သတင်း

ဖားကန့် NLD အမတ်နှင့် တပ်အမှု ဖေဖော်ဝါရီ ၁၉ တွင်  ဆက်စစ်မည် 

အသရေဖျက်မှုဖြင့် တပ်မတော်က တရားစွဲထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဦးခင်မောင်မြင့် ခေါ် ဦးချို၏ အမှုကို လာမည့် ဖေဖော်ဝါရီ ၁၉ တွင် ဆက်လက်စစ်ဆေးရန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တရားရုံးက ပြန်ချိန်းဆိုလိုက်သည်။

‘တပ်မတော်အကြီးအကဲများကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်သည်’ ဟု ဆိုကာ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ၂၀၂၀ ဒီဇင်ဘာ ၈ တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။ 

ယနေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်တရားရုံးမှာ ရုံးချိန်းခေါ်ယူစစ်ဆေးခဲ့ပြီး တရားလို ဒုတိယဗိုလ်မှူးကြီးသန်းထိုက်နှင့် သက်သေအချို့ လာရောက်ကြားနာခဲ့ကာ တိုင်ကြားခံရသူ ဦးခင်မောင်မြင့်မှာမူ ဖေဖော်ဝါရီလဆန်းတွင် စတင်မည့် တတိယအကြိမ်လွှတ်တော် တက်‌ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည်။ 

“ဦးခင်မောင်မြင့်ကို အမျိုးသားလွှတ်တော်က ဖိတ်ကြားတဲ့မိတ္တူတွေနဲ့ ခွင့်တိုင်ကြားထားတယ်။ တရားရုံးကလည်း လက်ခံတယ်။ စွပ်စွဲသူတွေဘက်ကလည်း ကန့်ကွက်တာ မရှိဘူး။ လာမယ့်ရုံးချိန်းကတော့ စစ်ဆေးမယ့်အခြေအနေရှိတယ်လို့ ကြိုတင်ပြောလို့ရပါတယ်”ဟု သူ၏ ရှေ့နေ ဦးသန်းထွန်းက ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၁၉ ရုံးချိန်းတွင် တရားလိုဘက်ကို အမှုစစ်ဆေးနိုင်ဖွယ် ရှိနေသည်ဟု ၎င်းထံမှ ထပ်မံသိရသည်။ 

NLD အမတ် ဦးခင်မောင်မြင့်သည် ဖားကန့်မြို့နယ်အတွင်း ဘတ်ဟိုးယန္တရားများ သိမ်းဆည်းခြင်းကိစ္စနှင့် ပတ်သက်၍ သမ္မတဦးဝင်းမြင့်ထံ ၂၀၁၉ ၊ ဒီဇင်ဘာက တင်ပြခဲ့သည့်စာတွင် တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည့် အကြောင်းအရာများ ပါဝင်သည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သော အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အစွဲခံရခြင်း ဖြစ်သည်။ 

လက်ရှိဖားကန့်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးခင်မောင်မြင့်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်၌ ထပ်မံအနိုင်ရရှိထားသူဖြစ်သည်။ 

ယနေ့ ဇန်နဝါရီ ၂၉ ရုံးချိန်းခေါ်ယူစစ်ဆေးမှုနှင့်ပတ်သက်ပြီး Myanmar Now က ပိုမိုသိရှိရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

၎င်းအမှုကို ၆ လအတွင်း အပြီးစစ်ဆေးရန် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရုံးချိန်းတွင် ဖားကန့်မြို့နယ်တရားရုံးက အမိန့်ချထားသည်။

Show More

Related Articles

Back to top button