ဆောင်းပါးရုပ်ပုံလွှာ

အင်းစိန်ထောင်ပြန် တော်လှန်ရေးတရားသူကြီး

ယူနီဖောင်းဝတ် စစ်အရာရှိသုံးဦးက အင်းစိန်ဗဟိုအကျဉ်းထောင် အခန်းကျယ်တစ်ခုရှိ ခုံအမြင့်သုံးလုံးတွင် တန်းစီထိုင်နေကြသည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် ဖမ်းဆီးခံခဲ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို  စစ်ခုံရုံးဖွင့်ပြီး စစ်ဆေးနေခြင်းပင်။

စစ်ခုံရုံးတို့၏ထုံးစံအတိုင်း စွပ်စွဲခံရသူက ရှေ့နေငှားပြီး ထုချေရှင်းလင်းခွင့် မရပေ။ ထောင်တွင်းစစ်ခုံရုံးတွင်လည်း စစ်ဗိုလ်တို့က စာအိတ်ကို ဖွင့်ဖတ်ပြီး စွပ်စွဲခံရသူများကို စီရင်ချက်ချကြသည်။  

ထိုကဲ့သို့ ထုချေခွင့်မဲ့တရားခွင်အတွင်းကို လက်ထိတ်တန်းလန်းနှင့် ရောက်ခဲ့သူမှာ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှ ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်ဖြစ်ပြီး သူက စစ်ဗိုလ်များ အမှုစစ်ဆေးပုံကို ကြည့်ပြီး အံ့အားသင့်နေသည်။

“သူတို့လုပ်ရပ်ကြည့်ပြီးတော့ ကျွန်တော် ဘယ်လိုပြောပြရမှန်းတောင် မသိဘူး။ သူတို့လုပ်သမျှ အလွဲ့တွေချည်းပဲ။ ကျွန်တော့်မှာ ထိုင်ကြည့်နေရုံကလွဲပြီး တခြားဘာမှမရှိဘူးလေ”ဟု ၎င်းက ပြောသည်။

“ဘာမှမမေးဘူး။ စာအိတ်နဲ့ လာပြီး အမိန့်ချတာ။ ကြိုက်တာပြော ပြီးရင် အမိန့်ချတယ်၊ သွားတော့ ပြီးပြီ ဒါပဲ”

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် တရားရေးဌာနမှ ပါဝင်သူ နည်းပါးပြီး အသက် ၂၉ နှစ်အရွယ် ဦးမင်းနောင်ခိုင်သည် အာဏာဖီဆန်ကြောင်း အစောဆုံးကြေညာချက်ထုတ်ခဲ့သည့် တရားသူကြီးဖြစ်သည်။

စစ်အာဏာသိမ်းမှု မတိုင်မီကာလက တရားစီရင်ရေးတရားခွင်မှာ အမှုစစ်ဆေးဆုံးဖြတ်ရသူအဖြစ် ခံ့ခံ့ထည်ထည်ခုံအမြင့်မှာ ထိုင်ခဲ့ရသူက စစ်ကောင်စီလက်အောက်ခံ တရားရုံးကို စွန့်ပြီး CDM ပါဝင်မှုကြောင့် ထောင်အချုပ်တရားခွင်မှာ အမှုစီရင်ခံရသည့် စစ်ကောင်စီ၏ အကျဉ်းသားဖြစ်သွားရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၀ နှစ်ကုန်အထိစာရင်းအရ တရားသူကြီး ၁၂၈၄ ဦး၊ အခြားအဆင့် ၃၉၄၉ ဦး ရှိကြောင်း တွေ့ရသည်။ ထိုသူများထဲမှ ၂၀၀ ခန့်သာ CDM တွင် ပါဝင်ထားရာ အရေအတွက်အားဖြင့် ၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

၁၅ မိနစ်တရားရုံး

အာဏာဖီဆန်ထားသည့် ဦးမင်းနောင်ခိုင်သည် ၂၀၂၁ ဇွန် ၂၉ တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပနေအိမ်တွင်  မိဘများနှင့်အတူ အဖမ်းခံလိုက်ရသည်။ စစ်တပ်က သူ့မိသားစုဝင်များကို  နောက်တစ်နေ့မှ ပြန်လွှတ်ပေးခဲ့ပြီး သူ့ကိုမူ  နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ကာ စက်တင်ဘာ ၁၀ တွင် ထောင် ၃ နှစ်ချခဲ့သည်။

