သတင်း

တိုင်းဒေသကြီးလွှတ်တော်ထဲက အသံများ

ရန်ကုန် နှင့် ပုသိမ် − ပြန်လည် စတင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ ကိုယ်စားလှယ်အသစ်တွေ ပါဝင်သလို လွှတ်တော်အတွေ့အကြုံရှိပြီးသူတွေလည်း ပါပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကို တက်ရောက်နေသူတွေထဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကို ကိုယ်စားပြုသူတချို့၊ တပ်မတော်သားကိုယ်စားလှယ် တချို့ ပြောပြထားတဲ့ အတွေ့အကြုံ၊ အယူအဆ၊ မျှော်လင့်ချက်တွေအကြောင်း ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်ခင်စောမူ၊ ပြည်ခိုင်ဖြိုး
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့် မဲဆန္ဒနယ် ၂

အင်အားကြီးလို့လည်း အင်အားနည်းတဲ့အပေါ်မှာ ကြီးနိုင်ငယ်ညှဉ်းမရှိခဲ့သလို၊ အင်အားနည်းလို့လည်း စိတ်အားငယ်တာမျိုးလည်း မရှိပါဘူး။ ရည်ရွယ်ချက်တူတယ်လို့ပဲ ယူဆထားပါတယ်။

ဝန်ကြီးနေရာအတွက်တော့ မမျှော်လင့်ထားပါဘူး။ ကိုယ့်ဒေသအတွက် အကျိုးစီးပွားကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် ဘယ်လိုတာဝန်တွေပဲပေးလာလာ ဆောင်ရွက်သွားမယ်။

အားလုံး သိကြတဲ့အတိုင်း (ပါတီအဖြစ် အသွင်မပြောင်းခင်က) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးအသင်းဆိုတာဟာ လူမှုရေးလုပ်ငန်းတွေကို အခြေခံပြီးတော့ ဆောင်ရွက်ခဲ့တာ။ ဒီလို ဆောင်ရွက်ရင်းနဲ့ နိုင်ငံရေးကို စိတ်ဝင်စားခဲ့တာပါ။

ဒေါက်တာထိန်ဝင်း၊ ပြည်ခိုင်ဖြိုး
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မဲဆန္ဒနယ် ၁

နိုင်ငံရေးဆိုတာ ခံစားချက်နဲ့လုပ်ရတာ မဟုတ်ဘူး။ ယုံကြည်ချက်နဲ့ လုပ်ရတာပါ။ ဒုတိယအကြိမ်လွှတ်တော်က ပြည်သူ့အကျိုးကို ပိုပြီးတော့ ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးဆိုတာကတော့ ဒီလိုပဲ ၅နှစ်တစ်ကြိမ် အလှည့်အပြောင်းတော့ ရှိပါတယ်။

မန်းဂျော်နီ၊ NLD
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မဲဆန္ဒနယ် ၂

ဝန်ကြီးချုပ်ရာထူးပေးရင်လည်း ဆောင်ရွက်သွားမှာပေါ့။ မပေးလည်း ဝမ်းနည်းတာမျိုးလည်း မရှိပါဘူး။ ချတဲ့နေရာမှာ အဆင်သင့်နေဖို့ပါပဲ။ (ဝန်ကြီးချုပ်ဖြစ်ခဲ့ရင်တော့) တိုင်းဒေသကြီးမှာ ရှိတဲ့ ဝန်ကြီးဌာနတွေ ဖြုတ်သင့်တဲ့ဟာတွေကို ဖြုတ်မှာပါပဲ၊ တိုးသင့်တဲ့ဟာတွေကိုတော့ တိုးမှာပါပဲ။ သတ္တိရှိရှိတော့လုပ်မှာပဲ။

အခြေခံဥပဒေမှာ ပေးထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်၊ အစိုးရအဖွဲ့တွေရဲ့ ရပိုင်ခွင့်တွေဟာလည်း လုံလောက်မှု မရှိပါဘူး။

ဦးတင်စော၊ NLD
ဧရာဝတီတိုင်းဒေသကြီး
(ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် လျာထားခံရသူ)

ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်နဲ့ ရခိုင်က အများဆုံးရှိပါတယ်။ တစ်တိုင်းလုံးအတွက် ပြိုင်ရတာပါ၊ ငပုတောဘက်ကတော့ မဲအများဆုံးရခဲ့ပါတယ်။ ကိုယ့်လူမျိုးတွေအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်ပေးဖို့ပဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ တိုင်းရင်းသားရေးရာဝန်ကြီးရာထူးအတွက်ကတော့ သေချာသလောက်တော့ ရှိနေပါပြီ။

လယ်သိမ်း၊ ယာသိမ်း အချက်အလက်တွေ ဘာမှ သေသေချာချာ မသိရသေးဘူး။ နောက်ပိုင်းမှ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားရမှာပါ။

ဒေါ်လှမြတ်သွေး၊ NLD
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မဲဆန္ဒနယ် ၂

လယ်ယာမြေကိစ္စ အကောင်းဆုံး ဘယ်လိုဖြေရှင်း ညှိနှိုင်းသွားရမလဲလို့ စဉ်းစားထားပါတယ်။ ရေကြည် (မြို့နယ်အတွင်း) မှာ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ၅ ရာခိုင်နှုန်း လောက်တောင် (ပြန်) မရခဲ့ပါဘူး၊ ဥပဒေထဲမှာ မပါတဲ့ ညွှန်ကြားချက်တွေကြောင့် မရတာ များပါတယ်၊ ဥပမာအားဖြင့်ဆိုရင် ၅နှစ်ဆက်တိုက် လုပ်တဲ့လူကို ပေးရမယ် ဆိုတဲ့ အချက်မျိုးပေါ့။

