သတင်း

ချင်းပြည်နယ် အနိုင်ရ NLD အမတ်နှစ်ဦး ကန့်ကွက်လွှာ တင်သွင်းခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ချင်းပြည်နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်လောင်း နှစ်ဦးသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသည်။ 

ကန့်ကွက်ခံရသူ ပလက်ဝမြို့နယ်မဲဆန္ဒနယ်မှ ဦးစိန်အောင်၊ ဖလမ်းမြို့နယ်မဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်းဗဲလ်တို့သည် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်သည်။ 

ဦးစိန်အောင်ကို ရွေးကောက်ပွဲတရားမမျှတမှု၊ မသမာသည့် နည်းလမ်းဖြင့် မဲရရှိခဲ့သည်ဆိုသော အချက်များဖြင့် ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဆလိုင်းခွဲယန်က ပြောသည်။ 

ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် NLD ပါတီက မဲပေးရမည့်သူများရှိနေသော စစ်ရှောင်စခန်းများတွင် အစားအစာများဝေငှခဲ့မှု၊ မဲဆွယ်စည်းရုံးမှုအားလုံး ရပ်တန့်ထားရမည့် ရွေးကောက်ပွဲမတိုင်မီ ၁ ရက်အလိုတွင် မဲဆွယ်စည်းရုံးခဲ့မှုတို့ကြောင့် တိုင်ကြားရခြင်း ဖြစ်သည်ဟု ၎င်းက စွပ်စွဲလိုက်သည်။

” မဲ မထည့်ရမယ့်နေရာက စစ်ဘေးရှောင်ကိုတော့ အသား၊ ငါးတွေ မပေးဘဲနဲ့ မဲထည့်လို့ရမယ့်နေရာကိုပေးတော့ ဒါက သိသိသာသာကြီး မဲဆွယ်တာပဲဆိုတာ သက်ရောက်တယ်” ဟု  ဆလိုင်းခွဲယန်က ပြောသည်။

ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် NLD ပါတီ ဦးဆောင်ပြီး ပလက်ဝမြို့နယ်နှင့် ဆမီးမြို့ စစ်ဘေးရှောင်စခန်းတို့တွင် အစားအသောက်ဝေငှပေးခဲ့ခြင်းသည် မဲဆွယ်ရာရောက်သည်ဟု ၎င်းက ဆိုသည်။

ခိုင်လုံမဲ ကိုးထောင်ကျော် ရှိခဲ့သည့် ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD မှ ဦးစိန်အောင်က မဲ ၃၅၀၀ ကျော် ရပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကို မဲ ၂၀၀ ကျော်ဖြင့် ကပ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

NLD က အစားအစာများဝေငှခဲ့သည့် စစ်ဘေးရှောင်များက မဲပေးသည့် ဆမီးမြို့ ရပ်ကွက် ၂ ၊ အမှတ် ၃ မဲရုံတွင် NLD က မဲ ၃၀၀ ကျော် အသာရခဲ့ပြီး ယင်းက ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ဖြစ်စေခဲ့သည်ဟု ဆလိုင်းခွဲယန်က စွပ်စွဲသည်။

ပလက်ဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်ကမူ ကန့်ကွက်လွှာ တင်သွင်းခံထားရကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ပြောသည်။

ပလက်ဝမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ချင်းပြည်နယ်တွင် လွှတ်တော်သုံးရပ်ပေါင်း မဲဆန္ဒနယ် ၃၉ ခု အနက် NLD သည် လွှတ်တော်နေရာ ၃၆ နေရာအထိ အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

NLD မှ ဖလမ်းမြို့နယ်တွင် အနိုင်ရသည့် ဒေါက်တာ ဆလိုင်းရီယန်းဗဲလ်ကိုမူ သူ၏ မဲဆွယ်စည်းရုံးမှုသည် ပြည်ခိုင်ဖြိုးပါတီကို ထိခိုက်စေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကန့်ကွက်လွှာ တင်သွင်းခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

” စစ်တပ်က ကန့်ကွက်တာပါ။ နာမည်က အောင်မျိုးထွဋ် လို့ ပြောတယ်။ ခလရ ၂၆၈ ကလို့ ပြောတယ်။ ဗိုလ်မှူးလို့ ကြားတယ်” ဟု ဒေါက်တာဆလိုင်းရီယန်းဗဲလ်က ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန်အတွက် ကန့်ကွက်သူကိုလည်းကောင်း၊ တပ်မတော်ပြောရေးဆိုခွင့်ရှိသူတို့ကိုလည်းကောင်း ယနေ့ ဆက်သွယ်၍ မရသေးပေ။ 

ထိုမဲဆန္ဒနယ်တွင် ခိုင်လုံမဲ ၂၇၀၀၀ ကျော်အနက် ဒေါက်တာဆလိုင်းရီယန်းဗဲလ်သည် ခိုင်လုံမဲ ၁၆၀၀၀ ကျော် ရရှိခဲ့သည့်အတွက် ပြိုင်ဘက်ကိုယ်စားလှယ်များကို မဲအပြတ်အသတ်ဖြင့် အနိုင်ရထားခြင်း ဖြစ်သည်။ 

ဖလမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း လေးဦး ယှဉ်ပြိုင်ခဲ့ကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ်ပေါင်း  ၁၁၁၇ နေရာအနက် NLD က ၉၂၀ နေရာဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ၇၂ နေရာ အနိုင်ရရှိခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီသည် NLD အနိုင်ရမဲဆန္ဒနယ် ၂၀၀ နီးပါးအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။ 

Show More

Related Articles

Back to top button