“အမှုတစ်ခုဖြစ်ပြီဆိုရင် တရားမျှတမှုရအောင် ရှိသမျှသက်သေအကုန်လုံးကို ခေါ်ရတယ်။ တရားခံရှေ့နေတွေ ခေါ်ရတယ်၊ အပြန်အလှန်စစ်ရတယ်။ ဒါတွေ မရှိဘဲနဲ့ ဘယ်လိုလုပ် တရားမျှတမှု ရှိမတုန်း။ ၁၅ မိနစ်တရားရုံးကြီး၊ ဘယ်လိုမှ တရားမျှတမှု မရှိဘူးလေ” ဟု ဦးမင်းနောင်ခိုင်က Myanmar Now ကို ပြောသည်။

တရားသူကြီးအဖြစ် ဆောင်ရွက်သူများ၏ ယူနီဖောင်းကို လေ့လာပြီး အမြောက်တပ်မှ အသက် ၅၀ ခန့်အရွယ် ဒုဗိုလ်မှူးကြီး၊ စစ်အင်ဂျင်နီယာတပ်မှ ၄၀ ကျော်အရွယ် ဗိုလ်မှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အသက် ၃၀ ဝန်းကျင် ဗိုလ်ကြီးဟုသာ ၎င်းက ခွဲခြားနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူတစ်ဦး စစ်ခုံရုံးအတွင်း ရောက်လာလျှင် ထိုအမှု၏ အမှုစစ်ရဲအရာရှိက ထိုသူ ဖမ်းဆီးခံရသည့်နေရာ၊ ဖမ်းဆီးရမိပုံနှင့် စွဲထားသည့်ပုဒ်မများကို ၅ မိနစ်အတွင်း ဖတ်ပြရပြီးနောက် ၁၀ မိနစ်အတွင်း ထိုစစ်အရာရှိများက အမိန့်ချသည့် ‘ဥပဒေမဲ့ တရားခွင်’ဟု သူက ဆိုသည်။

ပြည်သူအများအပြားနှင့်အတူ ချုပ်နှောင်ခံနေရစဉ် အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ခုံရုံးစသည့် နေရာများတွင် အကြမ်းဖက်၊ နှိပ်စက်၊ ညှဉ်းပန်းမှု၊ ဥပဒေမဲ့ကျူးလွန်မှု၊ မတရားစီရင်မှုတို့ကို တရားသူကြီးတစ်ဦး ၄ လနီးပါးအကြာ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရခြင်းပင်။

ဦးမင်းနောင်ခိုင်သည် ဥပဒေပညာကို ရူးသွပ်သော လူငယ်တစ်ဦးဖြစ်သလို အကျဉ်းထောင်ထဲတွင်လည်း အခြားနိုင်ငံရေးအကျဉ်းသားများကို ကူညီဖေးမတတ်သူဖြစ်ကြောင်း ၎င်းနှင့်အတူ ထောင်ထဲတွင် နေထိုင်ခဲ့သော အသက် ၃၇ နှစ်အရွယ် ကိုစိုင်းကိုကိုက Myanmar Now ကို ပြောသည်။

“ဘယ်သူ့ကို တွေ့တွေ့ သူက ပြုံးပြတယ်။ သူ့ဆီမှာ လေးစားစရာတစ်ခုရှိတာက တခြားသူတွေကို မျှဝေခံစားတတ်တယ်။ နောက်ဆုံးဗျာ ကျွန်တော်တို့ဆီကို ရောက်စားစရာ ကုန်သွားပြီဆိုရင် တရားသူကြီးရေ လုပ်ပါဦးဆိုရင် သူ့မှာ နှစ်ခုရှိရင် တစ်ခုခွဲပေးတယ်” ဟု ၎င်းက ပြောသည်။

ကိုစိုင်းကိုကိုသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ယမန်နှစ် ဧပြီလဆန်းတွင် ပစ်ခတ်ဖမ်းဆီးခံရပြီး လူ့ငရဲခန်းစစ်ကြောရေးကို ရက် ၂၀ နီးပါး ကျော်ဖြတ်ခဲ့ရပြီးနောက် ထောင် ၃ နှစ်ချခံရသူဖြစ်သည်။

အဓမ္မဖမ်းဆီးခံလိုက်ရသူများကို ၁၅ မိနစ်အတွင်း အမှုစီရင်သည့်နေရာသည် ထောင်ဘူးဝမှ လမ်းလျှောက်လျှင် ၅ မိနစ်အတွင်း ရောက်နိုင်သည့် အကျဉ်းထောင်ဝန်ထမ်းသစ်များ လေ့ကျင့်ရာ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းက ခန်းမတစ်ခုဖြစ်ကြောင်း ပြန်လွတ်လာသူများထံမှ သိရသည်။

