သတင်း

မူဆယ်မြို့နယ် တရားသူကြီး သေနတ်ဖြင့် ‌လေးချက်ပစ်သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့ (အောက်တိုဘာ ၆) ညနေပိုင်းက မြို့နယ်တရားသူကြီးတစ်ဦး သေနတ်ဖြင့် လေးချက်ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားသည်။

ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်ထားသည့် အိမ်စီးကားပေါ်ရှိ  ၃၇ နှစ်အရွယ် ဦးရာဇာမင်းစိုးကို ဆိုင်ကယ်ဖြင့် ရောက်လာသည့် သေနတ်သမားနှစ်ဦး က ပစ္စတိုဖြင့် အနီးကပ်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ပွဲချင်းပြီးဆုံးတာပဲ။ ကားပေါ်မှာ ဆုံးနေပြီ၊ ကားပေါ်မှာကတည်းက အသက်မရှိတော့ဘူး။ သူက ကားပေါ်မှာ တစ်ယောက်တည်း” ဟု ၎င်းက ဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်းအများအပြား လှုပ်ရှားနေသည့် မူဆယ်မြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို မသိရကြောင်း ၎င်းက ဆက်ပြောသည်။

Myanmar Now က ကြည့်ရှု့ခွင့်ရသည့် CCTV မှတ်တမ်းတစ်ခုတွင် ကားလမ်းမဘေးတွင် ရပ်ထားသည့် ကားအဖြူအနီး ရောက်လာသည့် ဆိုင်ကယ်ပေါ်မှ တစ်ဦးက ကားရှေ့မှနေ၍ ပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။

မူဆယ်မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးသည် စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲထားသူများကို ထောင်ဒဏ်ချလေ့ရှိကြောင်း၊ နိုင်ငံရေးသမားများကို နှိပ်ကွက်ကြောင်း၊ မောက်မာသူဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

ထိုစွပ်စွဲချက်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရပါ။

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများဖြင့် စည်ကားသည့် မူဆယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် တရုတ်နှင့် မြန်မာ ဂိတ်များ ဖွင့်လိုက်၊ ပိတ်လိုက် အခြေအနေဖြစ်လာခဲ့ပြီးနောက် မူးယစ်ဆေး၊ လောင်းကစားနှင့် ရာဇဝတ်မှုများ အထူးများပြားလာသည်ဟု မြိုခံအချို့ထံ မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၃ရက်ကပင် မူဆယ်မြို့ သိန်းသန်းချီကားကြီးဝင်းအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ ၃ ကို အမည်မသိ သေနတ်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ရာ သုံးဦးသေ၊ တစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်း သတင်းများက ဆိုထားသည်။

ဩဂုတ်လကလည်း မူဆယ်မြို့မဈေးအနီး မီးပွိုင့်ထောင့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သေးသည်။

ဇူလိုင် ၃၁ ရက် ညပိုင်းက မင်္ဂလာမူဆယ်မြို့သစ်ရှိ ကိုးထပ်တိုက်အဆောက်အအုံတွင် တရုတ်လူမျိုးများ ဖွင့်လှစ်ထားသည့် လောင်းကစားရုံကို စစ်ကောင်စီက ဖြိုခွင်းပြီးနောက် ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်ဟု မြို့ခံအချို့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button