သတင်း

NLD နေပြည်တော်အမတ် ၃ ဦး အမိန့်ချပြီး ရမည်းသင်းထောင်ပို့ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ် ၃ ဦးကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင် သီးသန့်တရားရုံးတွင် ထောင်ဒဏ်များချမှတ်ကာ မန္တလေးတိုင်းရှိ ရမည်းသင်းထောင်သို့ ပို့လိုက်သည်။

ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ဒက္ခိဏသီရိမြို့နယ်မှ ဦးသန့်ဇင်ထွန်းနှင့် ဥတ္တရသီရိမြို့နယ်မှ ဦးကျော်မင်းလှိုင်တို့ကို သက်ဆိုင်ရာ မြို့နယ်တရားသူကြီးများက ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် ယနေ့ (မတ် ၂၄) တွင် ထောင်သုံးနှစ်စီ ချခဲ့သည်ဟု တရားခွင်နှင့် နီးစပ်သူက အတည်ပြုသည်။

ထိုနှစ်ဦးစလုံးမှာ အာဏာသိမ်းပြီး မကြာမီကတည်းက နေပြည်တော်တွင် ဖမ်းခံခဲ့ရခြင်းဖြစ်သည်။

ဦးသန့်ဇင်ထွန်းကို ဝန်ထမ်းများ CDM ဝင်ရန် လှုံ့ဆော်မှုဖြင့် ဇန်နဝါရီလတွင် လယ်ဝေးမြို့နယ်တရားရုံးက အလားတူပုဒ်မဖြင့် ထောင် ၃ နှစ် ချပြီးဖြစ်၍ ၎င်းမှာ ထောင်ဒဏ်စုစုပေါင်း ၆ နှစ် ရင်ဆိုင်ရမည်ဖြစ်သည်။

ဦးကျော်မင်းလှိုင်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော်ရှိ ကုလသမဂ္ဂရုံးရှေ့ဆန္ဒပြပွဲ ဦးဆောင်မှုဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

မန္တလေးတိုင်း ပြည်ဦးလွင်မြို့တွင် ၂၀၂၁ မတ်လအတွင်း ဖမ်းဆီးခံရပြီး ပုဒ်မ ၃ ခုဖြင့် စွပ်စွဲခံထားရသည့် ဦးမောင်မောင်ဆွေမှာမူ ပုဒ်မ ၅၀၅-က ဖြင့် ပုဗ္ဗသီရိမြို့နယ်တရားရုံးက ယမန်နေ့ (မတ် ၂၃) တွင် ထောင် ၂ နှစ် ချခံရပြီး နေ့ချင်းပင် ရမည်းသင်းထောင်သို့ ပို့လိုက်သည်ဟု အထက်ပါ တရားရုံးသတင်းရင်းမြစ်က ပြောသည်။

ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ရွေးကောက်ပွဲမသမာမှုဆိုင်ရာ ပုဒ်မ ၁၇၁(စ)၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် စီးပွားဆိုင်ရာ မသမာမှု ပုဒ်မ ၁၆၈ ဖြင့် ထပ်မံရင်ဆိုင်ရန်ရှိသည့် ဦးမောင်မောင်ဆွေ၏ အမှုကိစ္စများနှင့် မည်သည့်နေရာ၌ ရုံးတင်စစ်ဆေးမည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုသုံးဦးစလုံးမှာ ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သူများဖြစ်သည်။

တည်ဆဲအစိုးရ NLD ကို ဖြုတ်ချ၊ ထိုပါတီ ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်တွင် ယခုနှစ် မတ် ၁၄ ရက်အထိ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၈၃၂ ဦးကို စစ်ကောင်စီက ဖမ်းထားသည်ဟု NLD လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

NLD ခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ်များပြားသည့် အဂတိမှုများအပါအဝင် ရွေးကောက်ပွဲမသမာမှုဖြင့်ပါ စစ်ကောင်စီက တရားစွဲ ထောင်ချနေသည်။

သို့သော် ရွေးကောက်ပွဲ မဲမသမာ၍ အာဏာယူရသည်ဟု အကြောင်းပြထားသည့် စစ်ကောင်စီမှာ ပြီးခဲ့သည့် တစ်နှစ်အတွင်း မဲတစ်ကြိမ်ထက်ပိုပေးသူ ၂၀၀၀ ကျော်ခန့်ကိုသာ ဖော်ထုတ်ထားနိုင်သေးသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button