တရားသူကြီး ဦးမင်းနောင်ခိုင်သည် အင်စိန်ထောင်တွင် ၄ လနီးပါး နေခဲ့ရပြီး ယမန်နှစ်‌ အောက်တိုဘာ ၁၈ တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည်။ ထို့နောက် သူက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရေးဝန်ကြီးဌာနတွင် အမြဲတမ်းအတွင်းဝန်ဖြစ်လာပြီး စစ်ကောင်စီ၏ ဥပဒေမဲ့ကျူးလွန်သမျှ ပြစ်မှုများကို မှတ်တမ်းပြုစု၍ ပြည်တွင်းပြည်ပတွင် ဥပဒေကြောင်းအရ တရားစွဲရန် ပြင်ဆင်နေသည်။

ဓာတ်ပုံ – သီဟ

၅ ရာခိုင်နှုန်း CDM

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသက် ၆၅ နှစ်ရှိပြီဖြစ်သောကြောင့် စစ်တပ်မှ မဖြစ်မနေထွက်ခွာရမည့် လပိုင်းအလိုတွင် မဲစာရင်းအကြောင်းပြ အာဏာသိမ်းကာ နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် လုပ်ရပ်သည် အဓမ္မအာဏာသိမ်းခြင်းသာဖြစ်ကြောင်း ပြည်သူအများစုက ရှုမြင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြသလို နိုင်ငံရေးပါတီကြီးများကလည်း ရှုတ်ချခဲ့ကြသည်။

သို့သော် နိုင်ငံ၏ အာဏာကြီးသုံးရပ်အနက် တရားစီရင်ရေးအာဏာကိုင်စွဲထားသည့် ဌာနတွင် CDM ဝန်ထမ်း ၅ ရာခိုင်နှုန်းသာရှိသည်။ ဦးမင်းနောင်ခိုင်သည် ကိုယ်ပိုင်ဆန္ဒ၊ ယုံကြည်ချက်များဖြင့် ထိုလူနည်းစုထဲ ပါဝင်ခဲ့သည်။

“ဆက်လုပ်နေလို့ရော ဘာထူးမလဲဗျာ။ ဘယ်ကဏ္ဍကမှ တရားဥပဒေစိုးမိုးမှုဆိုတာ ရှိတော့မှာမှ မဟုတ်တာ။ စစ်တပ်ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့ ညီတယ်မညီဘူးဆိုတာ တစ်နိုင်လုံးမှာမှ သူတို့အသိဆုံး” ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

“ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့်မို့လို့ ဒီလူတွေရဲ့ အောက်မှာ တာဝန်ထမ်းဆောင်စရာအကြောင်း ဘာမှ မရှိဘူး”

လက်ရှိတရားစီရင်ရေးစနစ်တွင် ရာထူးအကြီးဆုံးယူထားသူမှာ မင်းအောင်လှိုင်ကဲ့သို့ပင် လာမည့်ဇူလိုင်တွင် အသက် ၆၆ နှစ်ပြည့်မည့် တပ်အရာရှိဟောင်း ဦးထွန်းထွန်းဦးဖြစ်သည်။ စစ်တပ်၏ ၂၀၀၈ အခြေခံဥပဒေအရ သူသည် အသက် ၇၀ အထိ ပြည်ထောင်စုတရားသူကြီးချုပ် ရာထူးတွင် ဆက်ရှိနေနိုင်သည်။ သူသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ဗိုလ်မှူးအဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ဥပဒေချုပ်ရုံးဝန်ထမ်းဖြစ်ခဲ့သည်။ ၂၀၁၁ တွင် စစ်တပ်အစီအစဉ်အတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ ပေါ်ပေါက်လာချိန်တွင် သူလည်း တရားသူကြီးချုပ်ဖြစ်လာသည်။

စစ်အာဏာရှင်များ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေကြောင့်သာ တပ်အရာရှိများက နိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်ထိပ်ဆုံးနေရာတွင် ကာလကြာရှည်စွာ ကြိုးကိုင်ခြယ်လှယ်နိုင်ခြင်းဖြစ်သည်။

ထိုကြောင့် တရားစီရင်ရေးဌာနတွင် အာဏာဖီဆန်သူ နည်းခြင်းသည် ခေတ်အဆက်ဆက် ယိုယွင်းပျက်စီးလာသည့် တရားစီရင်ရေးစနစ်တစ်ခုလုံးကို ထင်ထင်ရှားရှားပြသနေခြင်းဖြစ်ကြောင်း ဦးမင်းနောင်ခိုင်က သုံးသပ်သည်။