ဦးတင်ဝင်း၊ ပြည်ခိုင်ဖြိုး
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမဲဆန္ဒနယ် အမှတ် ၁

ရန်ကုန်တိုင်းမှာဆိုရင် ယာဉ်ကြောပိတ်မှု ပြဿနာ၊ ကျူးကျော်ပြဿနာတွေရှိနေတယ်။ မဖြေရှင်းဘဲ ဒီတိုင်းထားလို့ မရပါဘူး။ လက်ရှိကျူးကျော်ဖြေရှင်းမှုတွေက ဥပဒေအရဖြေရှင်းနေတာဖြစ်တဲ့အတွက် ဘာမှအထွေအထူးပြောစရာ မလိုပါဘူး။

ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းရဖို့ကို အဓိကထားမယ်။ လူတိုင်းမှာ အလုပ်ရှိနေမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက လမ်းစပေါ်လာမှာပါ။

အာဏာကို ဗဟိုက မချုပ်ကိုင်ထားသင့်ပါဘူး။ တိုင်းနဲ့ပြည်နယ်ကလည်း လုပ်ပိုင်ခွင့် ရှိသင့်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပြောင်းရွှေ့ခွင့်တွေကို တိုင်းဒေသကြီးကို လုပ်ကိုင်ခွင့်ပေးဖို့ လိုပါတယ်။

ဦးအောင်နိုင်၊ ပြည်ခိုင်ဖြိုး
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမဲဆန္ဒနယ် ၂

ကိုကိုးကျွန်း မဲဆန္ဒနယ် ဆိုတာကလည်း ထူးခြားတဲ့နေရာ၊ ပြီးခဲ့တဲ့ သက်တမ်းတုန်းကလည်း ကျွန်တော်က ဒီနယ်ကိုယ်စားပြုပါတယ်၊ အခု ဒုတိယသက်တမ်းမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ ထပ်လုပ်ဦးမှာပါ။

NLD ဦးဆောင်တဲ့ လွှတ်တော်၊ အစိုးရကလည်း NLD ဦးဆောင်တဲ့အစိုးရ ဆိုပေမယ့် လွှတ်တော်မှာ ကျွန်တော်တို့လည်း ပါနေတဲ့အတွက် အပြန်လှန်ထိန်းကျောင်းနိုင်မယ်လို့တော့ ထင်တယ်။

ရန်ကုန်တိုင်းမှာ လမ်းပိတ်ဆို့နေတာတွေ၊ ကျူးကျော်တွေ၊ ဒါတွေကို လွှတ်တော်မှာ တင်ပြဖို့ ရှိပါတယ်။

ဗိုလ်မှူး ကျော်ဇင်ဦး၊ တပ်မတော်သားကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး

(လွှတ်တော်ထဲ) ဆုံးဖြတ်ကြတယ်၊ ကောင်းရာကောင်းကျိုးအတွက် ဆွေးနွေးကြတယ်၊ ဥပဒေတွေ ပြုကြတယ်၊ ဒါတွေက အမှတ်ရစရာပါပဲ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ပဲ လိုတယ်လေ။

ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ တပ်မတော်သားကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး (လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး)

ဘယ်လိုကိစ္စရပ်တွေကို အဓိကဖြေရှင်းရမလဲဆိုတာက လာမယ့်အစိုးရရဲ့မူပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးပြီးသွားရင်တော့ သူချလိုက်တဲ့မူအတိုင်း ကျွန်တော်တို့ဘက်က လုပ်ရမှာပေါ့။

ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားပါတီ
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်
(လက်ရှိ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး)

များသောအားဖြင့် ဒီမိုကရက်တစ်အမတ်တွေဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဥပဒေနဲ့အညီ အားလုံး လုပ်သွားမယ်လို့ ပြောသွားတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ သူဆောင်ရွက်သွားမယ် ဆိုတော့ အရင်သက်တမ်းထက် ဒီသက်တမ်းက ပိုကောင်းလာလိမ့်မယ်၊ ပိုပြီးတော့ အစိုးရကို ထိန်းကျောင်းနိုင်လိမ့်မယ်လို့ ထင်တယ်။

ဦးတင်မောင်ထွန်း၊ NLD
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ

လူနည်းစုဖြစ်တဲ့ ကြံ့ခိုင်ရေးအမတ် ၃ ဦးဆိုတာကလည်း လွှတ်တော်ကိုယ်စားလှယ်တွေပဲလေ။ သူတို့လည်း နိုင်ငံသားပဲလေ။ နိုင်ငံတိုးတက်ဖို့အတွက် လုပ်မယ့်လူတွေပဲလေ။

လွှတ်တော်ဥက္ကဋ္ဌတာဝန်တွေကို အဟောင်းကနေ အသစ်ကို လွှဲပြောင်းယူရာမှာ အခုထိ ဘာမှအခက်အခဲမရှိပါဘူး။ ကျွန်တော်တာဝန်ယူမယ့် ၅ နှစ်တာအတွင်း ကိုယ့်တိုင်းပြည်၊ နိုင်ငံသားတွေ အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်သွားပါ့မယ်။

Show More

Related Articles

Back to top button