ ပြစ်ဒဏ်ချဖို့အတွက်လည်း အကာအကွယ်တွေ ပေးသင့်တယ်လို့ ထင်ပါတယ်။

မေး – မုဒိမ်းမှုက အာမခံယူလို့ရသလား။

ဖြေ – မရပါဘူး။ ဒါပေမဲ့ ခြွင်းချက်အခြေအနေတွေတော့ ရှိပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ၄၉၇ (၁) အရ ကျူးလွန်သူက ကလေးဖြစ်နေတယ်၊ အမျိုးသမီးဖြစ်နေတယ်၊ သို့မဟုတ် ဖျားနာနေတဲ့သူဖြစ်နေတယ်ဆိုရင် အာမခံ ပေးနိုင်တယ်လို့ပြောထားပါတယ်။

မေး – ကျူးလွန်သူကို အာမခံပေးရင် ဘယ်လိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်သလဲ။

ဖြေ – မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးကို နှုတ်အားဖြင့်ဖြစ်စေ၊ အမူအရာအားဖြင့်ဖြစ်စေ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ပါတယ်။

မေး – အမျိုးသမီးအကြမ်းဖက်မှုတွေလိုက်တဲ့ အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိပါသလဲ။

ဖြေ – ရဲစခန်းနဲ့တရားရုံးတွေကို အမျိုးသမီးတော်တော်များများက မသွားချင်ကြပါဘူး။ အဲဒါက အဓိက စိန်ခေါ်မှုပါ။ တရားရုံးမှာ တစ်ဖက်ရှေ့နေ့က မေးတာကို သိပ်ပြီးတော့ မဖြေချင်ကြပါဘူး။ တချို့က တရားရုံးမှာ အမှုစစ်ဆေးတဲ့ ကြာချိန်ကို သိပ်ပြီးမကြိုက်တဲ့အတွက် တရားမစွဲတာမျိုးတွေရှိပါတယ်။ ဥပမာ- ကာမလိမ်လည်တဲ့ ပုဒ်မနဲ့တရားစွဲတယ်ဆိုပါစို့၊ ကျူးလွန်သူအမျိုးသားက ဒဏ်ငွေပဲဆောင်ရတယ်ဆိုရင် တစ်နှစ် နီးပါး တရားရင်ဆိုင်ရပြီး အဲဒီအမျိုးသမီးအတွက် မျှတရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊ ဥပဒေက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တရားမျှတတဲ့ဥပဒေတွေနဲ့ အကာအကွယ်ပေးသင့်ပါတယ်။ အဲဒီအချက်တွေကလည်း အမျိုးသမီးတွေရဲ့ တရားမျှတမှုကို တောင်းတဲ့အခါမှာ အခက်အခဲတွေပါပဲ။

မေး – အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့နည်းအောင် အစိုးရအသစ်က ဘာတွေလုပ်သင့်ပါသလဲ။

ဖြေ – ခေတ်နဲ့မလျော်ညီ၊ လူ့အခွင့်အရေးပိုင်းနဲ့မကိုက်ညီ၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို မကာကွယ်ပေးတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အစိုးရအဆက်ဆက်မှာ ညွှန်ကြားထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ၊ ပြဋ္ဌာန်းချက်တွေ ဥပဒေဘောင်ကို ကျော်လွန်မှု ရှိမရှိ၊ ကျင့်သုံးဖို့ သင့်မသင့်ဆိုတာ ပြန်ကြည့်သင့်ပါတယ်။ အမျိုးသမီးကိစ္စကို အဓိကထားပြီးပြောပါဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ ဥပဒေတစ်ခုကို ရေးဆွဲနေပါပြီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ရေးဆွဲနေတာပါ၊ အစိုးရသစ်လက်ထက် လွှတ်တော်အသစ်မှာ တင်မှာပါ။ အမျိုးသမီးတွေကို အမှန်တကယ် ကာကွယ်ပေးတဲ့ ပုဒ်မတွေ ပြစ်ဒဏ်တွေပါလား၊ မပါလားဆိုတာကို ထောက်ပြပြီးတော့ ထည့်သွင်းဖို့အတွက် လွှတ်တော်အသစ်ကို အရမ်းအားကိုးပါတယ်။ အမျိုးသမီးတွေအတွက် အကောင်းဆုံးဥပဒေတစ်ခု ထွက်လာအောင် ပြုလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုချင်ပါတယ်။ ။

Show More

Related Articles

Back to top button