“အဂတိလိုက်စားဖို့လည်း အကောင်းဆုံးနေရာ။ လူတွေကို နှိပ်ကွပ်ဖို့ အကောင်းဆုံးနေရာ။ တကယ်ကို အာဏာရှိတဲ့ နေရာပေါ့ဗျာ။ အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ် အကောင်းဆုံး အသုံးချလို့ကောင်းမဲ့နေရာ။ နိုင်ငံ ဘယ်လိုပဲပျက်ပျက်ဗျာ၊ အခွင့်အရေးသမားဆိုရင် ဒီနေရာကို လက်လွတ်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

“ဒီနေရာက စနစ်တကျကို ဖျက်ဆီးခံထားရတာ။ အကျင့်ပျက်တဲ့ သူတွေအတွက်က ဒီနေရာကနေ ဖယ်ပေးဖို့ဆိုတာ အင်မတန်ခက်တယ်”

စစ်ကောင်စီဘက်ကမူ အာဏာဖီဆန်သူများသည် NUG အပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နားယောင်သူများသာဖြစ်ကြောင်း ၎င်း၏ ဝါဒဖြန့်သတင်းစာများမှတဆင့် အမြဲလိုလိုတုံ့ပြန်လေ့ရှိသည်။

CDM မပါဘဲ စစ်ကောင်စီ၏ ကြိုးဆွဲ ရုပ်သေးရုပ်သဖွယ် ဆက်ကနေသည့် တရားရေးဝန်ထမ်းက ၉၅ ရာခိုင်နှုန်းရှိနေသည်။ လူထုတော်လှန်ရေးအတွင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ဖမ်းဆီးခံရပြီး ပုဒ်မမျိုးစုံတပ်ခံရသော ပြည်သူများကို ထိုသူတို့က စစ်ကောင်စီအလိုကျ အမိန့်ချစီရင်နေကြသည်။

ပြည်သူ့အစိုးရ အာဏာပြန်ရချိန်တွင် ထိုသူများ အမိန်ချစီရင်ခဲ့သော ပြစ်ဒဏ်များနှင့် ပတ်သက်၍ တစ်ဖန်ပြန်စုံစမ်းကာ ထိုက်တန်သော ပြစ်ဒဏ်ပြန်ရစေမည်ဟု NUG အတွင်းဝန်ဖြစ်သူ ၎င်းက အာမခံလိုက်သည်။

ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်သည် စစ်ကောင်စီလက်အောက်ခံတရားရုံးများကို စွန့်ခွာခဲ့သည်မှာ ၁၅ လ ကျော်ပြီဖြစ်သည်။

သူက ထိုကာလအတွင်း လမ်းပေါ်ထွက် ဆန္ဒပြရာတွင် ဦးဆောင်ခြင်း၊ ဖမ်းဆီးအကျဉ်းချခံရခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေတွင် အခြေခံစစ်ပညာသင်ကြားခြင်း စသည့် တော်လှန်ရေးမှတ်ကျောက်တင်ခံထားရသူဖြစ်သည်။

NUG ၏ တော်လှန်ရေးအနှစ်သာရသည် ခေတ်အဆက်ဆက် အကြမ်းဖက်မှုများကျူးလွန်ပြီး အရေးယူခံရမှုမှ ကင်းလွတ်ခဲ့သော စစ်အုပ်စုကို ထိုက်တန်သည့် ပြစ်ဒဏ်ပေးနိုင်ရေးဖြစ်သလို ၎င်း၏ ရည်မှန်းချက်မှာလည်း စစ်အာဏာရှင် အဆုံးသတ်ရေးသာဖြစ်ကြောင်း သူက ပြောသည်။

“ကျွန်တော်က စစ်တိုက်တာတော့ မဟုတ်ဘူးပေါ့၊ တိုင်းရင်းသားတွေ ပြောကြတာ ရှိတယ်၊ ‘လူမသေ တာဝန်မကျေ’ဆိုတာ။ ကျွန်တော်လည်း အဲဒီလိုသွားမှာပဲ၊ အဆုံးထိသွားမယ်။ ကျရာကဏ္ဍကနေ ပါဝင်မယ်။ တော်လှန်ရေးမှာ ဘယ်လိုမျိုးပဲ ပါဝင်ရ ပါဝင်ရ အာဏာရှင်အမြစ်ဖြတ်သည်အထိ သွားရမှာပဲ” ဟု ဦးမင်းနောင်ခိုင်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button